မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို  (၁၅.၁၁.၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အမျိုးသားကော်မတီအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အားသာချက်၊အားနည်းချက်များကို ပြန်လည်သုံးသပ်၍ မသန်စွမ်းသူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်း ပါ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအတည်ပြုထားရှိပြီး မကြာမီတွင် မိတ်ဆက်ဖြန့်ချိ သွားမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနကလည်း မသန်စွမ်းကလေးသူငယ်များအတွက် ပုဂ္ဂလိကပညာသင်အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်း၊ ပုဂ္ဂလိက      ပြန်လည်ထူထောင်ရေးဌာနများကို စံသတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးလျက်ရှိပါကြောင်း၊  သဘာဝဘေးလျော့ပါရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ၏ ပါဝင်မှုအားကောင်းလာစေရေးအတွက်လည်း  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊    မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ကနဦးစီမံကိန်း (၄) မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းမြို့နယ် (၁၀) ခုတွင် ဆက်လက်တိုးချဲ့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများ၏အရေးကို ဆောင်ရွက်ခြင်းသည် ပါတီနိုင်ငံရေးဆောင်ရွက်ခြင်းမဟုတ်ဘဲ မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ နေထိုင်ရပ်တည်နိုင်စေဖို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေလွယ်ကူစေရန် ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေးပုံပေးနည်းများကို မသန်စွမ်းသူများသိရှိစေရေးနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားသမား (၈၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် (၁၅) ခု၊ ငွေတံဆိပ် (၂၂)ခုနှင့် ကြေးတံဆိပ် (၁၉)ခု စုစုပေါင်း  ဆုတံဆိပ် (၅၆)ခုရရှိခဲ့ပြီး      ပြိုင်ပွဲဝင်နိုင်ငံ (၁၁)နိုင်ငံအနက်  အဆင့် (၆)နေရာ ရရှိခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နိုင်ငံတော်ကလည်း အောင်ပွဲရ မသန်စွမ်း အားကစားသမားများကို နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု များမှာလည်း မသန်စွမ်းသူများအတွက် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးခြင်းဖြင့် မသန်စွမ်းသူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့်   အားကစားကဏ္ဍတွင် ပါဝင်လှုပ်ရှားနိုင်မှုကို မြှင့်တင် လှုံ့ဆော်ပေးနိုင်မှာ  ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 အစည်းအ‌ဝေးသို့ အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့်  တိုင်းဒေသကြီး၊    ပြည်နယ်အသီးသီးမှ  ကော်မတီဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မသန်စွမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှ In Person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ် တို့ရှိ လူမှုရေးဝန်ကြီးများမှ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR