မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ရောက်ရှိနေသောလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ သက်ကြီးပုဂ္ဂိုလ်များအတွက် ဦးစားပေးဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းသို့ သွားရောက်၍ အပူရှောင် သက်ကြီးပုဂ္ဂိုလ်များအားအပူဒဏ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပေါ်စေရေးကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်များအားအသိပညာပေးရှင်းလင်းပြောကြားပြီးနိုင်ငံတော်ယာယီသမ္မတကထောက်ပံ့သည့် ဓာတ်ဆားနှင့် အချိုရည်များအားထောက်ပံ့ပေးအပ်ကာအပူရှောင် သက်ကြီးပုဂ္ဂိုလ်များအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအားလှည့်လည်ကြည့်ရှု့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) လက္ခဏာများဖြစ်ပေါ်ပါကအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် အပူရှောင် နေ့ဘက် ပြင်ပလူနာစောင့်ရှောက်ရေးဌာန၊ Heat Stroke လူနာစမ်းသပ်ခန်း၊ ဆေးနှင့်ဆေးဝါးများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားကြည့်ရှု့ပြီးလိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့ နေအိမ်များတွင် နေထိုင်ရန် ခက်ခဲပြီးအပူဒဏ်တိမ်းရှောင်ရန် လိုအပ်သူများအတွက် အပူရှောင် စခန်းများအားမကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်နှင့် နတ်မောက်မြို့နယ်များတွင် (၁၆-၃-၂၀၂၆) ရက်နေ့မှ စတင်ဖွင့်လှစ်ပေးထားပြီးအပူရှောင်လာရောက်သူများအားသဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အပူဒဏ်ကာကွယ်နိုင်ရေးဆောင်ရန်/ ရှောင်ရန်များအားကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးခြင်းများဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမူလတန်းကြိုကျောင်းတွင် ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးလိုအပ်သည်များအားညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။





