လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဒေါ်နန်းထွေးသူ

ဖားဆောင်းမဲဆန္ဒနယ်၊

ကယားပြည်နယ်။

ဖားဆောင်းမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းရပ် ကွက်ရှိ နှစ်ပေါင်းများစွာကတည်းက ကိုယ်ထူ ကိုယ်ထဖြင့် ရပ်ရွာမှ ဆောက်လုပ်ပေးထားသော မူကြိုကျောင်းများသည် ဟောင်းနွမ်းပျက်စီးခြင်း၊ အန္တရာယ်ဆောင်များအဖြစ် သတ်မှတ်ခံရခြင်းများ၊ ခြံစည်းရိုးများ မရှိခြင်း ပျက်စီးနေပြီး ဖြစ်ပါသဖြင့် ဖားဆောင်းမြို့နယ်အတွက် အမှန်တကယ်လိုအပ်နေ သော မူကြိုကျောင်းနှင့် ကျောင်းခြံစည်းရိုးကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းမေးခွန်း။

 

၂၅.၂.၂၀၁၉

ဒုဝန်ကြီး ဖြေပြီး

ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး

ကလေးမဲဆန္ဒနယ်၊

စစ်ကိုင်းတိုင်းဒေသကြီး။

နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြသည့် နားမကြားကျောင်းများရှိ ကျောင်းသူ/သားများနှင့် ကျောင်းသို့ ရောက်ရှိမလာသော ကလေးသူငယ် များ၊ အရွယ်ရောက်ပြီးသူများ၏ဘဝရှေ့ရေးလုံခြုံ ချောမွေ့စွာ ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ် လျဉ်းသည့်မေးခွန်း။

၃၁.၁.၂၀၁၉

ဒုဝန်ကြီး ဖြေပြီး

 

ဦးဝင်းဝင်း

မင်းဘူးမဲဆန္ဒနယ်၊

မကွေးတိုင်းဒေသကြီး။

မင်းဘူး(စကု)မြို့နယ်ရှိ ဧရာဝတီမြစ်ရေနစ်ခြင်း ကြောင့် မြစ်ရေကြီးချိန်တွင် နေထိုင်ရေးအခက် အခဲတွေ့နေသော ဒေသခံပြည်သူများ အခက်အခဲ ဖြေလျှော့နိုင်ရေးအတွက် ရေဘေးရှောင် အဆောက် အဦ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း။

 

(၁၂)ကြိမ်မြောက်

 

( ၂၇-၅-၂၀၁၉ )

ဒုဝန်ကြီး ဖြေပြီး

 

 

 

 

 

 

 

 

အမှတ်စဉ်(၁)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ်၊ ဖားဆောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ကယားပြည်နယ်၊ ဖားဆောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ၏ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်ရှိ နှစ်ပေါင်းများစွာကတည်းက ကိုယ်ထူကိုယ်ထဖြင့်ရပ်ရွာမှ ဆောက်လုပ်ပေးထားသော မူကြိုကျောင်းများသည် ဟောင်းနွမ်းပျက်စီးခြင်း၊ အန္တရာယ် ဆောင်များအဖြစ် သတ်မှတ်ခံရခြင်းများ၊ ခြံစည်းရိုးများ မရှိခြင်း၊ ပျက်စီးနေပြီဖြစ်သဖြင့် ဖားဆောင်းမြို့နယ်အတွက် အမှန်တကယ်လိုအပ်နေသော မူကြိုကျောင်းနှင့် ကျောင်းခြံစည်းရိုး ကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ရှင်းလင်း ဖြေကြားမှာ ဖြစ်ပါတယ်။ 

၃။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် မူကြိုအရွယ်ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမူလတန်း ကြိုကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာမှတည်ထောင်ထားသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးခြင်း၊ မူလတန်းကြိုကျောင်း မရှိသော ဒေသ များတွင် ကလေးနှင့် ကလေးမိခင်များအား စုစည်း၍ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၄။      Power Point အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိ မူလတန်းကြိုကျောင်း (၁၂၄)ကျောင်း ဖွင့်လှစ်ထားရှိ၍ ကလေးဦးရေ (၁၇၈၇၀)ဦးအား ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD) နည်းလမ်းများနှင့် အညီ ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ ၎င်းအပြင် ဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့် ရရှိပြီး သော ရပ်ရွာအတွင်းရှိ  ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၀၂၅)ကျောင်းရှိ တာ၀န်ခံ နှင့်စာသင်ဆရာမများ လစာငွေအဖြစ် (၁)ကျောင်းကို (၁)နှစ်လျှင်ကျပ်(၆)သိန်း၊ သင်ထောက်ကူ ပစ္စည်းဝယ်ယူရန်အတွက် (၁)နှစ်လျှင် ကျပ်(၁)သိန်း၊ စုစုပေါင်းကျပ် (၇)သိန်းဖြင့် နှစ်စဉ် ထောက်ပံ့ ပေးလျက်ရှိပါတယ်။ 

၅။      ကယားပြည်နယ်အတွင်း  လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားတဲ့  မူလတန်းကြိုကျောင်း (၂)ကျောင်းနှင့် ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်မှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်း အပါအဝင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း (၄၂)ကျောင်း ရှိပြီး၊ ဦးစီးဌာနမှ အဆိုပါကိုယ့်အားကိုယ်ကိုး မူလတန်းကြို​ကျောင်းများအတွက် နှစ်စဉ်ထောက်ပံ့ပေး လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ကျပ်- နှစ်ဆယ့်ကိုး ဒဿမ လေးသန်းကို ထောက်ပံ့ပေးသွား မှာဖြစ်ပါတယ်။

၆။      လူမှုဝန်ထမ်းဦးစီးဌာနသည်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်(၁)မြို့နယ်တွင် အနည်းဆုံး စံပြမူလတန်းကြိုကျောင်း (၁)ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော်လည်း  နှစ်စဉ် ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်ဆောင်ရွက်ရ၍ အရေအတွက်အားဖြင့် များစွာတိုးချဲ့ နိုင်ခြင်း မရှိသေးပါ။    မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် နှစ်စဉ်စီမံကိန်းတွင်  လျာထားတောင်းခံခြင်း၊ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကို ဦးစီးဌာနပိုင်အဖြစ် လွှဲပြောင်းလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုသာ သတ်မှတ်ချက်နှင့် ပြည့်စုံပါက လွှဲပြောင်းလက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

၇။      ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ တည်ဆောက်ခြင်း၊ အဆောက်အဦ ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာနရန်ပုံငွေမှ ကျခံဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အစိုးရမူလတန်းကြိုကျောင်းများ တည်ဆောက် ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများအတွက်သာ လူမှုဝန်ထမ်းဦးစီးဌာန ရန်ပုံငွေမှ ကျခံဆောင်ရွက်နိုင် ပါတယ်။ လာမည့်ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ခံနှင့် စာသင်ဆရာမများ၏ လစာငွေနှင့် ကျောင်းပြင်ဆင် စရိတ်တို့ကို သင့်တော်သောနှုန်းထား သတ်မှတ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီ တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါကထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပါတယ်။

၉။      ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ  ဖားဆောင်း(မြို့မ) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား  ဌာနပိုင်မူလတန်းကြို ကျောင်းအဖြစ် လွှဲပြောင်းပေးအပ်နိုင်ရေးကို ဖားဆောင်း(မြို့မ) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ကယားပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှတဆင့်  လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ပြထားပြီးဖြစ် ပါသဖြင့်  သတ်မှတ်ချက်များနှင့်ပြည့်စုံပါက လွှဲပြောင်းလက်ခံပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေတောင်းခံ၍ ဘဏ္ဍာငွေရရှိပါက အသစ်ပြန်လည်တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

၁၀။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်း၍ ကယားပြည်နယ်၊ ဘော်လခဲ ခရိုင်၊ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်ရှိ ကလေးများအားလုံး လာရောက်၍

တက်ရောက်လျက်ရှိသည့် မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား လူမှုဝန်ထမ်း ဦးစီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းလက်ခံပြီးပါက လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အစိုးရဌာနပိုင် စံပြမူလ တန်းကြိုကျောင်းအဖြစ် ရန်ပုံငွေတောင်းခံ၍ အသစ်ပြန်လည် တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ် ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။ 

ပူးတွဲ

လူမှု၀န်ထမ်းဦးစီးဌာနပိုင်  မူကြိုကျောင်းအဖြစ်လွှဲပြောင်းလက်ခံရာတွင်  အောက်ဖော်ပြပါလိုအပ်ချက် များနှင့်အညီ လွှဲပြောင်းပေးရမည်ဖြစ်ပါသည်-

(က)    တာဝန်ခံကျောင်းအုပ်၏ဌာနပိုင်အဖြစ် အပ်နှံလိုကြောင်းနှင့် ကျောင်းအဆောက်အဦ မြေနေရာများအား လွှဲပြောင်းစာ(မူရင်း)၊

( ခ)    ကျောင်းကြီးကြပ်မှုကော်မတီ၏အစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဝင်များ၏ သဘောတူကြောင်းလက်မှတ်(မူရင်း)၊

( ဂ)    ကျောင်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၏ သဘောတူကြောင်း လွှဲပြောင်းစာ၊

(ဃ)    တာဝန်ခံဆရာမနှင့် စာသင်ဆရာမများ၏ ကိုယ်ရေးအကျဉ်းနှင့် ဆက်လက်တာဝန် ထမ်းဆောင်လိုခြင်းရှိ/မရှိ၊

( င)    ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောတူကြောင်း ထောက်ခံလွှဲ ပြောင်းစာ၊

( စ)    တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူကြောင်း သဘောထား မှတ်ချက်၊

(ဆ)    ကျောင်းပိုင်ပစ္စည်းစာရင်း၊

( ဇ)    ကျောင်းအဆောက်အဦမှတ်တမ်းဓါတ်ပုံ၊

(ဈ)     ကျောင်းပုံစံ (ကျောင်းဝင်းအတွင်းရှိ အဆောက်အဦများတည်ရှိပုံ)ကျောင်း အခန်း တည်ဆောက်ပုံ

          နှင့် မှတ်တမ်းဓါတ်ပုံများ၊  

(ည)    အဆောက်အဦပုံစံ(Side Plan)နှင့် မြေပိုင်ဆိုင်မှုအထောက်အထား(ပုံစံ-၁၀၅၊ ပုံစံ-၁၀၆)၊

( ဋ)    တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး၏  စစ်ဆေးချက်အစီရင်ခံစာ (ကလေးဝင်ဆံ့မှု အခြေ အနေပါရှိ

            ရမည်)။

 

အမှတ်စဉ်(၂)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း ဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ကလေးမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ နိုင်ငံ တစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြသည့် နားမကြားကျောင်းများရှိ ကျောင်းသူ/သားများနှင့် ကျောင်းသို့ ရောက်ရှိမလာသော ကလေးသူငယ်များ၊ အရွယ်ရောက်ပြီးသူများ၏ ဘဝရှေ့ရေး လုံခြုံချောမွေ့စွာရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့စီမံဆောင်ရွက်ထားသည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။

၃။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ယခင်က ဦးစီးဌာန(၂)ခုဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန အသစ် (၁)ခုကို  မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မူးယစ်ဆေး ဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ စွန့်ပစ်ကလေးများ၊ လမ်းပေါ်နေကလေးများ၊ အမျိုးသမီး များ၊တိုက်ပွဲရှောင်ပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုများစသည့် လူမှုဒုက္ခခံစား နေရသူများအား ပြန်လည်ထူထောင်မှုပေးခြင်းဖြင့် ပိုမိုကောင်းမွန်သည့်လူနေမှုဘဝရရှိရန် မူဝါဒများဖြင့် အသစ်တိုးချဲ့၍ ဖွဲ့စည်းခဲ့ပါတယ်။  ဥက္ကဋ္ဌကြီးခင်ဗျာ PowerPoint  အသုံးပြုခွင့်ပြု ပါရန် တင်ပြအပ်ပါတယ်။

၄။      နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သလို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် မသန်စွမ်းသူ များ၏ အခွင့်အရေး နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

၅။      မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ(၄)အရ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီအား ဒုတိယသမ္မတ(၂) ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ သက်ဆိုင်ရာဝန်ကြီးများအပြင်မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ဥက္ကဋ္ဌကို ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို တွဲဖက်အတွင်းရေးမှူး၊ အရပ်ဘက်အဖွဲ့အစည်း (၄)ခု၊ မသန်စွမ်း အမျိုးအစားအလိုက် ကိုယ်စားလှယ်(၉)ဦးကို ထည့်သွင်းဖွဲ့စည်းထားပါတယ်။ အမျိုးသားကော်မတီအား အထောက် အကူဖြစ်စေရန် လုပ်ငန်းကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများ ဖွဲ့စည်းထားရှိတဲ့ အပြင်ဆပ်ကော်မတီ(၈)ခုအား ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျှက်ရှိပါတယ်။  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသား ကော်မတီ၏ (၂/၂၀၁၈) အစည်းအဝေးက ဆုံးဖြတ်ချက် (၁၇)ချက် ချမှတ်ခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အမျိုးသားကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၆။      ဥပဒေထဲတွင်  မသန်စွမ်းသူများ ပညာသင်ကြားခွင့်၊  ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်၊ ပညာသင်ယူပိုင်ခွင့် ပညာသင်ယူရာတွင် သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ ရရှိရေး၊ ကျောင်းဝင်ခွင့် ရရှိရေး၊ အထူးပညာရေး၊ ကျောင်းပြင်ပ ပညာရေးနဲ့ အသက်မွေးဝမ်း ကျောင်းအစီအစဉ်များကို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

၇။      ဥပဒေအခန်း(၁၁)အရ နည်းဥပဒေများတွင်လည်း မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်သည့် ပုံစံများကိုသတ်မှတ်ထားရှိပြီး ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရနှင့်အခြားအဖွဲ့အစည်းများမှ ထောက်ပံ့မှုများ၊ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင် စသည့်အကျိုးကျေးဇူးတို့ကို အဆင့် သတ်မှတ်ချက်နှင့်အညီ ရရှိခံစားနိုင်စေရန် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှု အဆင့် သတ်မှတ်ရေးစနစ်ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေရရှိထားပါတယ်။ ကနဦး စီမံကိန်းများကို မကွေး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်၊ မွန်ပြည်နယ်တို့တွင် အကောင် အထည်ဖော်ရန်  စတင် စီမံလျက်ရှိပါတယ်။

၈။      အဆိုပါစနစ် ဆောင်ရွက်နေစဉ်ကာလအတွင်း ဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေး နှစ်မှ ယခုဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ မသန်စွမ်းသူ(၅၆,၁၉၇)ဦးအတွက်ထောက်ပံ့ငွေ ကျပ်သန်း(၂၃၁၆.၇၁၅) ကိုထောက်ပံ့ပေးနိုင်ခဲ့ပြီး အများပြည်သူဆိုင်ရာနေရာများသို့ မသန်စွမ်း သူများ အလွယ်တကူသွားလာနိုင်စေရန် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖန်တီးဖော် ဆောင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ထိရောက်စွာဆောင်ရွက်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

၉။      မြန်မာနိုင်ငံတစ်ဝှမ်းတွင် မသန်စွမ်းသူများအတွက်  လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထား ရှိသော မသန်စွမ်းကျောင်း(၈)ကျောင်းနှင့် ဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး ထောက်ပံ့ ကြေးပေးလျက်ရှိသည့်  မသန်စွမ်းဂေဟာ (၁၂)ခု ရှိပါတယ်။ ဦးစီးဌာနမှ ဖွင့်လှစ်ထားတဲ့ မသန်စွမ်းကျောင်းများတွင်   စာပေပညာ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအား လေ့ကျင့် သင်ကြားပေးလျက်ရှိရာတွင် နားမကြားသော ကလေးများကျောင်း (မန္တလေး)နှင့် (ရန်ကုန်)တို့ တွင် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိ အကြားအာရုံချို့ယွင်းသူများအား လက်ခံစောင့်ရှောက် ပေးလျက်ရှိပါတယ်။

၁၀။    အဆိုပါကျောင်း(၂)ကျောင်းတွင် ဌာနပိုင်၊ အဆောင်နေ၊ နေ့တက် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၃၂၆)ဦးရှိရာ  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းသူ၊ ကျောင်းသား (၃၁၀)ဦးတို့ အား ပညာသင်ကြားပေးလျက်ရှိပြီး (၁၆)ဦးကိုတော့ ကျောင်းပညာနှင့် အသက် မွေးဝမ်းကျောင်း ပညာများကို တွဲ၍ သင်ကြားပေးလျက်ရှိပါတယ်။

၁၁။    နားမကြားကျောင်းများတွင် စားဖိုမှူး၊ စက်ချုပ်၊ ဇာထိုး၊ ပန်းထိုး၊ ရေဆေးဆီလိုက် စတဲ့ သင်တန်းများဖွင့်လှစ်သင်ကြားပေးပြီး အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိရာ  နားမကြားသူ (၇၂) ဦးက ဝင်ငွေရလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ်။

၁၂။     ယခုလိုဆောင်ရွက်လျက်ရှိသော်လည်း တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မှု မရှိသေးတဲ့အတွက် နားမကြားကျောင်းများသို့ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိသူများနှင့် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းဥပဒေများအရ အစိုးရဌာန၊ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အလုပ်ရှင်များမှအလုပ်သမားခန့်ထားရာတွင် ဝေပုံကျ နှုန်းထားအတိုင်း ခန့်ထားနိုင်ရန် ကြီးကြပ်ခြင်း၊ ဝေပုံကျနှုန်းထားအတိုင်း ခန့်ထားခြင်း မပြုနိုင် ပါက သတ်မှတ်ငွေပမာဏကို မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာရန်ပုံငွေသို့ ပေးသွင်းရ မည်ကို အသိပေးခြင်း၊ မသန်စွမ်းသူများအား အလုပ်ခန့်ထားပေးသည့် ကုမ္ပဏီများကို အခွန် လျော့ပေါ့ထမ်းဆောင်စေခြင်း၊ အလုပ်အကိုင်ခန့်ထား ရေးနှင့်ပတ်သက်၍ ဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၃။    ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( JICA )၏ ငွေကြေးနှင့် နည်းပညာပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရှိ အကြားအာရုံ ချို့ယွင်း မသန်စွမ်းသူများအတွက် ၂၀၀၀ ခုနှစ်တွင် လက်သင်္ကေတပြ စကားပြော စာအုပ်ထုတ်ဝေပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသိပညာပေး သင်တန်းများပေးခြင်း၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်၍ စေတနာ့ ဝန်ထမ်းများ မွေးထုတ်ဆောင်ရွက်ပေးခဲ့ပါတယ်။

၁၄။    ၎င်းအပြင် ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံး တွင် နားမကြားသူ(၆၇၃,၁၂၆)ဦး၊ လူဦးရေ၏ (၁.၃)ရာခိုင်နှုန်းရှိရာ နားမကြားသူအရေအတွက် အနည်းအများပေါ် မူတည်ပြီး လိုအပ်ချက်အလိုက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နားမကြားကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးလျာထားပါတယ်။

၁၅။    မြန်မာနိုင်ငံမသန်စွမ်းသူများ  ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ဦးတည်ကဏ္ဍ (၇)ရပ်ဖြင့်ရေးဆွဲထားရှိပြီး၊ ၎င်းမဟာဗျူဟာအား နှစ်အလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ၍  အကောင်အထည်ဖော်ရေးကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၁၆။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ အကြားအာရုံချို့ယွင်းနေသူ များအပါအဝင် မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသို့ ရောက်ရှိမလာသော ကလေးသူငယ်များ၊ အရွယ်ရောက် ပြီးသူများ၏ ဘဝရှေ့ရေး လုံခြုံချောမွေ့စွာ ရပ်တည်နိုင်ရေး၊ ပညာသင်ကြားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေးတို့အတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စီစဉ်ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လာမည့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာ ရေးနှစ်တွင်  မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။


အမှတ်စဉ်(၃)။         ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ ​မင်းဘူးမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၂။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၏ “ မင်းဘူး(စကု)မြို့နယ်ရှိ ဧရာဝတီမြစ်ရေနစ်ခြင်းကြောင့် မြစ်ရေကြီးချိန်တွင် နေထိုင်ရေးအခက်အခဲတွေ့နေသော ဒေသခံ ပြည်သူများ အခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရေဘေးရှောင်အဆောက်အဦ တည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း”မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ် ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၃။      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသတွင် တည်ရှိသော်လည်း မိုးရာသီကာလအတွင်း ပုံမှန် ဧရာဝတီမြစ်ရေကြီးမြင့်မှုနဲ့ လျှပ်တစ်ပြက် ရေကြီးမှုဒဏ်ကို ကြုံတွေ့ခံစားရတဲ့ ဒေသဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်တဲ့ အစိုးရအဖွဲ့များနဲ့ ညှိနှိုင်း၍ ဘေးကျရောက်နိုင်ခြေ ရှိသောဒေသများတွင် မိုးမကျမီ ရေဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် မကွေးတိုင်းဒေသကြီးအတွင်း  စေတုတ္တရာမြို့နယ်မှ ပြည်သူများ ဘေးအန္တရာယ်ခိုလှုံရန်အတွက် ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ (Multi- Purpose Shelter) (၁)လုံးကို အမျိုးသားသဘဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ကော်မတီရန်ပုံငွေဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့က တင်ဒါခေါ်ယူဆောက်လုပ်ပေးနိုင်ရေး စီစဉ်ဆောက်ရွက်လျှက်ရှိပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၄။      မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်သည် ဧရာဝတီမြစ်ရေကြီး ခြင်းကြောင့် နှစ်စဉ်ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခံစားရသော ဒေသတစ်ခုဖြစ်ရာ ရေကြီးနစ်မြုပ်ပါကအနိမ့်ပိုင်းနေရာဒေသများတွင် နေထိုင်ကြသူများသည် အမြင့်ပိုင်းနေရာများ၊ ဘုန်းကြီး ကျောင်းများ၊ ကားလမ်းမများပေါ်တွင် မိသားစုအလိုက် သွားရောက်ခိုလှုံရကြောင်း သိရှိရ ပါတယ်။

၅။      လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ရေကြီးချိန်တွင် ပြည်သူ များအတွက် ရေဘေးရှောင်အဆောက်အဦ(၁)လုံးအား တည်ဆောက်ပေးရန်  မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မြေနေရာရွေးချယ်သတ်မှတ်ပေးနိုင်ပါက အမျိုးသားသဘဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် လမ်းညွှန်ထားရှိပါတယ်။

၆။      ကော်မတီရဲ့ လမ်းညွှန်မှုအရ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေနေရာရွေးချယ် သတ်မှတ်ပေးနိုင်ရေး မတ်လ(၁၃)ရက်နေ့က ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့က မင်းဘူး(စကု)မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကွင်းအမှတ်(၁၃၁၉)ရှိ မြေဧရိယာ (၁)ဧကကို ရွေးချယ်အတည်ပြုပြီး မေလ(၃)ရက်နေ့က ပြန်ကြားလာတဲ့အတွက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည်တင်ပြပြီး တိုင်းအစိုးရအဖွဲ့၏ အတည်ပြုမြေနေရာတွင် ပြည်သူများအတွက် ရေဘေးရှောင် အဆောက်အဦ(၁)လုံးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပေါင်းစပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR