လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးချင်းဖေလင်း၊ မံစီမဲဆန္ဒနယ်၊ ကချင်ပြည်နယ်၊
၂၀၁၆ခုနှစ်၊သြဂုတ်လ၊၂၂ရက်နေ့မှစ၍ ကချင် ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီး IDPs Camp  များရှိ  စစ်ဘေးရှောင် (၃၈၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ စားနပ်ရိက္ခာများ မရရှိတော့ သဖြင့် အမြန်ဆုံးရရှိနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဥ် ရှိ / မရှိနှင့် ရှိပါက မည်သို့ စီစဥ် ဆောင်ရွက်ပေးမည်နှင့်မရှိပါကအဘယ်ကြောင့်နှင့်  စပ်လျဥ်းသည့်မေးခွန်း

၂။ဦးသန်းအောင် ငပုတောမဲဆန္ဒနယ် ဧရာဝတီတိုင်းဒေသကြီး၊
ငပုတောမြို့နယ်ရှိပင်လယ်နှင့်နီးစပ်ပြီး မုန်တိုင်း အန္တရာယ်  ကျရောက်လေ့ရှိသော   ကျေးရွာများ အတွက်မုန်တိုင်းဒဏ်ခံအဆောက်အဦ (Cyclone Shelter)များ ထပ်မံလုပ်ဆောင်ပေးရန် မည်သို့ အလေးထားဆောင်ရွက်နေကြောင်း သိရှိလိုခြင်း

၃။ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး ကလေးမဲဆန္ဒနယ် စစ်ကိုင်းတိုင်းဒေသကြီး၊
တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျော့ချရေး၊ ကူညီထောက်ပံ့ ရေး နှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် အစီ အစဥ်ရှိ/မရှိ။


အမှတ်စဉ်(၁) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအ‌ဝေးတွင် ကချင်ပြည်နယ်၊ မံစီမဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်း၏ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

၂။ ကချင်ပြည်နယ်၊   မံစီမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်း၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သော၂၀၁၆ခုနှစ်၊သြဂုတ်လ၊၂၂ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီး IDPs Camp  များရှိ  စစ်ဘေးရှောင် (၃၈၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ စားနပ်ရိက္ခာများ မရရှိ တော့သဖြင့် အမြန်ဆုံးရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဥ် ရှိ / မရှိနှင့် ရှိပါက မည်သို့ စီစဥ် ဆောင်ရွက်ပေးမည်နှင့်  မရှိပါက  အဘယ်ကြောင့်နှင့်  စပ်လျဥ်းသည့်မေးခွန်းအား ဖြေကြားသွားမှာဖြစ် ပါတယ်။

၃။ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိမံဝိန်းကြီး IDPs Camp  များဖြစ်သော မံဝိန်းကြီး နှစ်ခြင်း ကျောင်း၊  မံဝိန်းကြီးကက်သလစ်ကျောင်းနှင့်  မံဝိန်းကြီးကျေးရွာအတွင်းရှိ   နီးစပ်ရာဆွေမျိုးများ နေအိမ် တွင်   နယ်မြေလုံခြုံရေး  အခြေအနေအရ ၂၀၁၁ ခုနှစ်၊ ဇွန်လမှစ၍  ယနေ့အချိန်အထိ တိမ်းရှောင်  အိမ်ထောင်စု(၁၁၀၀)စု၊ လူဦးရေ (၄၅၄၇)ဦး တည်းခိုနေထိုင်လျက်ရှိပါတယ်။

၄။ မံဝိန်းကြီးဒေသရှိ  ကယ်ဆယ်ရေးစခန်းများနှင့် ဆွေမျိုးများနေအိမ်တို့တွင် နေထိုင်ကြသော  တိမ်းရှောင်မိသားစုဝင်များအား   လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ (UN) အဖွဲ့များ၊ ဒေသတွင်းရှိ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  WFPတို့မှ  ထောက်ပံ့ရေးပစ္စည်းများဖြစ်သော   ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေများအား၊  ထောက်ပံ့ပေးလျက် ရှိရာနယ်မြေဒေသလုံခြုံရေးအခြေအနေအရ(၁-၇-၂၀၁၆)ရက်နေ့မှ(၁-၁၂-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ ပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း၊     သို့သော်   ၂၀၁၇   ခုနှစ်၊ဇန်နဝါရီလမှစ၍ WFP   မှထောက်ပံ့ရေးပစ္စည်း များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများအစား ကိုယ်ဝန်ဆောင် မိခင်၊ကျောင်းသား၊  သက်ကြီးရွယ်အိုများအား  တစ်ဦးလျှင်  ငွေကျပ်(၁၃၀၀၀)ကျပ်နှုန်း၊ ကျန်ပုဂ္ဂိုလ်များ အား  တစ်ဦးလျှင်ငွေကျပ်(၉၀၀၀)ကျပ်နှုန်းဖြင့်  လစဥ်ထောက်ပံ့  ပေးလျက်ရှိသည့်အပြင် ၎င်းဒေသရှိ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင် အလှူရှင်များမှလည်း အခါအားလျော်စွာထောက်ပံ့ပေးလျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၅။ မံစီမြို့နယ်၊   မံဝိန်းကြီးဒေသသည်   နယ်မြေလုံခြုံရေးအခြေအနေအရ မံစီမြို့နယ်မှ တိုက်ရိုက်  သွားရောက်၍မရသဖြင့်  ဗန်းမော်-မံစီ-မန္တလေး-လားရှိုး-နမ့်ခမ်းလမ်းမှလုပ်ငန်းများဆောင်ရွက်နေရပါတယ်။

၆။ သို့ဖြစ်၍ မံဝိန်းဒေသရှိ  IDPs Camp များအတွက် ဆန်၊ ဆီ၊ဆား စသည့်စားနပ်ရိက္ခာများကို  လတ်တလောတွင် ထောက်ပံ့ပေးနိုင်ခြင်းမရှိပါကြောင်း၊ နယ်မြေလုံခြုံရေး   အခြေအနေကောင်းမွန် လာပါက   လိုအပ်သော  စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနိုင်ရန်အတွက်  စီစဥ်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၇။ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ကချင်ပြည်နယ် အတွင်း IDPs စခန်းများရှိတိမ်းရှောင်ပြည်သူများအတွက်လိုအပ်သည့် ထောက်ပံ့မှုများကို လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့်လည်းကောင်း၊  UN, INGO, NGO အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍လည်းကောင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

၈။ ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေးဦးစီးဌာန အနေဖြင့် (၅-၈-၂၀၁၁) နေ့မှ (၂၀-၉-၂၀၁၅)နေ့အထိ မံစီမြို့နယ်အတွင်းရှိ  IDPs  စခန်းများမှ အိမ်ထောင်စု(၁၁၈၃)စု၊  လူဦးရေ (၄၆၂၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂,၃၆၆,၁၁၄ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးခဲ့ ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ နယ်မြေလုံခြုံရေးအခြေအနေအရ  မံဝိန်းကြီး IDPs စခန်းများသို့ တိုက်ရိုက်သွားရောက်၍ မရသဖြင့်  စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်ခဲ့ခြင်း မရှိပါကြောင်း၊  လိုအပ် သည့်စားနပ်ရိက္ခာများကို  ထောက်ပံ့ပေးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့်  ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၉။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လမှစတင်၍ တပ်မတော်နှင့် KIA တို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နယ်မြေလုံခြုံရေးအခြေအနေကြောင့်  ဒေသခံကျေးလက်နေပြည်သူအများစုမှာမြို့ပေါ် ရပ်ကွက်များသို့ခေတ္တတိမ်းရှောင်ရောက်ရှိခဲ့ကြပါတယ်။ အဆိုပါ တိမ်းရှောင်မိသားစုများ၏  စားဝတ်နေ ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိရာတွင်   ပြည်ထောင်စုလွှတ်တော်    ကိုယ်စားလှယ်များ၊     ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ၊ NGO  နှင့် INGO အဖွဲ့အစည်းများ၊  ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများမှလည်း စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအလိုက်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၀။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များ၌ ကယ်ဆယ်ရေးစခန်းများ   ဖွင့်လှစ်၍   ကယ်ဆယ်ထောက်ပံ့ရေး  လုပ်ငန်းများကို ၂၀၁၁ ခုနှစ်၊  ဇွန်လမှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကယ်ဆယ်ရေးစခန်း(၉၄)ခု၌အိမ်ထောင်စု(၈၀၆၁)စု၊ လူဦးရေ(၃၉၀၂၁) ဦးရှိကြောင်းသိရှိရပါတယ်။  ပြည်ထောင်စုအစိုးရအနေဖြင့်  ပဋိပက္ခများ  စတင်ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ်၊   ဇွန်လမှစ၍   ခေတ္တတိမ်းရှောင်မိသားစုများသို့    ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများ  ဆောင်ရွက် ပေးခဲ့ရာ  ၂၀၁၇  ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စားဝတ်နေရေးအတွက်  လက်တလော  ထောက် ပံ့ငွေကျပ် (၃၆၇၀.၄၇၄)သန်းနှင့်ပစ္စည်းတန်ဖိုးငွေကျပ် (၁၆၅၆၂.၈၅၇)သန်း  ထောက်ပံ့ဆောင်ရွက်ခဲ့ သည့်အနက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်း  နယ်မြေလုံခြုံရေးအခြေအနေအရ တိမ်းရှောင်လာသော မိသားစုများအား ပစ္စည်းနှင့်ငွေသား ထောက်ပံ့ငွေကျပ် (၆၉၈.၆၃၈)သန်းထောက်ပံ့ ပေးခဲ့ပါတယ်။

၁၁။ ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်   ပူးပေါင်းဆောင်ရွက်လျက်ရှိသော  ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)မှ  ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ စတင်၍ စားနပ်ရိက္ခာများ   လစဥ် ထောက်ပံ့ပေးလျက်ရှိရာ   မြစ်ကြီးနား၊  ဝိုင်းမော်၊  ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုးကောင်း၊ မိုးညှင်း မြို့နယ်များရှိ ကယ်ဆယ်ရေးစခန်းများသို့ ၂၀၁၆ ခုနှစ်၊  ဒီဇင်ဘာလ  ၃၁ ရက်နေ့အထိ  ရိက္ခာဖြန့်ဝေမှု   ဆောင်ရွက်ပေးခဲ့ပြီး စုပေါင်း ရိက္ခာဆန်(၈၃၃၅၄.၇၁၆)တန်၊ ဆီ(၅၂၁.၄၃၂)တန်၊ ပဲ(၁၁၃၀၄.၃၈၄)တန်၊ ဆား (၉၁၆.၃၈)တန်၊   အဟာရမှုန့်(၆၉.၃၁၂)တန်၊   အားဖြည့်ဘီစကစ်(၂၁.၃၉)တန်တို့အား ဖြန့်ဝေ ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

၁၂။ နယ်စပ်ရေးရာဝန်ကြီးဌာနမှ  မံစီမြို့နယ်၊  စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပထမအကြိမ် ထောက်ပံ့မှုအဖြစ်  ၈.၁.၂၀၁၇ ရက်နေ့တွင်  ဆန်(၂၂၄)အိတ်၊ ဆီ(၄၄၀)ပိဿာ၊  ဆား(၄၄၀)ပိဿာ၊   ပဲ (၄၄၀)ပိဿာနှင့်  စောင်(၇၇)ထည်တို့အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။  အဆိုပါ ထောက်ပံ့ပစ္စည်းများ အား  နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသဖြင့်  ပို့ဆောင်ရန်ခက်ခဲသောကြောင့်  ဗန်းမော်ခရိုင်ရုံးတွင် စုပုံထားရှိပြီး နယ်မြေ တည်ငြိမ်အေးချမ်းသွားပါက  ထောက်ပံ့ပစ္စည်းများအား   ဆက်လက်ပို့ဆောင်သွား မှာဖြစ်ပါတယ်။  ဒုတိယအကြိမ်  ထောက်ပံ့ပေးမှုတွင်လည်း  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စောင်များ  ထောက်ပံ့ ရန်အတွက်   ငွေကျပ်(၁၃၉.၈၈)သန်းအား   ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဥ်ဖြင့် ထောက်ပံ့ပေး နိုင်ရေး  စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။

၁၃။ ကချင်ပြည်နယ် မံစီမြို့နယ်၊ မံဝိန်းကြီးတိုက်ပွဲ တိမ်းရှောင် ပြည်သူများစခန်း (IDPs Camp)  (၅)ခု   (မံဝိန်းနှစ်ခြင်း ဘုရားကျောင်း၊   မံဝိန်းနှစ်ခြင်းရိုးရာနှင့် ယဥ်ကျေးမှုဘုရားကျောင်း၊ မံဝိန်း RC ဘုရားကျောင်း ၊မံဝိန်း RC ဘုရားကျောင်း(၂)မံဝိန်းမြို့ခံမိသားစု)တို့တွင် အိမ်ထောင်စု (၁၀၇၅)စု၊လူဦးရေ (၅၂၂၀)ဦးရှိပြီး ၎င်းစခန်း  (IDPs Camp)များမှာ    အစိုးရကွဲကဲမှု   ထိန်းချုပ်နယ်မြေတွင်  ရှိသည့်အတွက်  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)နှင့်နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန တို့မှ လစဥ်သွားရောက် ကူညီမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊   ဇန်နဝါရီလမှ  ဇူလိုင်လအထိ  ဆန်(၉၃၆၅)အိတ်၊ ဆီ(၂၂၀၈)ဖာ၊ ဆား(၁၃၃)အိတ်၊ပဲ(၁၂၆၀)အိတ်နှင့် အဟာရမှုန့်(၉၂)ဖာ တို့အား ကူညီထောက်ပံ့ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၁၄။ လုံခြုံရေးအခြေအနေ  အခက်အခဲများအရ ၂၀၁၆ ခုနှစ်၊သြဂုတ်လမှစ၍ ကူညီထောက်ပံ့မှု များကို   ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း    တွေ့ရှိရသော်လည်း ၂၀၁၆ ခုနှစ်၊  ဒီဇင်ဘာလ(၁၅)ရက်တွင် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ အနွေးထည်(၂၃၆၁)ထည်အား မံဝိန်းကြီး  တိုက်ပွဲရှောင်ပြည်သူများစခန်း(IDPs Camp)များသို့ သွားရောက်ကူညီထောက်ပံ့မှုဆောင်ရွက်ခဲ့ပါတယ်။

၁၅။ ကမ္ဘာ့ကုလသမဂ္ဂ (UN)အောက်ရှိ  NGO / INGO အဖွဲ့အစည်းများ၊ WFP နှင့်  ၎င်း၏ မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် မံဝိန်းကြီး တိုက်ပွဲရှောင်ပြည်သူများစခန်း(IDPs Camp)များသို့ သွားရောက် ထောက်ပံ့လိုပါကပြည်ထောင်စုအစိုးရအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်    ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနများသို့     တင်ပြ ခွင့်ပြုချက်ရယူ၍  လာရောက်ထောက်ပံ့မှုများအား  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်  ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ပေါင်းစပ်ညှိနှိုင်းကာ စိစစ်ကြပ်မတ်ခွင့်ပြုလျက်ရှိပါကြောင်းနှင့် လုံခြုံရေးအခြေအနေများ   တည်ငြိမ်လာပါက   အမြန်ဆုံး   ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်   ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအ‌ဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်း ဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဧရာဝတီတိုင်းဒေသကြီး၊      ငပုတောမဲဆန္ဒနယ်မှ      ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင် မေးမြန်းထားရှိတဲ့ ငပုတောမြို့နယ်ရှိ ပင်လယ်နှင့်နီးစပ်ပြီး မုန်တိုင်းအန္တရာယ်    ကျရောက်လေ့ရှိသော    ကျေးရွာများအတွက်   မုန်တိုင်းဒဏ်ခံအဆောက်အဦ (CycloneShelter)များ ထပ်မံ လုပ်ဆောင်ပေးရန် မည်သို့အလေးထားဆောင်ရွက်နေကြောင်း သိရှိလိုခြင်းနှင့်စပ်လျဥ်းသည့် မေးခွန်းအား  ဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား၍ ဦးစားပေးဆောင်ရွက်နေပါတယ်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးဖြစ်ပွားနိုင်ခြေများသောဒေသနှင့် ဖြစ်ပွား နိုင်သော ဘေးအမျိုးအစားအလိုက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မဲန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန်းအောင်၏ ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်ရှိပင်လယ်နှင့်နီးစပ်ပြီး မုန်တိုင်းအန္တရာယ်ကျ‌ရောက်လေ့ရှိသော ကျေးရွာများအတွက် မုန်တိုင်း ဒဏ်ခံအဆောက်အဦ (Cyclone  Shelter) များထပ်မံ ဆောက်လုပ်ပေးရန်  မည်သို့အလေးထား ဆောင် ရွက်နေကြောင်း သိလိုခြင်းမေးခွန်းနှင့်စပ်လျဥ်း၍ ဧရာ၀တီတိုင်းဒေသကြီးအတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အဦ(Cyclone Shelter)များ နိုင်ငံတော်ဘတ်ဂျက်ဖြင့်လည်းကောင်း၊ ပြည်တွင်း / ပြည်ပ စေတနာရှင်များ၏ အထောက်အပံ့ဖြင့်လည်းကောင်း မြို့နယ်(၈)မြို့နယ်တို့တွင် နာဂစ်မုန်တိုင်းအပြီး တည်ဆောက်ပေးခဲ့ရာ၌ လပွတ္တာမြို့နယ်တွင်(၂၈)လုံး၊ ဖျာပုံမြို့နယ်တွင် (၉)လုံး၊ ဒေးဒရဲမြို့နယ်တွင် (၅)လုံး၊ ဘိုကလေးမြို့နယ်တွင် (၉)လုံး၊ မော်လမြိုင်ကျွန်းတွင် (၂)လုံးနှင့်ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့တွင် (၁၄)လုံး၊ စုစုပေါင်း(၆၇)လုံးကို ဆောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

၂။ အဆိုပါတည်‌ေဆာက်ပြီးစီးသည့် ငပုတောမြို့နယ်အတွင်းရှိ Cyclone Shelter(၁၄)လုံးသည် အထက်တန်းကျောင်း၊ မူလတန်းကျောင်းများအဖြစ် အသုံးပြုလျက်ရှိသော Multipurpose Shelter များ ဖြစ်ပါတယ်။

၃။ ဧရာ၀တီတိုင်းဒေသကြီးအတွင်းမြို့နယ် (၈)မြို့နယ်တွင် Cyclone Shelter စုစုပေါင်း(၄၃)လုံး ဆောက်လုပ်ရန်လိုအပ်ပါကြောင်း    ဦးစားပေးအစီအစဥ်များအလိုက်    လျာထားတင်ပြထားချက်အနက် ငပုတောမြို့နယ်အတွင်းရှိဟိုင်းကြီး ကျွန်းမြို့တွင်(၆)လုံး၊ ငပုတောမြို့တွင်(၃)လုံး၊    စုစုပေါင်း(၉)လုံး ပါဝင်ပါတယ်။

၄။ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်အတွင်း  သာပေါင်းမြို့နယ်၊  ကျားရဲအုပ်စု၊  ကညင်ကုန်း ကျေးရွာခွဲ၌ အလျား(၁၃၀)ပေ၊အနံ(၃၀)ပေရှိ လူဦးရေ(၃၀၀)ဆံ့Cyclone Shelter(၁)လုံးကို    ငွေကျပ် (၁၂၉.၅၈၀)သန်းနှင့်   မြောင်းမြခရိုင်၊      အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာ၌ အလျား (၉၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၈)ပေရှိ   School  Cum  Shelter (၁)လုံးအတွက်  ငွေကျပ်(၈၆.၄၀၀)သန်းကို  အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုရန်ပုံငွေမှ  ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ငွေစာရင်းသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ဆောက်လုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။

၅။ ၂၀၁၇-၂၀၁၈   ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်၊     ကျွန်းသာယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာနှင့် ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူးကျေးရွာတို့၌ အလျား (၁၃၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၂၅) ပေရှိ Cyclone Shelter (၁)လုံးစီတို့အတွက် (၁)လုံးလျှင် ငွေကျပ် (၁၂၉.၅၈) သန်းဖြင့် Cyclone Shelter(၂)လုံးအတွက် စုစုပေါင်းငွေကျပ်(၂၅၉.၁၆)သန်းတို့အား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေစာရင်းသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ပါတယ်။

၆။ Cyclone Shelter များသည်  ဘေးအန္တရာယ်ဖြစ်ပွားသည့်အချိန်တွင် ဒေသတွင်းရှိ လူအားလုံးကို ခိုလှုံရန်မဖြစ်နိုင်ပါ။ မုန်တိုင်းအန္တရာယ်သည် မဖြစ်ပွားမီ(၂)ရက်၊(၃)ရက် ကြိုတင်သိရှိရ သည့်အတွက် မုန်တိုင်းလွတ်ရာသို့ ပြောင်းရွှေ့ရန် အချိန်လုံလောက်စွာ ရရှိသဖြင့် ရွှေ့ပြောင်းသွား ကြသည့်အချိန်တွင် ရွှေ့ပြောင်းရန် ကျန်ရစ်သူများကိုသာ မုန်တိုင်းအန္တရာယ်ကျရောက်သည့် ကာလ အတွင်း Cyclone Shelterနေထိုင်နိုင်ရေး ဦးစားပေးစီစဥ်ရခြင်းဖြစ်ပါတယ်။

၇။ Cyclone Shelter  များဆောက်လုပ်ပေးနိုင်ရေးအတွက် ဘတ်ဂျက်ခွင့်ပြု ရန်ပုံငွေမှ  နှစ်စဥ် လျာထား  တောင်းခံခဲ့သော်လည်း အခြားဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကြောင့် ဘတ်ဂျက် မရရှိခဲ့သဖြင့်    ဂျပန်နိုင်ငံနှင့်   တရုတ်နိုင်ငံတို့၏ အကူအညီဖြင့် ဆောက်လုပ်ပေးနိုင်ရေး တင်ပြ ဆောင်ရွက်ထားပါတယ်။ သို့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးစားပေးအလိုက်  တင်ပြလာမှုအပေါ်မူတည်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှကျခံသုံးစွဲ၍  ဆောက်လုပ်ပေးလျက်ရှိရာတွင်   Cyclone  Shelter  များကို   ယခုနှစ်အတွင်း ဧရာ၀တီတိုင်းဒေသကြီး သာမကရခိုင်ပြည်နယ်တွင်(၈)လုံး၊ ကရင်ပြည်နယ်တွင်(၂)လုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၃)လုံး၊ ပဲခူးတိုင်းဒေသကြီး(၁)လုံးနှင့် ချင်းပြည်နယ်တွင် (၁)လုံး စသည်တို့ကိုလည်း ဆောက်လုပ်ပေးခဲ့ ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။

အမှတ်စဉ်(၃) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအ‌ဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း ဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ  လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏  စာသားပြင်ဆင်ပြီး ကြယ်ပွင့်ပြမေးခွန်းဖြစ်သော“တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျော့ချရေး၊ ကူညီ ထောက်ပံ့ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဥ် ရှိ/မရှိ” နှင့်ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ မြန်မာနိုင်ငံသည်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (United Nations Convention on the Rights of Persons With Disabilities-UNCRPD) အား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူစာချုပ်ပါအခွင့်အရေးများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏   အခွင့်အရေးဥပဒေ (၂၀၁၅) ကိုလည်းကောင်း၊  မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကိုလည်းကောင်း ပြဌာန်းခဲ့ပြီးအဆိုပါပြဌာန်းချက်များတွင် ကလေးသူငယ် များ မသန်စွမ်းဖြစ်မှုလျော့ကျစေရေးအတွက် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုး တက်ခွင့်နှင့်အရည်အသွေး ပြည့်မီသော    ကျန်းမာရေးစောင့်ရှောက်မှုနှင့်   ဝန်ဆောင်မှုများရရှိခံစားနိုင် စေရန် အထူးကဏ္ဍတစ်ရပ်အနေဖြင့်ထည့်သွင်းပြဌာန်းပေးထားပါတယ်။

၄။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တိုင်းပြည် ၏ အနာဂတ်ကလေးသူငယ်များ မသန်စွမ်းဖြစ်မှုလျော့ချရေးအတွက်  အရေးကြီးသောလုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ရန်ပထမဦးစွာမသန်စွမ်း ကလေးများ၏ အခြေအနေကိုသိရှိစေရေးအတွက် ဆန်းစစ် လေ့လာမှုများပြုလုပ်ပြီး ဆန်းစစ်မှုအစီရင်ခံစာကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ထုတ်ပြန် ကြေငြာနိုင်ခဲ့ပါတယ်။ ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး တိုင်းတာစစ်ဆေးပံ့ပိုးမှု   Early Childhood Intervention (ECI)  လုပ်ငန်းစဥ်အား   ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့နယ်နှင့် ကန်ကြီး ထောင့်မြို့နယ်၊  စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နယ်၊  အရာတော်မြို့နယ်၊  ချောင်းဦးမြို့နယ်၊ မွန်ပြည်နယ်ရှိသထုံမြို့နယ်နှင့် ပေါင်မြို့နယ် စသည်ဖြင့် တိုင်းဒေသကြီး(၃)ခုနှင့် ပြည်နယ်(၁)ခုရှိ မြို့နယ် (၈)မြို့နယ်ရှိ နေရာ(၉)ခုတွင် ECI Program Pilot project  အနေဖြင့်  စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး  ၂၀၁၈-၂၀၂၀ တွင်  နိုင်ငံနှင့်အဝှမ်း လွှမ်းခြုံနိုင်ရန်  ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၅။ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (ဒီဇင်ဘာ၊၂၀၁၄)တွင် ဖော်ပြထားသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဥ် (၈)ရပ်အနက် မသန်စွမ်းသူများအား ကူညီထောက်ပံ့နိုင်ရန်မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းကို တစ်ခုအပါအဝင်အဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။ အဆိုပါ မဟာဗျူဟာစီမံချက်ပါအတိုင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်နိုင်ငံတော်၏ဘတ်ဂျက်ရရှိငွေအပေါ်တွင် မူတည်၍ လစဥ်ထောက်ပံ့မှုကို ကလေးသူငယ်အရွယ်နှင့် အရွယ်ရောက်ပြီး မသန်စွမ်းသူတို့ကို မသန်စွမ်း အမျိုးအစားပေါ်မူတည်၍ သက်ကြီးရွယ်အိုလူမှုရေး ပင်စင်ပေးသကဲ့သို့အဆင့်ဆင့်ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် တွင် အဓိက လုပ်ငန်းတစ်ခုဖြစ်သော   ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်   အသက်(၂)နှစ်အထိ ကလေး သူငယ်များကို ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်အရ မသန်စွမ်းကလေးသူငယ်များ၏ မိခင်များသည် တစ်လလျှင်ထောက်ပံ့ငွေကျပ်(၁၅၀၀၀)တိတိရရှိမည်ဖြစ်ပါတယ်။အခြားအဓိကလုပ်ငန်းတစ်ခုဖြစ်သောမသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ်အရ  မသန်စွမ်းကလေးသူငယ်တစ်ဦးလျှင် အကျိုးခံစားခွင့်အဖြစ် တစ်လလျှင် ကျပ်(၁၆၀၀၀)ရရှိမည်ဖြစ်ပြီး၊ အရွယ်ရောက်ပြီးသူဖြစ်ပါက အသက်(၆၄)နှစ်အထိတစ်လလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်ရန်၊ မသန်စွမ်းမှုလျော့ချနိုင်ရန်ရည်ရွယ်၍ မိုင်းအန္တရာယ်အသိ ပညာပေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိတဲ့အပြင်မိုင်းကြောင့်ထိခိုက်ခံစားရသူများအားငွေကြေးထောက်ပံ့ပေးလျက်ရှိပါတယ်။ ယခု၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူ များအား ထောက်ပံ့ပေးခြင်းအနေဖြင့် ကချင်ပြည်နယ်တွင် (၅)ဦး၊ ကယားပြည်နယ်တွင် (၇)ဦး၊ ကရင်ပြည်နယ် တွင်(၈)ဦး၊ ရှမ်းပြည်နယ်တွင်(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးအား တစ်ဦးလျှင်ကျပ် နှစ်သိန်း နှုန်းဖြင့် စုစုပေါင်းကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။  ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍လည်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ၊ အကူကိရိယာမပါဘဲ သတင်းအချက်အလက် ကောက်ယူစုဆောင်းခြင်း (Non Technical Survey-NTS) တို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

၆။ ထို့ပြင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာရှိသော(သို့မဟုတ်) မသန်စွမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းတို့ကို ခံစားရနိုင်ခြေရှိသောမွေးစမှအသက်၅နှစ် အထိရှိသော ကလေးသူငယ်များ၏ မိသားစုများအတွက် ဝန်ဆောင်မှုများပေးသည့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention - ECI)စနစ် တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေပြီး၊ ၎င်းစနစ်အရ ကလေးသူငယ်များတွင် မသန်စွမ်းမှုဖြစ်နိုင်ခြေ ကာကွယ်လျော့ချနိုင်ခြင်းနှင့်မသန်စွမ်းကလေးသူငယ်များအပေါ်တွင်မသန်စွမ်းမှု၏အကျိုးသက်ရောက်မှုတို့ကိုစောစီးစွာသိရှိလျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

၇။ နိုင်ငံတော်အနေဖြင့် မသန်စွမ်းမှုအလိုက် မသန်စွမ်းကျောင်း(၈)ကျောင်း တည်ထောင်၍ နှစ်စဥ် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေးကိစ္စများ ဆောင်ရွက်ပေးနေသကဲ့သို့   အစိုးရဝန်ကြီးဌာနများအချင်းချင်းသော် လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် ပြည်တွင်း၊ ပြည်ပစေတနာ့ဝန်ထမ်း မသန်စွမ်းအသင်းအဖွဲ့များနှင့်လည်း  ချိတ်ဆက်ပူးပေါင်း၍  ကာကွယ်စောင့်ရှောက်မှုများ၊ ပံ့ပိုး ကူညီမှုများ ဆောင်ရွက်လျက်ရှိပါတယ်။

၈။ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ နည်းဥပဒေ(မူကြမ်း)အား ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သဘောထားမှတ်ချက်ပြုရန် မရှိပါကြောင်းပြန်ကြားလာပြီး ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။

၉။ ထို့အပြင်မသန်စွမ်းသူများ၏ အခွင်‌့အရေးဥပဒေအရ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ   အမျိုးသားကော်မတီကို    ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဥ်  (၁၃/၂၀၁၇)မှ သဘောတူခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။    အဆိုပါ   အမျိုးသားကော်မတီဖွဲ့စည်းမှုတွင် ဒုတိယဥက္ကဋ္ဌ(၁)၏နေရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂)၏ နေရာတွင် မသန်စွမ်းသူများအသင်းချုပ်၏ ဥက္ကဋ္ဌအားလည်းကောင်း၊ မသန်စွမ်းသူအမျိုးအစားအလိုက် မသန်စွမ်းကိုယ်စားလှယ်များအား အဖွဲ့ဝင်များအဖြစ်လည်းကောင်းထည့်သွင်းဖွဲ့စည်းထားရှိပါတယ်။ ယင်းသို့ မသန်စွမ်းများကိုယ်တိုင် ထည့်သွင်းဖွဲ့စည်း၍ ပါဝင်ဆောင်ရွက်စေခြင်းဖြင့် တိုင်းပြည်အနာဂတ်အကျိုးစီးပွားအတွက် မသန်စွမ်းမှု လျော့ချခြင်း၊ ကူညီထောက်ပံ့ခြင်းနှင့် ကာကွယ်စောင်‌့ရှောက်ခြင်းလုပ်ငန်းများအားပိုမို တိုးမြှင့် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ် ပါတယ်။ 

အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။



MOS

DSW

DDM

DOR