
ငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို (၁၂-၅-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ကောင်စီဝင်နေပြည်တော်ကောင်စီ ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ(၁)၊ နေပြည်တော်မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် (၆)ခုတို့တွင် မေလ(၆)ရက်နေ့အထိ သေဆုံးသူ (၃၇၈၉)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၁၀၆)ဦးနှင့် ပျောက်ဆုံး သူ(၈၈)ဦးရှိခဲ့ပြီး ငလျင်ပြီးသကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအစိုးရမှ ဦးဆောင်၍ အားသွန် ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမြေငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေ သကြီးတို့ရှိ မသန်စွမ်းသူ(၁၁၆၇)ဦး ငလျင်ဘေးခံစားခဲ့ရသည်ကို သိရှိရပါကြောင်း၊ သဘာဝဘေးကြုံ တွေ့ချိန်တွင် မသန်စွမ်းသူများသည် ပိုမိုထိခိုက်လွယ်သည့် အခြေအနေရှိသူများဖြစ်သောကြောင့် ၎င်း တို့၏ လက်တလောသက်သာချောင်ချိရေး တစ်စိတ်တစ်ပိုင်း အထောက်အပံ့ဖြစ်စေရန်အတွက် ငလျင် ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား အထူးအခြေအနေတရပ်အဖြစ်ထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူ(၁၁၂၆)ဦးအား တစ်ဦးလျှင် ကျပ်(၃၀,၀၀၀/-) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၃.၇၈၀)သန်း အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ စီမံကိန်းနယ်မြေများသတ်မှတ်၍ နှစ်အလိုက်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် (၂၄) ခုတို့တွင် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မသန်စွမ်းသူ(၈၂၄၈)ဦးအား မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူမှတ်ပုံတင်ထားခြင်းဖြင့် ကြုံတွေ့ခဲ့ရသည့် အင်အားပြင်းငလျင် ကဲ့သို့ သဘာဝဘေးကြုံတွေ့ရချိန်တွင် မသန်စွမ်းသူများ၏အချက်အလက်များအား အလွယ်တကူရရှိပြီး ထောက်ပံ့ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိသည့် မသန်စွမ်းသူများ အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ မသန်စွမ်းသူ (၆၇၁၁)ဦးအား မသန်စွမ်းထောက်ပံ့ ကြေး စုစုပေါင်းငွေကျပ် (၂၁၃.၆၉)သန်း ထောက်ပံ့ပေးအပ်ခဲ့နိုင်ပြီဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေဆပ်ကော်မတီကိုဖွဲ့စည်းထားရှိပြီး မသန်စွမ်းမှုအမျိုးအစားအလိုက် ဘေးအန္တရာယ်မဖြစ် ပွားမီ၊ ဘေးအန္တရာယ်ဖြစ်ပွားစဉ်နှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရင်ဆိုင်ကြုံတွေ့ရမည့် ကိစ္စရပ် များတွင် ကြိုတင်ပြင်ဆင်နိုင်ရန်၊ ထိရောက်စွာတုံ့ပြန်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးတို့အတွက် “မသန် စွမ်းသူများအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးစံလုပ်ငန်းစဉ်”ကို ပြုစုရေးဆွဲလျက်ရှိပါ ကြောင်းနှင့် သဘာဝဘေးကြုံတွေ့လာပါက ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် မသန်စွမ်းသူများ ပူးပေါင်းပါဝင်နိုင် မည့်အခြေအနေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေ ဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အဖက်ဖက်မှ ပူးပေါင်းပါဝင်ပေးကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ငလျင်ဘေးခံစားခဲ့ရ သည့် မသန်စွမ်းကိုယ်စားလှယ်များအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။