လွှတ်တော်အတွင်းဆောင်ရွက်ချက်များ

စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးအောင်သောင်းရွှေဘူးသီးတောင်မဲဆန္ဒနယ်၊ရခိုင်ပြည်နယ်။
ရခိုင်ပြည်နယ်၊မြောက်ပိုင်းဒေသတွင်နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက်လည်းကောင်း၊ ဒေသခံဌာနေ တိုင်းရင်းသားတို့၏အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသောလူမှုဘဝကိုထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည်စီမံကိန်းများ ပွင့်လင်းမြင်သာစွာချမှတ်၍ထိရောက်သောအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို။


အမှတ်စဥ်(၁) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအ‌ဝေးတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ အဆိုနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ၏ “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသတွင်နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက်လည်း ကောင်း၊ဒေသခံဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည်စီမံကိန်းများ ပွင့်လင်း မြင်သာစွာချမှတ်၍ ထိရောက်သော အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဥ်း၍လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်အား မိမိမဲဆန္ဒနယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်‌မြောက်ပိုင်းဒေသရဲ့ အချုပ်အခြာအာဏာနှင့် နယ်‌မြေတည်တံ့ခိုင်မြဲရေး၊ ဒေသခံတိုင်းရင်းသားတို့ရဲ့ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝ ထူထောင်ရန်နှင့် အစိုးရက ပွင့်လင်းမြင်သာစွာ ရေတိုရေရှည်စီမံကိန်းများချမှတ်ပေးရန် တိုက်တွန်းခြင်း ဖြစ်တဲ့အတွက် အဲဒီတိုက်တွန်းချက်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မိမိရဲ့ မဲဆန္ဒနယ်မြေ ပြည်သူများအတွက် အကျိုးကိုမျှော်၍ အစိုးရကို တိုက်တွန်းခြင်းဖြစ်သောကြောင့် လျော် ကန်သင့်မြတ် တယ်လို့ဆိုချင်ပါတယ်။ သို့သော်လည်း အစိုးရရဲ့ ဆောင်ရွက်ခဲ့မှုများ လက်ရှိဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများဟာ ကိုယ်စားလှယ်ကြီး၏ လိုလားတောင့်တမှုများနှင့် ကိုက်ညီ နေကြောင်း ရှင်းလင်း‌ဖြေကြားလိုပါတယ်။

၂။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ဆွေးနွေးချက်မှာ ရခိုင်ပြည်နယ်၌ ဒေသခံတိုင်းရင်းသား များ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု မရှိခြင်း၊ ဒေသဖွံ့ဖြိုးနိမ့်ကျခြင်းများသည် လွတ်လပ်ရေး မရမီကပင် စတင်ခဲ့ရာ လွတ်လပ်ရေးရပြီး ခေတ်ကာလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်နှင့် နဝတ၊ နယက အစိုးရခေတ်များတွင်လည်း ဒေသခံတိုင်းရင်းသားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိလို့ ပါရှိပါတယ်။ ယခု ဒီမိုကရေစီခေတ်အစိုးရ သစ်လက်ထက်မှာ ယခင်အစိုးရအဆက်ဆက်၏ ဆောင်ရွက်မှုများမှ အားနည်းချက်၊ အားသာချက် များကို ပြန်လည်သုံးသပ်ပြီး လက်ရှိအ‌ခြေအနေနှင့် အနာဂတ်အတွက် ရှေးရှုပြီး ရေရှည်တည်တံ့ခိုင်မြဲ သော ထူထောင်ရေးလုပ်ငန်းများဖြစ်အောင် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ရာ လက်ရှိအစိုးရက ချမှတ်ထားသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသော မူဝါဒများဖြင့် ဆောင်ရွက် နေမှုများဟာ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ လိုလားချက်များအတိုင်း အမှန်တကယ်ရရှိခံစားနိုင်မည် ဖြစ်ပါတယ်။

၃။ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က တင်သွင်းသည့်အဆိုကို  ယခု လွှတ်တော်ကိုယ်စားလှယ်များက   အင်တိုက် အားတိုက်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်တွေဟာ ရခိုင်ပြည်နယ်အချုပ်အခြာအာဏာတည်မြဲရေးနှင့် နယ်‌ြေမလုံခြုံရေး၊ ဒေသခံ တိုင်းရင်းသားများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ ပါဝင်ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ ကြတဲ့အပြင် နိုင်ငံတော်အစိုးရ၊တပ်မတော်၊ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ခြင်းလည်း ဖော်ထုတ်ဆွေးနွေးခဲ့ကြတာကို တွေ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံတော်အစိုးရကို လက်ရှိအစိုးရဆောင်ရွက်ချက်ရဲ့ အားသာချက်နှင့်အားနည်း ချက်များကိုဖော်ထုတ်ပြီး အကြံပြုခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက်ထားတဲ့အတွက်ကြောင့်၊ ပါဝင် တဲ့အတွက်ကြောင့် ကြိုဆိုပါကြောင်းနှင့် ပါဝင်ဆွေးနွေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့အရေးကို အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့အခါမှာ မီးစင်ကြည့် ကခြင်း မဟုတ်ဘဲ စနစ်တကျဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။

၄။ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာ ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုမိုးရေးတို့အတွက် လုပ်ဆောင်ရန် များစွာရှိနေပြီး အစိုးရအနေနဲ့ အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်များဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်လည်း ဆက်စပ် ကိုက်ညီနေလျက်ရှိပါတယ်။ အကြံပြုချက်များဟာ ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက်ဖြစ်ခဲ့တဲ့ ပဋိပက္ခများရဲ့ အခြေခံအကြောင်းအရင်းများကို ဖော်ထုတ်‌ဖြေရှင်းခြင်းနဲ့ ရေရှည် ပဋိပက္ခကင်းဝေး၍ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်တစ်ခုဖြစ်ရန် အထောက်အကူများစွာ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ််စဥ်ရဲ့ နောက်ဆက်တွဲဖြစ်ရပ်များအပေါ် အခြေခံပြီး ချမှတ်ခဲ့တဲ့ UEHRD(Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine State) ပြည်ထောင်စုစီမံကိန်းရဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းအဖွဲ့များနဲ့ အကောင်အထည်ဖော် ဆောင် ရွက်နေမှုများဟာလည်း ကိုယ်စားလှယ်ကြီးလိုလားတဲ့ ရခိုင်ပြည်သူအားလုံးအတွက် ရေရှည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိပြီးတော့ ဒေသခံတိုင်းရင်းသားများအတွက် ထိရောက် တဲ့ ပြန်လည်ထူထောင်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၅။ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရသစ်တာဝန်ယူပြီးစ အချိန်ကစပြီးတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်မှာ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီလေးခုနဲ့ အကောင်အထည််ဖော်ဆောင်ရွက်တဲ့ နေရာမှာ ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် မိမိက တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ဒေသခံတိုင်းရင်းသားတွေဟာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုကြောင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကို လည်းကောင်း၊ နိုင်ငံရပ်ခြားများသို့လည်းကောင်း သွားရောက်လုပ်ကိုင်ခြင်း၊ ရွှေ့ပြောင်းနေထိုင်ခြင်းများ ရှိခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားများ မိမိတို့ရဲ့ဒေသမှာ အလုပ်အကိုင်ရရှိပြီး ပြန်လည်နေထိုင်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ပူးပေါင်း၍ စစ်တွေမြို့မှာ Smart အထည်ချုပ် စက်ရုံ၊  ခိုင်ပြည်စိုးအထည်ချုပ်စက်ရုံ၊ ရွှေကျားလက်ယက်ကန်းစက်ရုံတို့ကို အစိုးရ၏ မတည်ပံ့ပိုးမှုဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး အမျိုးသမီး ၂၅၀ တို့သည် အလုပ်အကိုင်များရရှိခဲ့ကြပြီး မိမိတို့ဒေသတွင် ပြန်လည် အခြေချ နေထိုင်နိုင်ခဲ့ပါတယ်။ အလားတူ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကြီးများတဲ့ အထည်ချုပ်စက်ရုံများဖွင်‌့လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

၆။ ဒေါက်တာကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်သည့်အနေဖြင့် ဒေသခံပြည်သူများ ပိုမိုအကျိုးခံစားခွင့်ရရှိနိုင်စေရန် ရင်းနှီး မြှုပ်နှံမှုကော်မတီကို ၇-၇-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးကို ၃၀-၁၀-၂၀၁၇ ရက်နေ့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့နိုင်ပါတယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မွေးမြူရေးနှင့် ရေလုပ်ငန်းခြောက်ခု၊ ဆောက်လုပ်ရေးလုပ် ငန်းနှစ်ခု၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၂၇ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု စုစုပေါင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက်ခွင့်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျောက်ဖြူဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးဆိုင်ရာတာဝန်ခံမှု Corporate Social Responsibility- CSR ဆောင်ရွက်ပေးမှုများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုမည့်သူများက ကျောက်ဖြူ မြို့နယ်မှာရှိတဲ့ ကျေးရွာ ၅၀ အတွက် လှည့်ပတ်ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ မတည်ပေးခြင်း၊ Caterpillar Company နှင့် ပူးပေါင်း၍ စက်ကြီးမောင်းသင်တန်းဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက် ပေးခဲ့ပါတယ်။ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍမှာ ရွှေစီမံကိန်းမှ ကျပ်သိန်းပေါင်း ၇၆၂၉.၀၇ နှင့်အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက အမေရိကန်ဒေါ်လာ ၈၇၆၂၅၇.၆၅ နဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၇။ အလုပ်သမားစျေးကွက်နှင့် သက်ဆိုင်တဲ့ လေ့လာဆန်းစစ်မှုများ Labour  Market Assessment (LMA) ပြုလုပ်သွားနိုင်ရေး ILO နှင့် ညှိနှိုင်းထားရှိပြီး စီမံဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ Labour  Market Assessment (LMA) ပြုလုပ်ရန် စီမံဆဲကာလမှာ အမျိုးသမီးများနှင့် သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရရှိရေး အတွက် သင်တန်း ၂၂ မျိုးမှာ သင်တန်းသား စုစုပေါင်း ၂၁၆၀ ဦး တက်ရောက်နိုင်ခဲ့ပါတယ်။ ဂျာမနီ နိုင်ငံ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ GIZ အဖွဲ့အစည်းရဲ့ပံ့ပိုးမှုနဲ့ ကျောက်ဖြူဒေသခံ အမျိုးသမီးများအား ရန်ကုန်မြို့မှာ စက်ချုပ်သင်တန်းတက်ရောက်ရန် စီစဥ်ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ ဒါ့အပြင်  စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်ပေးခြင်း၊ သံချီသံကွေး၊  ဂဟေဆက်၊  လျှပ်စစ်အသေးစားစက်ပြင်သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ UEHRD ပြည်ထောင်စုစီမံကိန်းရဲ့ လုပ်ငန်းအဖွဲ့များဖြစ်ကြတဲ့ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စီးပွားရေးဇုန်များဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်း ကျောင်းသင်တန်းများ စီစဥ်ဖွင့်လှစ်ရေး၊ အသေးစားငွေကြေးထောက်ပံ့မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးအဖွဲ့များကလည်း ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံလုပ်ငန်းရှင်များ နှင့် ပူးပေါင်း၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

၈။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကလေးသူငယ်များ အာဟာရအညွှန်းကိန်းမြင့်မားတိုးတက်လာ စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားတဲ့ အနာဂတ်မျိုးဆက်သစ် သားကောင်းရတနာများ မွေးထုတ်ပေးရန် ရည်ရွယ်ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက အမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါ စီမံကိန်းတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော နှစ်နှစ်အောက်ကလေးများအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဥ် (Maternal and Child Cash Transfer Program)ကို ရခိုင်ပြည်နယ်မှာ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးစာအတွက် အကျိုးခံစားခွင့်ရှိသူပေါင်း ၄၆၇၀၂  ဦးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒီအစီအစဥ်မှာ မိသားစု စီမံကိန်းကိစ္စပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးရှုထောင့်ကပဲဖြစ်ဖြစ်၊ စီးပွားရေးရှုထောင့်ကပဲ ဖြစ်ဖြစ်၊ မိသားစုအရေးကိစ္စနှင့်ပဲဖြစ်ဖြစ် အလွန်အကျိုးဖြစ်ထွန်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ လူမှုရေး ပင်စင် ထောက်ပံ့မှုကိုလည်း အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားတွေအတွက်ကို ထောက်ပံ့ပေးလျက် ရှိရာမှာ တတိယသုံးလပတ်အတွက် ဘိုးဘွားဦးရေ ၁၇၄၂ ဦးကို ထောက်ပံ့ငွေ ကျပ် ၅၂.၂၆၀ သန်းကို ထောက်ပံ့ပြီးဖြစ်ပါတယ်။ 

၉။ ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးငါးနှစ် စီမံကိန်း(Social Economic Development  5 years Plan )ကို ရေးဆွဲထားပြီးဖြစ်ရာ စိစစ်၍ ဦးစား ပေးလုပ်ငန်းများအလိုက် အဆင့်ဆင့်ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးလိုလားတဲ့ ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်။

၁၀။ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ခိုင်ခံ့ကောင်းမွန်ရေး၊ ရေပိုင်နက်နယ်နိမိတ် လုံခြုံရေးတို့ဟာ အဓိကကျတဲ့အချက်များဖြစ်တဲ့အတွက်ကြောင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့်ပတ် သက်ပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးနှင့် အကြမ်းဖက်သမားများ ၏ အန္တရာယ်ကလုံခြုံရေးတို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်ထိစပ် နယ်နိမိတ်တစ်လျှောက် နယ်စပ်ခြံစည်းရိုးပျက်စီးမှုများအား ပြုပြင်ခြင်း၊ နယ်စပ်ခြံစည်းရိုးကင်း လှည့်လမ်းပြုပြင်ခြင်း၊ ချဥ်းကပ်လမ်းများ၊ တံတားများနှင့် ကင်းစခန်းများ ပြုပြင်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါတယ်။ နယ်စပ်ခြံစည်းရိုးတည်ဆောက်ခြင်းကို ၂၀၀၉ခုနှစ်မှစတင်၍ သဲသောင်ပြင်ပိုင်း၊ တာပေါင်ပိုင်းနှင့် တောင်ပေါ်ပိုင်းဟူ၍ ခြံစည်းရိုးအမျိုးအစားသုံးမျိုးဖြင့် အဆင့်ဆင့်တည်ဆောက်လျက် ရှိရာ ကျန်ရှိတဲ့ ၃၉.၂၁၇ မိုင်ကို လာမယ့်ပွင့်လင်းရာသီမှာ လုပ်ငန်း စတုတ္ထအဆင့်အဖြစ် နယ်စပ်ခြံစည်းရိုးစီမံကိန်း (ကျီးကန်းပြင်)က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၁။ တုံးချောင်းဝမှ BP 66 ထိ ခြံစည်းရိုးပျက်စီးမှုများနှင့် ဖျက်ဆီးခံရမှုများကို ၂၀၁၇ ခုနှစ်၊စက်တင် ဘာလမှစ၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ခြံစည်းရိုးများ ပိုမိုလုံခြုံ ကောင်းမွန်စေရေးအတွက် ခြံစည်းရိုးနှစ်ထပ်ကာရံမှုများအဖြစ် အဆင့်မြှင့်တင်ခြင်းကို ရဲအောင် ချောင်းဝ ကင်းစခန်းမှ BP 36 ထိ ၆.၃ မိုင်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဆောင်ရွက် လျက်ရှိရာ ယခု အခါမှာ ၇၂ ရာခိုင်နှုန်းပြီးစီးပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်မှု မရှိစေရေး အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြင့် နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကင်းစခန်းများ၊ လှည့်ကင်း များဖြင့် စိုးမိုးခြင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့များပူးပေါင်း၍ နယ်စပ် တစ်လျှောက် ပူးတွဲကင်းလှည့်ခြင်း၊ ဒေသခံအမာခံသတင်းပေးများဖြင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရယူခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရေလမ်းခရီးမှ အကြမ်းဖက် သမားများဝင်ရောက်လာမှု မရှိစေရေးအတွက် တပ်မတော်(ရေ)မှ Navy SEALs တပ်ဖွဲ့ဝင်များဖြင့် နတ်မြစ်တစ်လျှောက် လှည့်ကင်းများဖြင့်လည်းကောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ချောင်းဝကင်းစခန်း များထားရှိ၍လည်းကောင်း၊ လုံခြုံရေးနှင့်နယ်မြေ စိုးမိုးရေးများ ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးရွာ အလိုက် ဒေသခံတိုင်းရင်းသားများ စိုးရိမ်ကြောင့်ကြမှု မရှိစေရေးအတွက် ကျေးရွာများအနီးရှိ နယ်ခြား စောင့်ကင်းစခန်းများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်း၍ ကျေးရွာလုံခြုံရေးကင်းချထားခြင်း များ ဆောင်ရွက်လျက်ရှိပါတယ်။

၁၂။ နယ်မြေလုံခြုံရေးနှင့်ပတ်သက်ပြီး  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အပြင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ကိုပါထားရှိ၍ တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ မောင်တောမြို့နယ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ တောင်ပြိုလက်ဝဲနယ်မြေရဲစခန်းနှင့် လုံခြုံရေးကင်းစခန်း ၁၀ ခု၊ ဘူးသီးတောင်မြို့နယ်မှ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ လုံခြုံရေးရဲစခန်းသုံးခုနှင့် ဘူးသီးတောင်အကျဥ်းထောင် လုံခြုံရေးရဲကင်း စခန်း၊ ရသေ့တောင်မြို့နယ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် လုံခြုံရေးရဲကင်းစခန်းနှစ်ခု ဖွင့်လှစ်ပြီး နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ၂၅-၈-၂၀၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဥ်များဖြစ်ပွားပြီးနောက် နယ်မြေအ‌ခြေအနေအရ ယခင်ရှိတဲ့ ရဲကင်းစခန်း ၁၂၉ ခုကို စုစည်း၍ ရဲကင်းစခန်း ၉၅ ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကင်းစခန်း အသစ် လေးခုကို    အသစ်ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့တဲ့အတွက်ကြောင့်  ယခုလက်ရှိမှာ  နယ်မြေရုံး  ၁၁ ခု၊ နယ်မြေ ရဲစခန်း ၁၂ ခု၊ မိုင်တိုင်ကင်းစခန်း ၁၆ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ ရဲကင်းစခန်း ၉၅ ခု၊ စုစုပေါင်း ၁၆၁ ခုဖြင့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

၁၃။ ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်(ဆင့်ပွား)သင်တန်းအမှတ်စဥ်(၁/၂၀၁၇)သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိနှင့်အခြားအဆင့် ၃၀ ဦး၊ ဂျပန်နိုင်ငံမှာဖွင့်လှစ်တဲ့ Community Policing  သင်တန်းသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ ၁၀ ဦးတက်ရောက်ခဲ့ပါတယ်။လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်း (ဆင့်ပွား)သင်တန်းအမှတ်စဥ်(၁/၂၀၁၇)ကို အရာရှိ/အခြားအဆင့်  ၁၃၀ ဦး တက်ရောက်ခဲ့ပါတယ်။ ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ(ဆင့်ပွား)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြား အဆင့် ၃၀ ဦး တက်ရောက်ခဲ့ပါတယ်။ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များအားလုံးဟာ အမည်ရင်ထိုးများ ထင်ရှားမြင်သာစွာ တပ်ဆင်ထားရှိရန် သတ်မှတ်ထားရှိပြီး ဖြစ်ပါတယ်။ အမှတ်(၁)နယ်ခြားစောင့်တပ်ဖွဲ့ဌာနချုပ် ဝင်/ထွက်ဂိတ်၊ နယ်မြေရဲစခန်းနှင့် ချောင်းပေါက်ဝကင်းစခန်းတွေမှာ CCTV ကင်မရာ ၁၄ လုံးတပ်ဆင်ထားရှိ၍ လုံခြုံမှုဆိုင်ရာကိစ္စများ ဆောင်ရွက်လျက်ရှိတယ်။ ဒေသခံတိုင်းရင်းသား ဘာသာစကားသင်တန်း အမှတ်စဥ်(၁/၂၀၁၇)ကို အရာရှိ/အခြားအဆင့် ၃၀ ဦးနဲ့ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူများ လုံခြုံမှု အတွက် ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်( Community Policing System)ကို ဖော်ဆောင် လျက်ရှိပါ တယ်။

၁၄။ နယ်စပ်ဒေသတစ်လျှောက် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အတွက်လည်းကောင်း၊ ဒေသခံတိုင်းရင်းသားတို့ရဲ့ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝ ထူထောင်ရန်အတွက်လည်းကောင်း၊ တပ်မတော်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ ပြည်သူ့စစ်ဌာနအဖွဲ့များအနေဖြင့် ပူးပေါင်းပြီး တိုင်းရင်းသားပြည်သူတို့ရဲ့ လုံခြုံရေးအတွက် နယ်မြေ စိုး မိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ် အထူးတပ်ဖွဲ့ များ၊ လူကုန် ကူးတားဆီးရေးရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

၁၅။ ဒေသခံတိုင်းရင်းသားတွေကို စုစည်းပြီး ရပ်ရွာသစ်များ ပြန်လည်တည်ဆောက်ရန် စီစဥ်လျက် ရှိရာ မြိုတိုင်းရင်းသားများအတွက် သစ်တုံးနားခွဆုံ၊ နတ်ချောင်း၊ ဇော်မတက်ရွာတို့တွင်လည်းကောင်း၊ ခမီ၊ ဒိုင်းနက်၊ ချင်းနှင့်မြိုတိုင်းရင်းသားများအတွက် ပဒကားရွာသစ်တွင်လည်းကောင်း၊ ရခိုင် တိုင်းရင်းသားများအတွက် မင်းကြီးရွာသစ်၊ အထက်ပြူးမနှင့် ကွမ်းသီးပင်ကျေးရွာများမှာလည်းကောင်း၊ မာရမာကြီး တိုင်းရင်းသားများအတွက် လောင်းဒုံရွာမှာလည်းကောင်း၊ သက်တိုင်းရင်းသားများအတွက် သက်ကိုင်ညာ ကျေးရွာမှာလည်းကောင်း၊ ဒိုင်းနက်လူမျိုးများအတွက် ကာလာဒေးဖက်ကျေးရွာမှာ လည်းကောင်း၊ ဟိန္ဒူဘာသာဝင်များအတွက် အိုးထိန်း၊ ရဲဘောက်ကျ၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင်ကျေးရွာများမှာလည်းကောင်း ရွာသစ်များထူထောင်ပေးလျက်ရှိခြင်း၊ ထူထောင်ရန် စီစဥ်ထားရှိခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။

၁၆။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိရာမှာ သွားလာမှုလွယ်ကူမြန်ဆန်စေဖို့အတွက် မဟာဗျူဟာလမ်းများ၊ ရွာချင်းဆက်လမ်းများပြုပြင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ လိုအပ်တဲ့နေရာတွေမှာ လမ်းကွန်ယက်များ စနစ်တကျ ရေးဆွဲဆောင်ရွက်ခြင်း၊ ပျက်စီးသွားသောလမ်း၊ တံတားများ အမြန်ပြုပြင်ြခင်း၊ မြေလမ်း၊ ကျောက်လမ်း၊ ကွန်ကရစ်လမ်းများဖောက်လုပ်လျက်ရှိခြင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း၊ ရဟတ်ယာဥ် ကွင်းသစ်များ တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ တံတား(၂၀)စင်းဆောက်လုပ်ခြင်းနှင့် မေယုတောင်ကျော်လမ်းအသစ်နှစ်လမ်းဖောက်လုပ်ခြင်းတို့ကို ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းအလိုက် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်နေရာချထားရေးဆောင်ရွက် ရာမှာ ရွာများအတွင်းနှင့် နယ်မြေဒေသပတ်ဝန်းကျင်မှာ အကြမ်းဖက်သမားများ ထပ်မံခိုလှုံနိုင်ခြင်း မရှိစေရန် သက်ဆိုင်တဲ့ ဝန်ကြီးဌာနများမှ အလေးထားညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင် ပြည်နယ်အတွင်း လျှပ်စစ်မီးတိုး မြှင့်ရရှိရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဓာတ်အားစနစ်ဖြင်‌့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များအတွက် ၆၆ ကေဗွီဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံများ တည်ဆောက်လျက်ရှိပြီး ရသေ့တောင်မြို့ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင်လည်းကောင်း၊ ဘူးသီးတောင် မြို့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင်လည်း ကောင်း၊ မောင်တောမြို့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်ရရှိ လာပါက အဆိုပါမြို့သုံးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ လျှပ်စစ်မီးသုံးသူအိမ်ထောင်စု ၂၇၀၄၇ စုကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ၂၄ နာရီ ဓာတ်အားပေး နိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်လျက်ရှိရာမှာ ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် အဓိကထားဆောင်ရွက်လျက် ရှိ ပါတယ်။ အဲဒီအတွက် ၂၈-၁၀-၂၀၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ် အတွင်းရှိ လူမှုအဖွဲ့အစည်း ၁၅ ဖွဲ့မှ ပြည်သူများ၊ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၊ ရခိုင်ပြည် နယ် နှစ်ဖက်အဖွဲ့အစည်းမှ ပြည်သူများပါဝင်တဲ့ Diversity Management In the Age of Globalization ဖိုရမ်ကို နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်များမှာ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် အဲဒီဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးစုအသီးသီးမှ ကိုယ်စားလှယ်များ၊ လူမျိုးစုငယ်များမှ ကိုယ်စားလှယ်များပါဝင်တဲ့အဖွဲ့ဟာ ဒေသ ဖွံ့ဖြိုးရေး၊လူ့အဖွဲ့အစည်းများ ပေါင်းစည်းရေးဆိုင်ရာ အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ထပ်မံကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။

၁၇။ ၎င်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်အနေနဲ့ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများနှင့် ပြည်သူများ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်အဆင့် ဌာနဆိုင်ရာများ၊ သံဃာတော်များ၊ ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး၊ ညှိနှိုင်းဆွေးနွေးခြင်းများကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ ၇ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါ တယ်။ နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိတဲ့ ပြည်ထောင်စုစီမံကိန်း UEHRD ကို အကောင်အထည် ဖော်ရာမှာ မူဝါဒများ၊ ဥပဒေများနှင်‌့အညီ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီ ချက်တစ်ရပ်၊ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့၏ သဘောတူညီ ချက်နှစ်ရပ်ဖြင့် စနစ်တကျ စီစဥ်ဆောင်ရွက် လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များအညီ ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်နေရာချထား ရေး၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ရခိုင်ဒေသခံ တိုင်းရင်းသား များနှင့် လူနည်းစုတိုင်းရင်းသားများ ပိုမိုလုံခြုံစိတ်ချရသည့် အခြေအနေရရှိစေရန် ဆောင်ရွက်လျက် ရှိပြီး ကျေးရွာများ ပြန်လည်တည်ဆောက်ရေးစီမံကိန်းကို ရေးဆွဲရာမှာလည်း ပြည်သူများ၏ လုံခြုံဖွံ့ဖြိုးရေးကို အခြေခံ၍ စံနှုန်းများနှင်‌့အညီ ဆောင်ရွက်ထားရှိပါတယ်။

၁၈။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ပြည်လည်ထူ ထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ် တစ်ခုကို ထပ်မံဖွင့်လှစ်၍  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း  တစ်ပါတည်း တင်ပြ အပ်ပါတယ်။ ပြည်သူ့အစိုးရအနေနဲ့ ပြည်သူများရဲ့ လိုလားချက်များကို ဖြည့်ဆည်းဖို့နှင့် ပြည်သူများရဲ့ အကျိုးကို ဖော်ဆောင်ရန် တာဝန်ရှိပါတယ်။

၁၉။ ရခိုင်ပြည်နယ်ရဲ့အရေးဟာ မြန်မာနိုင်ငံရဲ့အရေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ အရေးကိစ္စများဟာ မြန်မာနိုင်ငံတစ်ခုလုံးအပေါ်မှာလည်း အကျိုးသက်ရောက်မှုများစွာရှိနေ ပါတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏အကျိုးကို ကိုင်တွယ်ဆောင်ရွက် ရာမှာ တစ်နိုင်ငံလုံး၏ အရေးကဲ့သို့ သတိကြီးစွာထား၍ အမြင်ကျယ်ကျယ်ဖြင်‌့ ကိုင်တွယ်ဆောင်ရွက်ရန် များစွာလိုအပ်ပါတယ်။ သို့ဖြစ်ပါ၍ အထက်တွင်တင်ပြခဲ့သည်‌့အတိုင်း အစိုးရ၏ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများသည် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ရခိုင်ပြည်နယ် ဒေသခံတိုင်းရင်းသားများ အကျိုးအတွက် လိုလားတောင့်တမှု များနှင့်ကိုက်ညီလျက်ရှိပါသဖြင့် ယခု အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့်  လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။


MOS

DSW

DDM

DOR