၂၀၂၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၏အမြင့်ဆုံးအပူချိန်သည် ၄၃.၀ (C) ရှိခဲ့သည့်အတွက် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် အဆင့်(၁)ဝင်ရောက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့၏နေအိမ်များတွင် နေထိုင်ရန်ခက်ခဲသဖြင့် အပူဒဏ်ကို တိမ်းရှောင်ရန်လိုအပ်မည့်သူများအပူရှောင်စခန်း၌ လာရောက်နားခိုနိုင်ရေး အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းက မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့အပူရှေုာင်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် သာသနာ့ဗိမာန်(အောက်ထပ်)တွင်အပူရှောင်စခန်းဖွင့်လှစ်ရန်တင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ထိခိုက်လွယ်အုပ်စုဝင်များအပါအဝင် ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေး အပူဒဏ်ကာကွယ်ရေးနည်းလမ်းများကို ကိုယ်တိုင်လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များအား ရှင်းလင်းပြောကြားပြီး ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်ရန်မှာကြားပါသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတက ပေးအပ်သော အလှူငွေကျပ်သိန်း(၃၀၀)နှင့်တန်ဖိုးငွေကျပ်(၉,၀၈၀,၀၀ဝ)ရှိ ဓာတ်ဆားနှင့် အချိုရည်များအားလည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကထောက်ပံ့သည့်ထောက်ပံ့ငွေနှင့် အချိုရည်၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသုံးပစ္စည်းများအားလည်းကောင်းပြည်ထောင်စုဝန်ကြီးများက တာဝန်ရှိသူများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖွင့်လှစ်မည့် အပူရှောင်စခန်းတွင် နားနေဆောင်၊ ထမင်းစားခန်း၊ သန့်စင်ခန်း၊ ယာယီဆေးခန်း၊ စကုမြို့၊ အောင်သုခကျောင်းတိုက်၊မိုးကုတ်ဝိပဿနာဓမ္မရိပ်သာနှင့် မင်းဘူးမြို့သာသနာ့ဗိမာန်တွင်စခန်းဖွင့်လှစ်ရန် စီမံဆောင်ရွက်ထားရှိမှုများ၊ စကုမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနွယ်ခြင်း(Heat Exhaustion)၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း(Heat Stroke) လက္ခဏာများဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု
ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့်အပူရှောင်စခန်းသို့ သွားရောက်၍ အပူရှောင်လာရောက်ကြသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍အပူဒဏ်ကာကွယ်နိုင်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များအား ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေနှင့် သောက်ရေသန့်၊ အချိုရည်များပေးအပ်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့၊ နတ်မောက်မြို့များတွင် အပူရှောင်စခန်း(၄)ခုအား (၁၆-၃-၂၀၂၆)ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရှိကာအပူရှောင်လာရောက်သူများအား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် အပူဒဏ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်းနှင့် လိုအပ်သည်များထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။




