- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်းကို ၁၁-၂-၂၀၂၆ ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မန်းသိရိန်ဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်မြို့နယ်ဥပဒေအရာရှိက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများ၊ မသန်စွမ်းသူများနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ မသန်စွမ်းမှုဆိုင်ရာဝေါဟာရ အသုံးအနှုန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ မသန်စွမ်းအသင်းဥက္ကဋ္ဌက တက်ရောက်လာသော သင်တန်းသား/သူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အထက်ပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ မန္တလေးတိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများများ၊ မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး၊ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းတက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလကို(၂)ရက်ကြာ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါမြို့နယ်အတွင်း နေထိုင်သည့် မသန်စွမ်းသူများမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် လိုအပ်သည့် အထောက်အထားများနှင့်အတူ ပူးတွဲ၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ လာရောက်လျှောက်ထားခဲ့ပါကြောင်း သတင်းရရှိပါသည်။



