လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်အား နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်လက်ထက်မှစ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ ခွင့်ပြုချက်ဖြင့် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ နိုင်ငံတော်ရန်ပုံငွေနှင့် ရပ်တည်သောအဖွဲ့ ဖြစ်သော်လည်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ငန်းစဉ်များအား နိုင်ငံတကာစံချိန်၊ စံနှုန်းများနှင့်အညီဖြစ်စေရေး လွတ်လပ်သောအဖွဲ့အစည်းတစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်းအား တိုင်းရင်းသားဘာသာ ၂၅ မျိုးဖြင့် ဘာသာပြန် ဆိုပြီးဖြစ်ပါကြောင်း၊ တိုင်ကြားစာများအား စနစ်တကျစီစစ်လက်ခံပြီး သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများသို့ ပေးပို့ဆောင်ရွက်ပေးပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အာရှ−ပစိဖိတ်ဒေသနှင့် အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများအား လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမရှိ စေရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်း ကျောင်းများအား သွားရောက်လေ့လာပြီး အစီရင်ခံစာများကိုလည်း နိုင်ငံတော်အစိုးရသို့ တင်ပြခဲ့ ပါကြောင်း၊ ကော်မရှင်အနေဖြင့်အခွင့်အရေးရပါက IDP စခန်းများသို့လည်း သွားရောက်လေ့လာ လိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးရာတွင် မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ စသည့်ထိခိုက်လွယ်အုပ်စုများအတွက် ကူညီဆောင်ရွက်ပေးနေပါ ကြောင်း၊ ထိန်းသိမ်းခံရသော လူငယ်များတွင် အသက်(၁၈)နှစ်မပြည့်သေးသူများကို မိမိတို့ဝန်ကြီး ဌာနအောက်ရှိ သန်လျင်လူငယ်သင်တန်းကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိပါကြောင်း၊ ၎င်းအပြင် သင်တန်းကျောင်းရှိ တရားရင်ဆိုင်နေရသော ကလေးများ အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် တရားရင်ဆိုင်ရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့နှင့်ညှိနှိုင်း၍ လိုအပ်သောတရား ရင်ဆိုင်မှုများ မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ လူငယ်သင်တန်း ကျောင်းများကိုလည်း အနိမ့်ဆုံးရှိသင့်သည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရန် ဆောင်ရွက်ထားပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ်အုပ်စုဖြစ်သည့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရ သူများ၏ အခွင့်အရေးများ ရရှိစေရေးအတွက်လည်း “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ” ကို ၂၀၁၉ ခုနှစ်ကပင် ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍ “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟို​ကော်မတီ”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဦးဆောင်ပါဝင်ဖွဲ့စည်းထားပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌ များဖြစ်ပါကြောင်း၊ ယင်းကော်မတီတွင် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနေထိုင်ရာ စခန်းများသို့   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသွားရောက်သည့် ခရီးစဉ်တွင် အဖွဲ့ဝင်အနေဖြင့်လိုက်ပါခဲ့ပြီး လိုအပ်သောရိက္ခာထောက်ပံ့မှုများ ပေးအပ်ခဲ့ပါကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးစခန်းရှိ နေရပ်စွန့်ခွာသူများနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးထားရှိပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အရေအတွက်တိုးလာသည့် နေရပ်စွန့်ခွာသူများအတွက် ပြည်နယ်မှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေပါကြောင်း ဆွေးနွေးပါသည်။

အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်ကလည်း ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့သည့် “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ”ကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲခဲ့မှု၊ စခန်းပိတ်သိမ်းရေးသာမက နေရပ်စွန့်ခွာသူများ၏ အခြေခံလိုအပ်ချက်များ ဖြစ်သည့် အခြေခံအဆောက်အအုံလိုအပ်ချက်များရရှိစေရေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု များရရှိစေရေးနှင့် အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ သတင်းအချက် အလက် လက်လှမ်းမီရရှိစေရေး၊  နိုင်ငံသားအထောက်အထားကဒ် တစ်မျိုးမျိုး ရရှိစေရေး စသည့်အခြေခံအချက်များ ထည့်သွင်းရေးဆွဲထားပါကြောင်း ရှင်းလင်းတင်ပြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေ၊ ပုဒ်မ ၂၂(က) ပါ လုပ်ငန်းအရ လူမှုဝန်ထမ်းဦးစီးဌာနက လူ့အခွင့် အရေးနှင့်စပ်လျဉ်း၍ အများပြည်သူ အသိပညာပေးလုပ်ငန်းများတွင် ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကော်မရှင်ဥပဒေ ပုဒ်မ ၄၃ အရ လူငယ်သင်တန်းကျောင်းများသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြည့်ရှု့စစ်ဆေးပြီး ပေးပို့လာသည့် အကြံပြု ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ပြန်လည်ထူထောင်ရေး ဦးစီးဌာနအသစ်ဖွဲ့စည်းမှုနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာသင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားရှိမှုများ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ရေးဆွဲထားရှိတင်ပြထားသော ဥပဒေ၊ နည်းဥပဒေများ၏ နောက်ဆုံးတိုးတက်မှုအခြေအနေများ မျှဝေပြီး ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR