လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ(၈)ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် ၊ ၇၃ လမ်း၊ ၁၀ လမ်း နှင့် ၁၂ လမ်းကြားရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်စေရန် ရည်ရွယ်၍ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးများက တစ်နှစ်အတွင်း နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်း (After Care Services)ကို ဆောင်ရွက်ပေးခြင်း၊ ရပ်ရွာလူထုအတွင်း မူးယစ်ဆေးဝါးပြဿနာများအား ပညာပေး စည်းရုံးဆောင်ရွက်ခြင်း၊ လူမှုအဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိသော ရပ်ရွာလူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စခန်းတွင် ၂၀၁၈ ခုနှစ်မှစ၍ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများကို သင်တန်း(၈)ကြိမ် ဖွင့်လှစ် ခဲ့ရာ သင်တန်းသား(၂၁၁)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ သင်တန်းဆင်းပြီးသော စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများအနေဖြင့် မိမိတို့၏ရပ်ရွာအတွင်း မူးယစ်ဆေးဖြတ်ပြီး ပြန်လည် ထူထောင်မှုခံယူပြီးသော သင်တန်းသားများကို နောက်တဖန် မူးယစ်ဆေးဝါးအား ပြန်လည် မသုံးစွဲ မိစေရန်အတွက် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးစွဲပြီး လမ်းမှားရောက်နေသော လူငယ်များကို လမ်းမှန်သို့ရောက်အောင် ကူညီခြင်းဖြင့် မိမိရပ်ရွာ၊ ပတ်ဝန်းကျင်ကို မူးယစ်ကင်းစင်ပြီး သာယာလှပသော နေရာဒေသအဖြစ် ဆောင်ရွက် သွားကြရန် ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး၊ မန္တလေးလူငယ်သင်တန်း ကျောင်းမှ ဦးစီးအရာရှိ၊ အမှတ်(၁၇)မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်မှုအသင်း(ဗဟို)မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မန္တလေး)နှင့် မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)ရှိ အရာထမ်း/အမှုထမ်းများ၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း တက်ရောက်မည့် သင်တန်းသား(၂၀)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၈.၁၂.၂၀၂၅)ရက်နေ့မှ (၁၂.၁၂.၂၀၂၅)ရက်နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖွင့်ပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။









