၁။ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနတို့သည် (၂၆) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံပြန်လည် အပ်နှံရေးနှင့် မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို  ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀) အချိန်၌ Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။ 


၂။ အဆိုပါ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ၊ လူမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Ms.Ramrung Worawat က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာဘက်မှ တက်ရောက်သည့် ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံ Online ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသော်လည်း နစ်နာသူများအတွက် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ (၁၀)နှစ်ခန့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စံပြနိုင်ငံများအဖြစ် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခုအချိန်ထိ (၂၆)ကြိမ် အစည်းအဝေးကျင်းပနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါများ လျှော့ချနိုင်ခဲ့ပါက နှစ်နိုင်ငံ မျက်နှာချင်းဆိုင် အစည်းအဝေးပွဲများ ပြန်လည်ကျင်းပရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြန်လည်ပြောကြား ရာတွင် ယခုအစည်းအဝေးသည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရေး အခက်အခဲရှိသည့်အတွက် ယခုလို Virtual Meeting အဖြစ် နှစ်နိုင်ငံစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (၂၁)ရာစုမှာလူကုန်ကူးမှုသည် ကြောက်မက် ဖွယ်ရာ အကောင်းဆုံးကျေးကျွန်စနစ်အဖြစ် ထွန်းကားလာပြီး ကမ္ဘာ့နိုင်ငံအားလုံးကို သက်ရောက်မှု ရှိသည့် လူမှုရေး ဆိုင်ရာပြဿနာတစ်ခုဖြစ်ပါကြောင်း၊  လူကုန်ကူးခံရသူအများစုသည် အမျိုးသမီးနှင့် ကလေးများ ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင်  အမျိုးသားဦးရေ တိုးမြှင့်လာသည်ကို တွေ့ရ ပါကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် အခြားသောနိုင်ငံများကဲ့သို့ လူကုန်ကူးမှု ပြဿနာကို ကြုံတွေ့နေရ ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၀၉ခုနှစ်တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် လုပ်ငန်းအစီအစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုတင် ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ တားဆီးနှိမ်နင်းရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါကြောင်း၊  အစည်း အဝေးများကို (၂၅) ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နစ်နာသူများ၏ လိုအပ်ချက်များကို အချိန်နဲ့တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူး တင်ရှိ ပါကြောင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု ကျင်းပသည့် (၂၆)ကြိမ်မြောက် အစည်းအဝေးမတိုင်မီ မြန်မာ Social Worker များကို ထိုင်းဂေဟာ များသို့ စေလွှတ်နိုင်ခဲ့ခြင်း မရှိသော်လည်း Video Conferencing ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  


၄။ ဆက်လက်၍ အစည်းအဝေးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များအား (၂၅) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး  ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 


၅။ (၂၆)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ (၂၀)ဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ(၂၇)ဦး၊  စုစုပေါင်း နှစ်နိုင်ငံကိုယ်စားလှယ်ပေါင်း (၄၇)ဦး တက်ရောက်ခဲ့ပြီး  အစည်းအဝေး ဆုံးဖြတ်ချက်များ ကို နှစ်နိုင်ငံအတည်ပြု ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးကို ညနေ (၀၅:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR