သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။ အခမ်းအနားသို့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ပါမောက္ခချုပ်၊ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကနှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုဂုဏ်ပြုသောအားဖြင့် အကြိုအသိပညာပေးလှုပ်ရှားမှုအဖြစ် သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေကြောင်း၊ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များပိုမိုကြုံတွေ့နေရပြီးသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေမှုများဖြစ်ပေါ်နေရကြောင်း၊ ယခင်ကဘေးအန္တရာယ်လျှော့ချရေးကိုသာအလေးထားဆောင်ရွက်လျက်ရှိရာမှမျက်မှောက်ကာလတွင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးကိုဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုထွန်းကားလာမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့များပြားလာမှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများပြားလာမှု၊ကမ္ဘာကြီးပူနွေးလာမှုတို့ကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုဖြစ်စေကြောင်း၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့်သစ်ပင်သစ်တောများထိန်းသိမ်းခြင်း၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများသည်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးတွင် အဓိကကျသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၌ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ၂၀၁၅ ခုနှစ်၌ ရေကြီးရေလျှံခြင်း၊ ၂၀၂၃ ခုနှစ်၌မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ၂၀၂၄ ခုနှစ်၌ ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသောရေကြီးရေလျှံခြင်းအစရှိသောဘေးအန္တရာယ်များကြုံတွေ့ခဲ့ပြီးသဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေခဲ့ကြောင်း၊သစ်တောပြုန်းတီးမှုကြောင့်မြေပြိုခြင်း၊ ရေကြီးခြင်းတို့ကဲ့သို့ ဘေးအန္တရာယ်များဖြစ်ပေါ်စေပြီးထိခိုက်ပျက်စီးမှုကြီးမားစေကြောင်း၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကိုလည်းအတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သောဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်၊ လုပ်ငန်းစီမံချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်သည် လူသားတိုင်းနှင့်သက်ဆိုင်လျက်ရှိပြီးဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးသည်လည်းအရေးကြီးသဖြင့်ဆွေးနွေးပွဲသို့တက်ရောက်လာကြသောသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများအနေဖြင့် သစ်တောပြုန်းတီးမှုလျှော့ချခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့တွင်တစ်ထောင့်တစ်နေရာမှပါဝင်ကြစေလိုကြောင်း၊ဆက်လက်ကြိုးစားကြစေလိုကြောင်းနှင့်အသိပညာ၊ဗဟုသုတများကိုမိတ်ဆွေသူငယ်ချင်းများ၊ မိဘများနှင့် မိမိပတ်ဝန်းကျင်ကို မျှဝေကြစေလိုကြောင်းပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာတွင် သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာပညာရှင်များကကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီးတက္ကသိုလ်မှ ဆရာ/ ဆရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၃၅၀)ဦးတက်ရောက်ကာသိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR