လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဒေါ်ဇင်မာအောင်

ရန်ကင်းမဲဆန္ဒနယ်၊

ရန်ကုန်တိုင်းဒေသကြီး၊

အများပြည်သူနှင့်သက်ဆိုင်သော နေရာများ တွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာ နေထိုင် အသုံးပြုနိုင်ရေးနှင့် ဘေးအန္တရာယ် အမျိုးမျိုးအတွက် အရေးပေါ်အခြေအနေများ တွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေ ကယ်ဆယ်ရေး၊ အကာအကွယ်ပေးရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် မူဝါဒများ ချမှတ်၍ ကြီးကြပ်ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း။

ဒုတိယဝန်ကြီး ဖြေပြီး

 ( ၈-၈-၂၀၁၉ )

 

အမှတ်စဉ်(၁)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၏ အများ ပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာနေထိုင်အသုံးပြု နိုင်ရေးနှင့် ဘေးအန္တရာယ်အမျိုးမျိုးအတွက် အရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေး၊ အကာအကွယ်ပေးရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် မူဝါဒ များချမှတ်၍ ကြီးကြပ်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော့် အနေနဲ့ ဆက်လက်ပြီး ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန်နဲ့ အချက်အလက်များ ပြည့်စုံစွာဖြေကြားနိုင်ရေး အချိန်ပိုမိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးပါရန် တင်ပြအပ်ပါတယ်။

၂။       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်တဲ့  လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့်    လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်စေဖို့  အထောက်အကူပြုဖြစ်စေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်မယ်ဆိုတဲ့ မူဝါဒအပေါ် အခြေခံဆောင် ရွက်လျှက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မသန်စွမ်းသူတွေဟာ လူ့အခွင့်အရေးကို အများနည်းတူ ခံစားရရှိနိုင်ဖို့အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ(၂၀၁၅ ခုနှစ်)နဲ့ နည်းဥပဒေများ(၂၀၁၇ ခုနှစ်)တို့ကို ပြဋ္ဌာန်းခြင်းတို့ဖြင့် နိုင်ငံတကာ သဘောတူညီချက်များ၊ မူဘောင်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၃။      အဆိုပါဥပဒေနဲ့အညီ မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ(၂) ဦးဆောင်၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှာ  အမိန့်ကြော်ငြာစာထုတ်ပြန်၍လည်းကောင်း၊ လုပ်ငန်းကော်မတီကို မိမိတို့ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများဦးဆောင်တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် လုပ်ငန်း တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ(၈)ခု ဆက်လက်ဖွဲ့စည်း နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်လျှက်ရှိပါတယ်။ နေရာမှာ ကျွန်တော်အနေနဲ့ တင်ပြလိုတာကတော့ ဒုတိယသမ္မတ(၂) ဦးစီးတဲ့ အမျိုးသား ကော်မတီမှာ မသန်စွမ်းသူများကိစ္စကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတဲ့ ကိုယ်တိုင်လည်း

          မသန်စွမ်းသူများဖြစ်တဲ့ မသန်စွမ်းသူများအသင်းချုပ်က ဥက္ကဋ္ဌဟာ အဲဒီကော်မတီရဲ့ ဒုဥက္ကဋ္ဌ(၂) နေရာကို တာဝန်ယူသလို အဲဒီအမျိုးသားကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးကိုလည်း မသန်စွမ်း အသင်းချုပ်ကနေပြီးတော့ မသန်စွမ်းအတွင်းရေးမှူးကိုယ်တိုင် ကိုယ်အင်္ဂါချို့ယွင်း နေသူပါပဲ၊ သူက တွဲဖက်အတွင်းရေးမှူးနဲ့ တာဝန်ထမ်းဆောင်ပါတယ်၊ စောစောက မသန်စွမ်းအသင်းချုပ်က ဥက္ကဋ္ဌဟာ ဒုဥက္ကဋ္ဌ(၂)တာဝန်ကို ယူတဲ့အခါမှာလည်း သူကိုယ်တိုင်လည်း အမြင်အာရုံချို့ယွင်း နေတဲ့ မသန်စွမ်းသူဖြစ်ပါတယ်။ ဒါဟာ အမျိုးသား ကော်မတီမှာ သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့မှ  စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်မှုအတွက်ကို တာဝန်ယူထားသလိုပဲ အဖွဲ့ဝင်များအနေနဲ့လည်း မသန်စွမ်းအရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ မသန်စွမ်း(၄)မျိုးနဲ့ ကဏ္ဍ အလိုက်ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်များ၊ အရပ်ဖက်ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်ဆိုတဲ့အကြောင်း ဖြည့်စွက်တင်ပြလို ပါတယ်။

၄။      လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းပါ အများပြည်သူနှင့် သက်ဆိုင် သော နေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင် အသုံးပြုနိုင်ရေးနဲ့ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအခန်း (၇)နဲ့  နည်းဥပဒေများအခန်း(၅)မှာ    ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဥပဒေ၊ နည်းဥပဒေများနဲ့အညီလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြ အပ်ပါတယ်။

၅။      မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး (၁/၂၀၁၉)ကို မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ (၂) ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင် အသုံးပြုနိုင်ရေး အမျိုးသားကော်မတီအနေနဲ့ ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြတဲ့အခါမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မသန်စွမ်းသူများအတွက် အကျုံးဝင်သည့် ရေပန်းဥယျာဉ်နှင့် မြို့မစျေး ဖြစ်လာစေရေး တည်ဆောက်ရန် ကနဦး စီမံကိန်း များအဖြစ် အကောင်အထည်ဖော်နိုင်ရေး လျာထားဆောင်ရွက်လျှက်ရှိပါတယ်။ ဒီစီမံကိန်း (၂) ရပ်နဲ့ပတ်သက်၍ ဒုတိယသမ္မတ(၂)ဦးဆောင်ပြီး အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများနဲ့ အစည်းအဝေး ပြုလုပ်ကာ လိုအပ်သောရန်ပုံငွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျခံဆောင်ရွက်ဖို့လည်း လျာထားပြီး ဖြစ်ပါတယ်။

၆။      ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူအသုံးပြုသွားလာရာ နေရာများတွင်ရှိသော အဆောက်အဦများ၌ မသန်စွမ်းသူများအတွက် အတားအဆီး မရှိသော ဒီဇိုင်းပုံစံများအား ထည့်သွင်းတွက်ချက် လုပ်ဆောင်ရန် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ - ၂၀၁၆ ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားပြီး  ၂၀၁၈ ခုနှစ်၊  အောက်တိုဘာလ (၁)ရက်နေ့မှစ၍  လိုက်နာဆောင်ရွက်စေရေး ထပ်ဆင့်ညွှန်ကြားပေးရန် သက်ဆိုင်ရာ ကောင်စီအဖွဲ့များသို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် အကြောင်းကြားထားပြီး ပြဋ္ဌာန်းချက်များနှင့်အညီ လက်တွေ့ မြေပြင်တွင် မသန်စွမ်းသူများအတွက် ဆင်ခြေလျှောများ၊ Toilet များ လိုအပ်သည့် လှေကားအကျယ်နှင့် အမြင့်တို့ကို ထည့်သွင်းဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာအားဖြင့်- ကျွန်တော်တို့ မသန်စွမ်းသူ များအရေးကို တာဝန်ယူနေတဲ့ ကျွန်တော်တို့ဝန်ကြီးဌာနကိုယ်တိုင်မှာကို မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနိုင်ရေးအတွက်ကို Access တွေမရှိဘူးဖြစ်ပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ ပြီးခဲ့တဲ့ ဒီနှစ် ဘတ်ဂျက်ထဲမှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနထဲမှာ ဓါတ်လှေကား (၁)စီးကို ဘတ်ဂျက်နဲ့ တည်ဆောက်လျက်ရှိပါတယ်။ အဲလိုမျိုး မသန်စွမ်းသူများ သွားလာမှု လွယ်ကူစေတဲ့ အနေအထားမျိုးကို ဆောင်ရွက်လျက်ရှိပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ ကျွန်တော်တို့သည် တစ်ဖြေးဖြေးနဲ့ ဆောင်ရွက်နေတဲ့အကြောင်းကို တင်ပြခြင်းဖြစ်ပါတယ်။

၇။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ခုနှစ်၊ မေလ(၂၂)ရက်နေ့တွင် မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ ပုဒ်မ (၂၈)အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ဆေးရုံ များတွင် မသန် စွမ်းသူများ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် လူနာအဝင်/ အထွက် နေရာ (Ramp , Trolley Way )၊ ကားပါကင်များနှင့် အိမ်သာများတို့ရှိ လိုအပ်ချက်များကို စိစစ်တင်ပြ နိုင်ရန် နမူနာပုံစံများကို ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၇)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစား ပြိုင်ပွဲ ( 7th ASEAN PARA Games )ကို မသန်စွမ်းအားကစားသမားများအတွက် လျှောက်လမ်း ပါဝင်သော အထောက်အကူပြု ပုံစံများ ပါရှိသည့် သန့်စင်ခန်းများအား ဝဏ္ဏသိဒ္ဒိအားကစားကွင်း အတွင်းရှိ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များတွင် ထည့်သွင်းတည်ဆောက်ထားရှိတဲ့ အပြင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်လည်း မသန်စွမ်း အားကစားသမားများ အတွက် မသန်စွမ်းလေ့ကျင့်ရေးစခန်းအား တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

၈။      ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် လမ်းများ၏    လူသွားစင်္ကြန် များတွင်လည်း လူသွားစင်္ကြန်များ၏ ထိပ်တွင် နိမ့်လျှော(Ramp)များ ထည့်သွင်းတည်ဆောက်ပေး ခြင်း၊ လမ်းလယ်ကျွန်းတြိဂံကျွန်းများနှင့် လူကူးမျဉ်းကျား ထိစပ်သောနေရာများတွင် လမ်းမျက်နှာ ပြင်နှင့်တပြေးညီ Level နှိမ့်၍ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၉။      လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းပါ ဘေးအန္တရာယ်အမျိုးမျိုးအတွက် အရေးပေါ် အခြေ အနေများတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေး၊ အကာအကွယ်ပေးရေး၊  ဘေးကင်းလုံခြုံရေးတို့နဲ့ပတ်သက်၍ မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေအခန်း(၉)နဲ့ နည်းဥပဒေများ အခန်း(၇)တို့မှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်သလို သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နဲ့ နည်းဥပဒေများ(၂၀၁၅)တွင်လည်း ထည့် သွင်း ပြဋ္ဌာန်းထားပါတယ်။

၁၀။    သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု နည်းဥပဒေပုဒ်မ(၂၄)တွင် ထိခိုက် ခံရလွယ်သူများကို သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအပါအဝင်  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာနိုင်စေရေးအတွက် စွမ်းဆောင်ရည်များ တည် ဆောက်ပေးပြီး အခွင့်အလမ်းများ ဖန်တီးပေးရမည်ဟု အတိအလင်း ဖော်ပြထားပါတယ်။

၁၁။    ဒါ့အပြင် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင် ရေးအတွက် အားလုံးအကြုံးဝင်သည့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲခြင်း သင်တန်းအတွက် အသေးစိတ် သင်တန်းလမ်းညွှန် (၂၀၁၆)နဲ့အညီ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိတဲ့အပြင် ဘေးသင့်ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စု များကျန်ရှိမှု မရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဆောင်ရွက်တဲ့အခါမှာ ဇာတ်တိုက်လေ့ကျင့်မှုတွေနဲ့ ပတ်သက်လာလို့ရှိရင် ပတ်သက်လို့ရှိရင် ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ၊ နာမကျန်းသူတွေ၊ မသန်စွမ်းသူတွေအတွက်ကိုလည်း သူတို့ကို ပတ်ဝန်းကျင်ကနေ ဘယ်လိုကူညီစောင့်ရှောက်ကယ်ဆယ်ရမယ်၊ ဘယ်လိုနေရာတွေမှာ သွားရောက်ပို့ဆောင်ပြီး ကယ်ဆယ်စောင့်ရှောက်ရမယ်ဆိုတာကအစ ဇာတ်တိုက် လေ့ကျင့်မှု တွေမှာ ဆောင်ရွက်ပေးပါတယ်။

၁၂။     ဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများကို ပြည်သူများကိုယ်တိုင်အကြောင်း ကြားဆက်သွယ်နိုင်ရန် စီမံဆောင်ရွက်ထားသော DAN Mobile Application ကို မသန်စွမ်းသူများပါ အသုံးပြုနိုင်ရန် အလေးထား၍ ရေးဆွဲခဲ့ပြီး နိုင်ငံတစ်ဝန်းတွင်  အဆိုပါ Application ဖြန့်ချိခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။

၁၃။    ဒါ့အပြင် မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (MAPDRR) ၂၀၁၇ တွင် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက် နေသူများနှင့် ၎င်းတို့၏ မိသားစုများ၊ အိမ်နီးချင်းများအပါအဝင် ထိခိုက်ခံရ လွယ်မှု အရှိဆုံးသူများကို အဓိက ဦးတည်ကာ လူထုကြား ဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ အောင် အသိပညာပေးရန်အတွက် လုပ်ငန်းအစီအစဉ်များ ထည့်သွင်းရေးဆွဲ ထားပါတယ်။

၁၄။    မသန်စွမ်းသူများအရေးနှင့်ပတ်သက်ပြီးတော့မှာလည်း ပိုမိုပြီးတော့မှာ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ကျွန်တော်တို့ ဝန်ကြီး ဌာနမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ ပြန်လည်ထူ ထောင်ရေးဦးစီး ဌာန အသစ်ကိုလည်း ဖွဲ့စည်းပေးထားပြီး ဖြစ်ပါတယ်။ ဒီ ဦးစီးဌာန အနေဖြင့်လည်း ASEAN Enabling Master Plan (2015) ကို အခြေခံပြီး Myanmar Sustainable Development Plan  နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD) တို့နှင့်လည်း ကိုက်ညီမှုရှိသည့် နိုင်ငံတော်၏ ဖွံ့ဖြိးတိုးတက်မှုကဏ္ဍတိုင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပေါင်းစပ်ထည့်သွင်း ဆောင် ရွက်မှုကို သေချာစေမည့် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၅)ကို မူကြမ်းရေးဆွဲ ဆောင်ရွက်လျက်ရှိရာမှာလည်း မသန်စွမ်း သူများအတွက် သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများ စီမံခန့်ခွဲရေးနှင့် အလွယ်တကူ လက်လှမ်းမီ ရရှိသုံးစွဲနိုင်ရေး တို့ကိုဦးစားပေးနယ်ပယ်များအဖြစ် ထည့်သွင်းထားပါတယ်။ အခုလို လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီ မသန်စွမ်းသူများ၏အရေးကို မေးခွန်းနဲ့ မေးပြီး တော့မှ ဟိုက်လိုက် (Hight Light)လုပ်ပေးလိုက်တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ရှိ ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုအဆင့်၊ အမျိုးသားကော်မတီအနေနဲ့ ဆောင်ရွက်နေသလို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်မှာရှိတဲ့ ကော်မတီတွေကလည်း ကျွန်တော်တို့ အမျိုးသား ကော်မတီမှ နမူနာပြဆောင်ရွက်တဲ့အပေါ်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ၊ နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ မသန်စွမ်း သူများရဲ့ကိစ္စရပ်များကို ပိုမိုပြီးတော့မှ အာရုံစိုက် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

၁၅။    ကျွန်တော်တို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆက်စပ်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ပေး လျှက်ရှိပါကြောင်းနဲ့ သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းတွေမှာ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ် အုပ်စုများ မည်သူမျှ ကျန်ရစ်မှုမရှိစေရေး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်း

၁။      ဝန်ကြီးဌာနအနေနဲ့ အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းပြီးတော့မှ ဥပဒေအရ ဆောင်ရွက် နေတာတွေကိုလည်း လေ့လာသိရှိရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာဖြစ်နေလဲဆိုရင် သက်ဆိုင်ရာ လမ်းတွေ ဆောက်တယ်၊ အများနဲ့ဆိုင်တဲ့ အဆောက်အဦတွေဆောက်တယ်၊ ၂၀၁၆ ခုနှစ်ကနေပြီးတော့ အင်ဂျင်နီယာဌာနတွေမှာ စံသတ်မှတ်ပြီးသားဖြစ်တယ်လို့ ဆိုတယ်၊ ဒါပေမယ့် ၂၀၁၆ နောက်ပိုင်း ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုချိန်ထိ ဆောက်လုပ်နေတဲ့ အဆောက်အဦတွေ အများပြည် သူဆိုင်ရာ ပလက်ဖောင်းတွေ၊ ခုနတင်ပြတဲ့ထဲမှာ ပါပါတယ်၊ ဒါလွန်ခဲ့တဲ့ (၂)နှစ်လောက်က လုပ်ထား တာပါ။ ဆိုတော့ အဲဒါတွေကို လက်တွေ့လိုက်နာဆောင်ရွက်ခြင်းမရှိပဲနဲ့ အဲဒီ Slotတွေပါတယ်ဆိုရင် ပြီးရောဆိုတာတွေဟာ မသန်စွမ်းသူတွေအတွက် Accessibililty ဖြစ်ဖို့ဆိုတဲ့ဟာကို သူတို့ သိရှိခြင်း မရှိ တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။   ဒါကြောင့်မို့လို့   သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ရော၊ အစိုးရအဖွဲ့အနေနဲ့ရော အောက်ခြေမြေပြင်အထိ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဒီ ၂၀၁၆ မှာ ညွှန်ကြားထားတဲ့အတိုင်း ဆောက်လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းတွေ ဒီဟာတွေနဲ့ ပတ်သက် ပြီး လိုက်နာမှုရှိအောင် ဘယ်လိုများ ကြပ်မတ်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါသလဲဆိုတာ ဆက်စပ်မေးခွန်းအနေနဲ့ မေးမြန်းလိုခြင်း ဖြစ်ပါတယ်။

ဆက်စပ်မေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်

၁။      မသန်စွမ်းသူများအတွက်ကို ဆောင်ရွက်တဲ့နေရာမှာ အောက်ခြေမှာ လိုက်ပါဆောင်ရွက်နိုင်ဖို့ အတွက်အပိုင်းမှာ အဓိကအားဖြင့်တော့ ဦးစွာ ဥပဒေနဲ့ပတ်သက်ပြီးတော့မှ သိရှိအောင် ရှင်းလင်း ပြောကြားခြင်း၊ နောက်တခါ ဒီအရေးနဲ့ပတ်သက်ပြီးတော့မှာလည်း တာဝန်ရှိတဲ့ အောက်ခြေက လူတွေကို ကျွန်တော်တို့ အသိပညာပေးခြင်း ဒီအပိုင်းတွေကို ကျွန်တော်တို့ ဦးစားပေးပြီးတော့မှ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း လက်ရှိအားဖြင့်လည်း မသန်စွမ်းသူများကိုယ်တိုင် စောစောက ကျွန်တော်တင်ပြခဲ့သလို မသန်စွမ်းအသင်းချုပ်က ပုဂ္ဂိုလ် တွေကော ကျွန်တော်တို့ဌာနက တာဝန်ရှိတဲ့သူတွေကော အခက်အခဲတွေဖြစ်နေတဲ့ အပိုင်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို လိုက်လံပြီးတော့မှ အသိပညာပေးမှု၊ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ ဥပမာအားဖြင့်ဆိုလို့ရှိရင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှာ လိုင်းကားတွေ စီးရတဲ့အခါမှာ မသန်စွမ်းသူများရဲ့ အခက်အခဲရှိတာတွေ၊ နောက်တခါ လေယာဉ်စီးတဲ့နေရာတွေမှာ အခက်အခဲရှိတာတွေ ဒါတွေကို ကျွန်တော်တို့အနေနဲ့မသန်စွမ်းသူများအတွက်ကိုဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့အပိုင်းတွေကို ကျွန်တော်တို့ အသိပညာပေးတာတွေ၊ လိုက်လံဆွေးနွေးပြီးတော့မှ သူတို့ဆီမှာရှိနေတဲ့ လုပ်ငန်းဆိုင်ရာစီမံချက်တွေကနေပြီးတော့မှ ဖြေလျော့ပေးနိုင်မယ့်နည်းလမ်းတွေ၊ ဒါတွေကို ကျွန်တော်တို့ လက်ရှိအားဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားကေ်ာမတီအနေနဲ့လည်း ဆက်လက်ပြီးတော့မှ ဒီ မသန်စွမ်းသူများအရေးနဲ့ပတ်သက်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်ဆင့်မေးခွန်း မေးသွားသလိုပါပဲ ဒီ့ထက်မက ကျွန်တော်တို့ တာဝန်ရှိတဲ့ ဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ကျွန်တော်တို့ မန္တလေးတို့၊ ရန်ကုန်တို့၊ နေပြည်တော်တို့ စည်ပင်သာယာရေး ကော်မတီအနေနဲ့လည်း ဒီအပိုင်းတွေမှာ ပိုမိုပြီးတော့မှ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှုအတွက်ကို ဆက်လက်ပြီးတော့မှ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ အမျိုးသားကော်မတီအနေနဲ့ အကြောင်းကြားတွန်းအားပေးဆောင်ရွက်ပေးသွားမှာဖြစ် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။

 

 

 


MOS

DSW

DDM

DOR