လွှတ်တော်အတွင်းဆောင်ရွက်ချက်များ

စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးပါထန်း မတူပီမဲဆန္ဒနယ်၊ချင်းပြည်နယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုးသည်းထန် စွာ ရွာသွန်းခြင်းကြောင့် မြောင်းရေ တိုက်စား ခြင်းနှင့် မြေပြိုခြင်းကြောင့် နေအိမ်များ ပျက်စီးနေပါသဖြင့် အရေးပေါ်ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/ မရှိနှင့်စပ်လျဥ်းသည့်မေးခွန်း။

၂။ဦးဇော်မင်းသိန်း လေးမျက်နှာမဲဆန္ဒနယ်၊ဧရာဝတီတိုင်းဒေသကြီး။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးများ အား ငွေကြေးအထောက်အပံ့ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၌ မည်သည့် အချိန် ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအ‌ဝေးတွင် ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်၊ မတူပီ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြောင်းရေတိုက်စားခြင်းနှင့် မြေပြိုခြင်းကြောင့် နေအိမ်များ ပျက်စီးနေပါသဖြင့် အရေးပေါ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ ရှင်းလင်းဖြေကြားချက်များကို ပေါင်းစပ် ဖြေကြားမှာဖြစ်ပါတယ်။ 

၃။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့်  သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဘေးဖြစ်ပွားနိုင်ခြေများသောဒေသနှင့် ဘေးဖြစ် ပွားသောဒေသများတွင်  ဖြစ်ပွားနိုင်သော ဘေးအမျိုးအစားအလိုက် ဦးစားပေးဆောင်ရွက်ပေး လျက်ရှိပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေတို့မှ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များနှင့်အညီ ပြည်သူတို့၏လိုအပ်ချက်များအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

၄။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ချင်းပြည်နယ်အတွင်း ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းများ အနက်၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ခုနှစ်များအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ မတူပီ မြို့နယ်အတွင်းရှိ နေအိမ်များ ဆောက်လုပ်ပြောင်းရွှေ့ရန်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် ရှာတလိုင်းရွာနှင့် လိုတောရွာကြားရှိ (၁၅)ပေဘေလီသစ်သားတံတား၊ နှာဘုန်ရွာနှင့် တူဖေးရွာကြားရှိ ကြိုးတံတားတို့ ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်စုစုပေါင်း  (နှစ်ရာ သုံးဆယ့်ငါး  ဒဿမ ရှစ်သန်း)ကို ထောက်ပံ့ပေးခဲ့သည့်အပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနကလည်း ဌာနဘတ်ဂျက်ဖြင့် မြေပြိုမှုများကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စု များကို အိမ်ဆောက်ပစ္စည်း ဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။

၅။ ဒါ့အပြင် ယခုလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့ မတူပီမြို့ မြေပြိုမှု ဘေးအန္တရာယ် များမှ ကာကွယ်နိုင်ရေး၊ မတူပီမြို့၊ စံဘောင်ရပ်ကွက်၊ ရေမြောင်းအမှတ် (၁)နှင့် အမှတ်(၅)၊ လောင်ဗန်းရပ်ကွက်၊ ရေမြောင်းအမှတ်(၇)တို့အား ကျောက်စီ ရေမြောင်း တည်ဆောက်ရန်နှင့် ခိုဘွေရပ်ကွက်ရှိ မြေထိန်းနံရံအမှတ်(၁)အား ပေ(၆၀၀) မြေထိန်းနံရံ တည်ဆောက်ရန် ငွေကျပ် နှစ်ရာ ကိုးဆယ့် ခုနစ်သန်း  အား ၂၀၁၇ခုနှစ်၊ ဧပြီလတွင် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်း ထောက်ပံ့ပေးခဲ့ပါတယ်။ 

၆။ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သောအဖွဲ့မှလည်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ချင်းပြည်နယ်သို့ သွားရောက်သည့်ခရီးစဥ်တွင် မတူပီမြို့နယ်ရှိ မတူပီ-မင်းတပ် လမ်းပေါ်တွင် မြေထိန်းနံရံပြုလုပ်ပြီး နေရာများတွင် ရေနှုတ်မြောင်းများ ရေစီးကောင်းမွန်စေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။

၇။ ချင်းပြည်နယ်၊ မတူပီမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ ရန်ပုံငွေကျပ် (၂၉၇)သန်းဖြင့် မတူပီမြို့၊ ရေ‌မြောင်းတည်ဆောက်ရေးလုပ်ငန်း (၃)ခုနှင့် မြေထိန်း နံရံ တည်ဆောက်ရေးလုပ်ငန်း(၁)ခု (အပိုင်း-(က)(ခ))အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာ  တင်ဒါအောင်မြင်ခဲ့တဲ့ တော်ဝင်ကြာဖူး ကုမ္ပဏီနှင့် AIDAK ကုမ္ပဏီတို့ကို ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ၂၀၁၈ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် လုပ်ငန်းအပ်နှံ၍ ၂၀၁၈ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် လုပ်ငန်းပြီးစီးဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကို တာဝန်ပေးကြီးကြပ်စေခဲ့ပါတယ်။

၈။ တော်ဝင်ကြာဖူးကုမ္ပဏီက မတူပီမြို့၊ စံဘောင်ရပ်ကွက်ရှိ မြောင်းအမှတ် (၅)၊ (၇)နှင့် ခိုဘွေ ရပ်ကွက်ရှိ မြေထိန်းနံရံအပိုင်း(က)တို့အတွက် ငွေကျပ် တစ်ရာ ‌ခြောက်ဆယ့် ငါးသန်းဖြင့် လုပ်ငန်းများကို ၂၀၁၈ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၁၈ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေမြောင်းအောက်ပိုင်း ထိခိုက်ခဲ့ ပြီး စုပုံပစ္စည်းအချို့နှင့် ဘိလပ်မြေဖျော်စက်များ ရေမြောင်းတွင်းသို့ ထိုးကျခဲ့မှုကြောင့် လုပ်ငန်း များအား ခေတ္တရပ်ဆိုင်းထားရှိပါတယ်။ AIDAK ကုမ္ပဏီက မတူပီမြို့၊ စံဘောင်ရပ်ကွက်၊ မြောင်း အမှတ်(၁)နှင့်ခိုဘွေရပ်ကွက်၊မြေထိန်းနံရံအပိုင်း(ခ)တို့အတွက် ငွေကျပ်တစ်ရာ သုံးဆယ့်နှစ်သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်း(၁၀၀%)ပြီးစီးပြီ ဖြစ်ပါတယ်။

၉။ ချင်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ဦးဆောင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ ဇူလိုင်လ(၁၈)ရက်နေ့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး AIDAK ကုမ္ပဏီ၏ ရေမြောင်း တည်ဆောက်ရေးလုပ်ငန်းတွင် အောက်ခြေအုတ်မြစ်ကျောက်များ ပြန်လည်ပြုပြင်ပေးရန်နှင့် ရေမြောင်းနံရံအချို့အက်ကွဲနေမှုများ ပြန်လည်ပြုလုပ်ပေးရန် လမ်းညွှန်မှာကြားချက်အရ ကုမ္ပဏီ က ပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

၁၀။ ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် မတူပီမြို့၊ မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စံဘောင်၊ ခိုဘွေ၊ လောင်ဗန်းနှင့် ငလား ရပ်ကွက်များရှိ ရေ‌မြောင်း (၅)ခုနှင့် ရေပြွန်ပါ မြေကာနံရံတို့ကို ငွေကျပ် (၂၃၆.၂၅)သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၁။ ဥက္ကဋ္ဌကြီးခင်ဗျာ မှတ်တမ်းဓါတ်ပုံများတင်ပြနိုင်ရေး Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြ အပ်ပါတယ်။ တင်ပြပါပုံများကတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့်အဖွဲ့ မတူပီမြို့ မြေပြိုမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။ တင်ပြပါပုံများကတော့ မိုးကျလာသဖြင့် တော်ဝင်ကြာဖူးကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက် နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းခွင် မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။ တင်ပြပါပုံ များကတော့ AIDAK ကုမ္ပဏီမှ တည်ဆောက်သည့် လုပ်ငန်းခွင်ပြီးစီးမှု မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။  တင်ပြပါပုံများကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သော လုပ်ငန်းခွင်ပြီးစီးမှုများ ဖြစ်ပါတယ်။  တင်ပြပါပုံများကတော့ သြဂုတ်လ(၉)ရက်နေ့ မတူပီမြို့၏ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။ 

ဥက္ကဋ္ဌကြီးခင်ဗျာ

၁၂။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီမြို့ မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန် လိုအပ်သော ဌာနဆိုင်ရာများ၊ ကျွမ်းကျင်ပညာရှင်များပါဝင်သည့်ကော်မတီကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ပြီး  အဆိုပါကော်မတီကို အထောက်အကူပြုနိုင်ရန်အတွက်  ပြည်နယ်အစိုးရအဖွဲ့ကလည်း အထောက်အကူပြုကော်မတီကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေး အပ်ထားပြီးဖြစ်ပါတယ်။ လုပ်ငန်းများကို ပိုမိုထိရောက်သွက်လက်စေရန်အတွက်၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ပညာရှင်များနှင့် ဌာနဆိုင်ရာများဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါတယ်။ ထို့အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း   ကွင်းဆင်းစစ်ဆေးမည့်အဖွဲ့ကို  ဆောက်လုပ်ရေးဝန်ကြီးဌာန၊    ဦးစီးဌာန များမှ ကိုယ်စားလှယ်များဖြင့် ၂၀၁၈ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါတယ်။

၁၃။ ချင်းပြည်နယ်၊ မတူပီမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၃၅၆၀)ပေတွင် တည်ရှိ နေသော တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး တောင်ကုန်းများတွင် မြေနေရာရရှိမှုအပေါ် မူတည်၍ လူနေအိမ်ရပ်ကွက်များ တည်ဆောက်ထားရခြင်း၊ လမ်းများကျဉ်းမြောင်းခြင်း၊ ရေ‌မြောင်းစနစ်၊ မြေထိန်းစနစ်တို့ မရှိခြင်းတို့ကြောင့် နေ့စဥ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုမှုများ ဖြစ်လာနိုင်ပြီး သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ကို တွေ့ရှိရပါတယ်။ ဆောက်လုပ် ရေးဝန်ကြီးဌာန အကြံပြုချက်များအရ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ အရေးပေါ် ဆောင်ရွက်ရမည့် နေရာ(၁၀)နေရာကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။ 

၁၄။ ထို့အပြင် မတူပီမြို့ သဘာဝဘေးဒဏ်ကြောင့်ဖြစ်ပေါ်နေသော မြေပြိုမှုအန္တရာယ်များကို ရေရှည်ထိန်းသိမ်းနိုင်ရန် Master Plan ပြုလုပ် ထားရန်လိုအပ်တဲ့အတွက် အဆောက်အဦ ဦးစီးဌာနတာဝန်ရှိသူများက ဇူလိုင်လ(၂၂)ရက်နေ့မှ သြဂုတ်လ(၈) ရက်နေ့အထိ မြေပြိုနေရာ များမှ  မြေနမူနာများရယူခြင်း၊ မြေစမ်းသပ်ခြင်း၊ Survey တိုင်းတာ၍   3D Map ထုတ်ခြင်း၊ မတူပီမြို့၏ မြေအနေအထားကို Drone ဖြင့် ကောင်းကင်ဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ အချက်အလက်များရရှိပြီးပါက မြေပြိုမှုများ ထိန်းသိမ်းနိုင်သည့် နည်းလမ်း များကို ရှာဖွေ၍ ယာယီထိန်းသိမ်းရန် တံတားများ၊ ရေထုတ်မြောင်းများ၊ ရေထုတ်ပြွန်များ၊ မြေကာနံရံများ အစရှိသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက တင်ပြထားပါတယ်။

၁၅။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း သဘာဝဘေးကျ ရောက် လာရင် အရေးပေါ်ခိုလှုံနိုင်ရန်အတွက် မတူပီမြို့၊ ငလားရပ်ကွက်တွင် ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦ(၁)လုံးကို ငွေကျပ်သန်း (နှစ်ရာ့တစ်ဆယ်)ဖြင့် ယခု ၂၀၁၈ ခုနှစ်အတွင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ အသုံးပြု ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

၁၆။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ အရေးပေါ်ဆောင်ရွက်ပေးနေမှု၊ ထောက်ပံ့နေမှုအခြေအနေများကို သိရှိနိုင်ပါရန်နှင့် ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ချင်းပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ မတူပီမြို့ မြေပြိုခြင်းများကို အရေးပေါ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက်၍ နည်းပညာအကူအညီများရယူကာ မြေပြိုမှု ထိန်းသိမ်းရေးများကို လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အမှတ်စဉ်(၂) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်မှ ဒသမပုံမှန်အစည်းအ‌ဝေးသို့ ဆက်လက်ထားရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဝမပုံမှန်မှ ဒသမပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိ သည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၌ မည်သည့်အချိန် ကာလတွင် စတင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍  ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။  ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဥ် တစ်ခုဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဥ်အား ကလေး သူငယ်များ၏ အာဟာရဆိုင်ရာအညွှန်းကိန်း တစ်ခုဖြစ်သည့် ပုညှက်မှုရာခိုင်နှုန်းနှင့် အခြားအချက်အလက်များအပေါ် အခြေခံ၍ ဦးစားပေးဒေသများရွေးချယ်ကာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

၄။ ထိုသို့ အကောင်အထည်ေဖာ်ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ ထုတ်‌ဝေသည့် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်း (Demographic Health Survey) (၂၀၁၅-၂၀၁၆)အရ အာဟာရဆိုင်ရာအညွှန်းကိန်း တစ်ခုဖြစ် သည့် ကလေးသူငယ်များအကြား ပုညှက်မှု(၄၁.၀၀)ရာခိုင်နှုန်းဖြင့် ပုညှက်မှုအမြင့်မားဆုံး ဖြစ်သည့် ချင်းပြည်နယ်၊ ပုညှက််မှုနှုန်း (၃၇.၅၀)ရာခိုင်နှုန်းရှိသည့် ရခိုင်ပြည်နယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှုကြောင့် ကူးစက်ရောဂါအသွင်ဖြင့် မကြာခဏဖြစ်ပွား တတ်သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေး သူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဥ်ကို အကောင်အထည်ေဖာ် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများ၏ဒဏ်ခံစားခဲ့ရပြီး ဆင်းရဲ နွမ်းပါးမှုနှင့် ပုညှက်မှုနှုန်း (၃၉.၇)ရာခိုင်နှုန်းရှိသော ကယားပြည်နယ်နှင့် ပုညှက်မှုနှုန်း (၂၅.၄)ရာခိုင်နှုန်းရှိသော ကရင်ပြည်နယ်တို့တွင် လက်ရှိဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ဆက်လက်တိုးချဲ့အကောင် အထည်ေဖာ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါေဒသများ၌ ပထမဦးဆုံးအကြိမ် ငွေကြေးထောက်ပံ့မှုအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၅။ ကလေးသူငယ်များအကြား ပုညှက်မှုနှုန်း (၃၇.၂၀)ရာခိုင်နှုန်းရှိသော ဧရာဝတီတိုင်းဒေသကြီး နှင့် (၃၆.၅၀)ရာခိုင်နှုန်းရှိသော ရှမ်းပြည်နယ်တို့တွင်မူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်၏အတိုးနှုန်းသက်သာသောချေးငွေဖြင့် အဆိုပါအစီအစဥ်အား အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါချေးငွေအား ကမ္ဘာ့ဘဏ် ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ ( International Development Association – IDA) မှ ချေးယူ သွားမှာဖြစ်ပါတယ်။ ထိုသို့ချေးယူရာ၌ နှစ်ပေါင်း (၃၀)အတွင်း အကျေပြန်လည်ပေးဆပ်သွားရ မှာဖြစ်ပြီး အတိုးနှုန်းမှာ ချေးယူမည့်ငွေကြေးအပေါ်မူတည်၍ တင်ပြပါအတိုင်း ပေးချေရမှာဖြစ် ပါတယ်-

(က) အမေရိကန်ေဒါ်လာဖြင့် ချေးယူမည်ဆိုပါက တစ်နှစ် (၁.၄)ရာခိုင်နှုန်း၊

( ခ) ယူရိုငွေကြေးဖြင့် ချေးယူမည်ဆိုပါက တစ်နှစ်(၀.၆၂)ရာခိုင်နှုန်း၊

( ဂ) အထူးဖန်တီးထားသောငွေကြေး (Special Drawing Right- SDR) ဖြင့်ချေးယူမည်ဆို ပါက တစ်နှစ် (၁.၂၅)ရာခိုင်နှုန်း ပေးချေရမှာ ဖြစ်ပါတယ်။

၆။ ထိုသို့အကောင်အထည်ေဖာ်ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်ရဲ့ချေးငွေမှာ အမေရိကန်ဒေါ်လာ သန်း (၁၀၀)ဖြစ်ပြီး တင်ပြပါဒေသ(၂)ခုတွင် ပထမ (၃)နှစ်တာကာလအတွက် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့်ပါ ပေါင်းစပ်အကောင်အထည်ဖော်မယ့် (Co-financing) နည်းလမ်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကာ စတုတ္ထနှစ်မှစတင်၍ (၁၀၀) ရာခိုင်နှုန်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာထည့်ဝင်ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်ေချးငွေတို့ ပေါင်းစပ်အကောင်အထည်ဖော်ရာတွင် အကောင်အထည်ဖော်မှုပထမနှစ်၌ နိုင်ငံတော်ဘဏ္ဍာထည့်ဝင်ရန်ပုံငွေမှာ ဧရာဝတီ တိုင်း ဒေသကြီးတွင် (၄၀)ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်တွင်(၂၀)ရာခိုင်နှုန်း၊ အကောင်အထည်ဖော်မှု ဒုတိယနှစ်၌ ဧရာဝတီတိုင်းဒေသကြီးတွင် (၆၀) ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်တွင်(၄၀) ရာခိုင်နှုန်း၊ အကောင်အထည်ဖော်မှု  တတိယနှစ်၌  ဧရာဝတီတိုင်းဒေသကြီးတွင်  (၇၅) ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်တွင် (၆၀)ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သွားရန် လျာထားစီစဥ်ထားရှိပါတယ်။ အကောင်အထည်ဖော်မှု၏ စတုတ္ထနှစ်တွင်မူ အစီအစဥ်တစ်ခုလုံးအား နိုင်ငံတော်ဘဏ္ဍာ ထည့်ဝင်ရန်ပုံငွေဖြင့် (၁၀၀) ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၇။ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော MCCT လုပ်ငန်းအစီအစဉ်များအနေဖြင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂဒေသတို့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ချင်းပြည်နယ်တွင် Lift Fund ရန်ပုံငွေဖြင့်လည်းကောင်း၊  ရခိုင်ပြည်နယ်နှင့် နာဂဒေသတို့တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်စ၍ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ ပုညှက်မှုနှုန်းမြင့်မားမှုနှင့် အခြားအချက်အလက်များ အပေါ်တွင် အခြေခံ၍ ကျန်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များကိုလည်း နိုင်ငံတော်မှ ဘဏ္ဍာ ရန်ပုံငွေခွဲဝေချထားပေးမှုအပေါ်မူတည်၍ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် အဆင့်ဆင့် ဆက်လက်တိုးချဲ့အကောင်အထည်ဖော်သွားရန် လျာထားစီစဉ်ထားရှိပါကြောင်း တင်ပြအပ် ပါတယ်။

၈။ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက် မည့်လုပ်ငန်းအစီအစဥ်များကို ကမ္ဘာ့ဘဏ် ချေးငွေ၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လွှတ်တော် ၏ အတည်ပြုချက်ရယူနိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

 အားလုံးကို ကျေးဇူးတင်ပါတယ်။

 


MOS

DSW

DDM

DOR