ရာသီဥတုအခြေအနေအရ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝဘေးစီမံခန့်ခွဲမှုဆောင်ရွက်ရာ၌ ကြိုတင်ပြင်ဆင်မှုအဓိကအရေးကြီးကြောင်း၊ ကောင်းမွန်စွာကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါက ထိခိုက်ဆုံးရှုံးမှုများလျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိအခြေအနေအရ မြစ်ရေအခြေအနေများကိုကြည့်ပါက မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့များတွင် စိုးရိမ်ရေအမှတ်များသို့နီးကပ်နေသည်ကိုတွေ့ရှိရကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စိုးရိမ်ရေအမှတ်များသို့ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရပါကြောင်း၊ တရုတ်နိုင်ငံဘက်တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသဖြင့် ယခုနှစ် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုတွေ့ရပါကြောင်း၊ ရေကြီးရေလျှံမှုနှင့်နောက်ဆက်တွဲဖြစ်ပေါ်တတ်သည့် အန္တရာယ်များဖြစ်ပေါ်နိုင်မှုကိုလည်း အလေးထားဆောင်ရွက်ထားရန်လိုကြောင်း၊ ယခင်အတွေ့အကြုံများ၊ စီမံချက်များလည်းရှိပြီးဖြစ်သဖြင့် စီမံချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့လည်း တင်ပြဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများအနေဖြင့် မိမိလက်အောက်ရှိ ခရိုင်၊ မြို့နယ်ရုံးများကိုလည်း ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုတို့အတွက် အဆင်သင့်ဖြစ်နေစေရေးနှိုးဆော်၊ ကြီးကြပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို Check List များဖြင့် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက စီမံချက်များကို ပြန်လည်ဆန်းစစ်၍ လိုအပ်ချက်များရှိပါကလည်း ပြင်ဆင်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့လည်း လိုအပ်သည်များ တင်ပြ၊ ညှိနှိုင်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်၊ သတင်းဖလှယ်ခြင်းများဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ယခုကာလတွင် သာမန်အချိန်ထက် ပိုမိုဂရုပြုဆောင်ရွက်ထားကြရန် ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ ဌာနကြီးမှူးက ၂၀၂၂ခုနှစ်၊ ဇွန်လအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးရွာသွန်းမှုအခြေအနေများ၊ မြစ်ရေအခြေအနေများ၊ လာနီညာ ဖြစ်ပေါ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ က တင်ပြရာတွင် ကချင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုစတင်ဖြစ်ပေါ်လျက်ရှိမှု၊ ဘေးလွတ်ရာနေရာများသို့ပြောင်းရွှေ့နေထိုင်မှု၊ ထောက်ပံ့ထားရှိမှုအခြေအနေများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ လူအင်အား၊ ပစ္စည်းအင်အား စုဖွဲ့ဆောင်ရွက်မှု၊ ဘေးလွတ်ရာနေရာများရွေးချယ်သတ်မှတ်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ အသင့်ဖြစ်စေရေးဆောင်ရွက်ထားမှု၊ လိုအပ်ပါက အရေးပေါ်အစားအစာများ အမြန်ဆုံးရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ သတင်းအချက်အလက်ဖလှယ်ရရှိရေး ဆောင်ရွက်ထားရှိမှု၊ ပြည်သူသို့ သတင်းအချက်အလက်များ၊ ကြိုတင်သတိပေးချက်များ ဖြန့်ဝေနိုင်ရေးဆောင်ရွက် ထားရှိမှု စသည့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေးနွေးရာတွင် လုပ်ငန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ချိတ်ဆက် ဆောင်ရွက်ထားရန်နှင့် သတင်းအချက် အလက်များ အချိန်နှင့်တပြေးညီရရှိစေရေး ဆောင်ရွက်ထားရန်လိုကြောင်း၊ လိုအပ်ချက်များ ကိုလည်း စိစစ်တင်ပြရန်လိုကြောင်း ဖြည့်စွက် ပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ဆွေးနွးတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း လမ်းညွှန် ဆောင်ရွက်ပေးခဲ့ပါသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုများဖြစ်ပေါ်ပြီး အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများသို့ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ရာ (၂၀-၆-၂၀၂၂)ရက်နေ့ အခြေအနေအရ ရွှေကူမြို့တွင်အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၆၉)ဦး၊ ဗန်းမော်မြို့တွင် အိမ်ထောင်စု(၂၆၉)စု၊ လူဦးရေ(၁၀၂၂)ဦး၊ မြစ်ကြီးနားမြို့တွင် အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၈၉)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၃၀၂)စု၊ လူဦးရေ(၁၁၈၀)ဦးတို့ကို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံး စသည့် ဘေးလွတ်ရာနေရာများသို့ ခေတ္တရွှေ့ပြောင်းထားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR