လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးဇုန်လှယ်ထန်း မဲဆန္ဒနယ်အမှတ်(၄)၊ ချင်းပြည်နယ်၊ 
ဖလမ်းမြို့၊မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မိုးရွာသွန်းမှုကြောင့် ရွာများအက်ကွဲမှုကြောင့် မြို့ပြစီမံကိန်းသို့ ပြောင်းရွှေ့လိုသူများသည် လူမှု အဆောက်အအုံများ ဇုန် Proposed Location for Sport Complex နှင့် အထက်တန်းကျောင်း ဆောက်ရန်လျာထားသည့် နေရာတွင်ကျူးကျော် ပြောင်းရွှေ့ ခွင့်မပြုဘဲ လူနေဇုန်လျာထားသည့် နေရာများတွင်သာ ပြောင်းရွှေ့ခွင့်ပြုရန် အစီ အစဉ်ရှိ/မရှိနှင့် အစိုးရသက်တမ်းကုန်ဆုံးမည့် အချိန်တွင် မြို့ပြစီမံကိန်း မည်သည့်အဆင့် ရောက်ရှိနေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

၂။ဦးဥက္ကာမင်း မဲဆန္ဒနယ်အမှတ်(၈) တနင်္သာရီတိုင်းဒေသကြီး၊
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လူငယ် ရေးရာမူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အစီအစဉ်ရှိ/မရှိ

၃။ဦးကိုကိုနိုင် မဲဆန္ဒနယ်အမှတ်(၈) စစ်ကိုင်းတိုင်းဒေသကြီး၊ 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့်ကလေး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝ ဘေးအန္တရာယ်ကျရောက် လာပါက ဘေးလွတ် ရာသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန်အတွက် နိုင်ငံတော်မှသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အဆောက်အဦများ ဆောက်လုပ်ပေးထားရန်  အစီအစဉ်ရှိ/မရှိ


အမှတ်စဉ်(၁) ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင်ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄)မှလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ ကြယ်ပွင့်ပြ မေးခွန်းအားရှင်းလင်းဖြေကြားချက်  

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း မေးမြန်းထားရှိတဲ့ ဖလမ်းမြို့၊မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မိုးရွာသွန်းမှုကြောင့် ရွာများအက်ကွဲမှုကြောင့် မြို့ပြစီမံကိန်းသို့ ပြောင်းရွှေ့လိုသူများ သည် လူမှုအဆောက်အအုံများ ဇုန် Proposed Location for Sport Complex နှင့် အထက်တန်းကျောင်းဆောက်ရန်လျာထားသည့် နေရာတွင် ကျူးကျော်ပြောင်းရွှေ့ ခွင့်မပြုဘဲ လူနေဇုန်လျာထားသည့် နေရာများတွင်သာ ပြောင်းရွှေ့ခွင့်ပြုရန် အစီ အစဉ်ရှိ/မရှိနှင့်အစိုးရသက်တမ်းကုန်ဆုံးမည့် အချိန်တွင် မြို့ပြစီမံကိန်း မည်သည့် အဆင့်ရောက်ရှိနေသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းအား ချင်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်း ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၃။ ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ဇိုးအုပ်စု၊ထန်နှီရ်(မြောက်)ကျေးရွာ၊ ထန်နှီရ် (တောင်)ကျေးရွာ၊ ဘိုင်လာကျေးရွာနှင့် ကာလ်ရောန်ကျေးရွာ၊ စုစုပေါင်းကျေးရွာ (၄)ရွာသည် ၂၀၁၅ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုအက်ကွဲမှုများဖြစ်ပွားခဲ့ပါတယ်။ ၎င်းကျေးရွာများ၏ ပြောင်းရွှေ့မည့်နေရာသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲလျာထားသည့် လူမှုအဆောက်အအုံများ ဇုန် Proposed Location for Sport Complex (၁၆)ဧကနှင့် အထက်တန်းကျောင်းဆောက်ရန် လျာထား သည့် (၂၅)ဧက နေရာများကို ကျူးကျော်ခြင်းမရှိဘဲ လူနေဇုန်လျာထားသည့် နေရာများတွင်သာ ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့် ဖလမ်းမြို့သစ်(လုံပီး) မြို့ပြ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖလမ်းမြို့နယ် ကော်မတီ (၃)ရပ်၏ ၁၇-၃-၂၀၁၆ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရပ်ကွက်အဖြစ်သာ တိုးချဲ့သွားရန် ဆုံးဖြတ်ကြပါသဖြင့် တိုးချဲ့ရပ်ကွက် ဧရိယာအတွင်း ပါဝင်မည့် ကျေးရွာများ၏ ဧရိယာများ ပြန်လည်တိုင်းတာပြီး အမှုတွဲအသစ် ပြန်လည် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အမှတ်စဉ်(၂) ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည် ဖြေကြားချက်                                                                                              

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ တနင်္သာရီတိုင်းဒေသကြီး ၊မဲဆန္ဒနယ််အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဥက္ကာမင်း မေးမြန်းထားရှိတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လူငယ်ရေးရာမူဝါဒတစ်ရပ်ရေးဆွဲပြဋ္ဌာန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ် ပါတယ်။

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် က‌ေလးသူငယ်များ၊ လူငယ််များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ် စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း စီမံချက််များချမှတ်ပြီး သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာ‌‌အခြေပြုလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင််ရွက်ရာတွင် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကို ဗဟိုပြုသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၁၄ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏(၁၇.၈၁)% သည် အသက် (၁၅-၂၄)နှစ်အတွင်း ရှိသော လူငယ်များဖြစ်ပါတယ်။ ယင်းလူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုး မဖြတ် နိုင် သော ကြီးမားသည့်  လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစု တစ်ရပ် ဖြစ်သည့်အပြင် အနာဂတ်ခေါင်းဆောင်များလည်း ဖြစ်ပါတယ်။

၄။ ယနေ့ခေတ်တွင် အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့် နိုင်ငံများ သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာ ကောင်းများကိုလည်း တွေ့မြင် နေရပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ်သို့ ရောက်ရှိစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။

၅။ ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများတွင် လူငယ်မူဝါဒရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော်ရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင် ဖြစ်ပါတယ်။ လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအ‌ေပါ် အခြေခံ၍ လုံလောက်သည့်တုံ့ပြန်မှုများ ဆောင်ရွက်ပေးနိုင်မှု အားနည်းကြောင်း တွေ့ရှိရပါတယ်။ 

၆။ သို့ဖြစ်ပါ၍ မိမိနိုင်ငံတွင် လူငယ်မူဝါဒရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူငယ် များဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ ကောင်းများနှင့် အထောက်အကူပေးမည့် ဝန်းကျင် တစ်ခုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်များ၊ ဦးစားပေးအစီအစဥ် များနှင့် ဒီမိုကရေစီလမ်းစဥ်ဖော်ဆောင်ရေးတို့တွင် များစွာအထောက်အကူပြု နိုင်မှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၇။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်တွင် လူငယ်မူဝါဒတစ်ရပ်ရေးဆွဲရန် ထည့်သွင်းထားပြီး စီမံချက်ကာလအတွင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UN Agencies, NGOs, INGOs များ၊ လူငယ်ကိုယ်စားလှယ်များ (အမျိုးသမီး၊ မသန်စွမ်းလူငယ်များအပါအဝင်)ဖြင့် လူငယ်မူဝါဒရေးဆွဲနိုင်ရေးအတွက်ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့တို့ကို ဖွဲ့စည်းခြင်း၊ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ၏ လူငယ်မူဝါဒ များအား လေ့လာခြင်း၊ အစည်းအဝေးများကျင်းပခြင်း၊လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲသော လူငယ်မူဝါဒ (မူကြမ်း)ရေးဆွဲခြင်း၊  ပွင့်လင်းမြင်သာမှုရှိရန် ရှင်းလင်းချပြခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၈။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသက်(၁၅)နှစ်မှ (၂၄)နှစ်အထိ လူငယ်အုပ်စု၏ ပညာသင်ယူ ခွင့်ရရှိရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အမျိုးသားပညာရေးဥပဒေပါရည်မှန်းချက်၊ အမျိုးသားပညာရေး ဆိုင်ရာ အခြေခံမူများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဥပဒေကိုအခြေခံ၍ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ (မူဝါဒနှင့် စီမံကိန်းလုပ်ငန်းအညွှန်းဘောင်)ကို ရေးဆွဲအတည်ပြုအကောင်အထည်ဖော်လျက်ရှိ ပါတယ်။ လူငယ်ရေးရာမူဝါဒဟု သီးသန့်သတ်မှတ်ထားခြင်းမရှိသော်လည်း လူငယ်များဖွံ့ဖြိုးမှုအတွက် ပညာရေး မူဝါဒထားရှိဆောင်ရွက်လျက်ရှိပါတယ်။

၉။ လူငယ်လူရွယ်များ၏ ကျန်းမာရေးဖွံ့ဖြိုး တိုးတက်ရေးမှာ နိုင်ငံတကာနှင့် သက်ဆိုင်သောအရေး ပါတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်မှ စတင်ရေးဆွဲခဲ့သည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အမျိုးသားကျန်းမာရေးမဟာဗျူဟာ များ (၂၀၁၄-၂၀၁၈)ခု၊ (National Strategic Plan for Reproductive Health in Myanmar(2014-2018)) တွင် ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးမှာ ဦးစားပေးနယ်ပယ်တစ်ရပ်အဖြစ် ပါဝင်ပါတယ်။ HIV/AIDS ဆိုင်ရာအမျိုးသားကျန်းမာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၁-၂၀၁၆)ခု၊ ( National   Strategic   Plan  for 

HIV/AIDS (2011-2016))၌ HIV/AIDS ကူးစက်နိုင်ချေ အများဆုံးဖြစ်တဲ့ ဆယ်ကျော်သက်နှင့် လူငယ်များအား ဦးစားပေးထည့်သွင်းခဲ့ပါတယ်။

၁၀။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူငယ်ကျန်းမာရေး ဆိုင်ရာ(၅)နှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၁၆ - ၂၀၂၀)ခု၊ (Five-Year  Strategic  plan  for  young   people’s   health ( 2016-2020))အား ပြုစုထုတ်ဝေခဲ့ပြီး အောက်ပါလုပ်ငန်းစဉ်များအား ဆယ်ကျော်သက် နှင့်လူငယ်များ ကျန်းမာရေး ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်ဆောင်ရွက်ရန် ပါဝင်ပါသည်-

(က) ပြီးပြည့်စုံသော ဆယ်ကျော်သက်နှင့်လူငယ်များ ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် ကျန်းမာရေးစနစ်အား အားဖြည့် ဆောင်ရွက်ရန်။

( ခ ) ဆယ်ကျော်သက်နှင့် လူငယ်များ၏ ကျန်းမာရေးဗဟုသုတများနှင့် ကျွမ်းကျင်မှုများ တိုး တက်ဖွံ့ဖြိုးလာစေရေး အလေးထားဆောင်ရွက်ရန်။

( ဂ ) ဆယ်ကျော်သက်နှင့် လူငယ်များအနေဖြင့် ဆယ်ကျော်သက်နှင့် လူငယ်ကျန်းမာရေး စောင့်ရှောက်မှုများအား လက်လှမ်းမီစေရန်နှင့် အသုံးပြုနိုင်စေရန်အတွက် လူထုပါဝင်မှု ကဏ္ဍအား မြှင့်တင်ရန်။

(ဃ) ဆယ်ကျော်သက်နှင့်လူငယ်များအနေဖြင့် လူငယ်ဆိုင်ရာမူဝါဒများ၊ အစီအစဉ်များတွင် ပါဝင်နိုင်ရန်အတွက်ထိရောက်သော အမျိုးသားသတင်းစနစ်တစ်ခု တည်ထောင်ရန် တို့ဖြစ်ပါတယ်။

၁၁။ လူငယ်မူဝါဒရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ (၁၈-၅-၂၀၁၆)ရက်နေ့မှ (၁၉-၅-၂၀၁၆)ရက်နေ့အထိ  ကျင်းပခဲ့တဲ့ ဆယ်ကျော်သက်လူငယ်များညီလာခံတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပူးပေါင်းပါဝင်ကူညီကာ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် အားကစားကဏ္ဍနှင့် ပတ်သက်၍ ဆယ်ကျော်သက်များ၏လိုအပ်ချက်များ၊အရေးကြီး ကိစ္စများနှင့် အခက်အခဲများကို ဖြေရှင်းရန် လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် အထောက်အပံ့များအား ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၁၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာတတ်မှု၊ ပညာ အရည်အသွေး ပြည့်ဝမှု၊တီထွင်ကြံဆနိုင်မှု၊ လူမှု ဆက်ဆံရေး ကောင်းမွန်မှု၊ မျိုးချစ် စိတ်ဓါတ်ရှိမှုစသည့်အ‌ြေခခံကောင်းများပြည့်စုံရန် လိုအပ်ပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကိုလည်း ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်သွား ရမည်ဖြစ်ရာ လူငယ်များအားလုံးကို ဗလငါးတန်ပြည့်ဝစေပြီး ဘက်စုံအရည်အသွေး မြင့်မားစေသည့် လူငယ်များဖြစ်လာစေရန် လူငယ်မူဝါဒရေးဆွဲ၍ အထူးအလေးထားပြုစုပျိုးထောင်သွားရန် အစီအစဉ်ရှိပါကြောင်းရှင်းလင်း ဖြေကြားအပ် ပါတယ်။

၁၃။ ထိုလူငယ်မူဝါဒကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ရက်(၁၀၀)စီမံကိန်း၏ အစဖြစ်သော ဧပြီလ(၂၁)ရက်နေ့မှ စတင်အကောင်အထည်ဖော်လျက်ရှိပြီး မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးဗဟို ကော်မတီကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒမူကြမ်းရေးဆွဲရေးအဖွဲ့ဟူ၍ ဖွဲ့စည်းကာလူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၆ခုနှစ်၊အောက်တိုဘာလကုန်တွင် မူကြမ်းထွက်ရှိရန် လျာထားကြိုးပမ်းလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။                                                                         

အမှတ်စဉ်(၃) ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်၏ကြယ်ပွင့်ပြ မေးခွန်း အားပြန်လည်ဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ််အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် မေးမြန်းထားရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နှင့်ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန်အတွက် နိုင်ငံတော်မှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဆောက်အဦများ ဆောက်လုပ်ပေးထားရန်  အစီအစဉ် ရှိ/ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါ တယ်။

၃။ ၂၀၁၅ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရေဘေးဒဏ်ခံစားခဲ့ရသည့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေဘေးသင့်ဒေသများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ခရိုင်နှင့်မြို့နယ်များ အသီးသီးသို့ ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့သလို ယခုနှစ်နွေရာသီ အတွင်း အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့၍ ရေရှားပါးပြတ်လပ််သည့်ဒေသများအတွက် သောက်သုံးရေဖြန့်ဝေ ခြင်းနှင့် ရေတွင်းရေကန်များတူးဖော်ပေး ခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ 

၄။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်   နိုင်ငံတစ်ဝှမ်း ဒေသအလိုက်  သဘာဝဘေးလျော့ပါးရေး၊  ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ပေးလျက် ရှိရာတွင် အချို့လိုအပ်ချက် များကို ဝန်ကြီးဌာန၏အစီအစဥ်ဖြင့် ဆောင်ရွက်ပေးပြီး၊ အချို့သော လိုအပ်ချက် များကို သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ အကြံပြုချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ကလေးမြို့နယ်အတွင်း သဘာဝဘေးများဖြစ်ပွားပါက ဘေးလွတ်ရာသို့ရှောင်တိမ်းနိုင်မည့် အဆောက်အဦများနှင့် ရေလွတ်ကုန်းမြင့်များကိုကြိုတင်လျာထားသတ်မှတ်ထားပြီးဖြစ်၍ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များအပါအဝင် အဆောက်အဦ(၄၆)ခုနှင့် ရေလွတ်ကုန်းမြင့် (၁၅)ခု၊ စုစုပေါင်း ဘေးလွတ်ရာ နေရာ(၆၁)ခုကို သတ်မှတ်ထားခဲ့ပြီးဖြစ်ပါတယ်။

၅။ ဒါ့အပြင်ဘေးဒဏ်ခံအဆောက်အဦများ ထပ်မံလိုအပ်ပါက  စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးစားပေး ဆောက်လုပ်လိုသည့် နေရာဒေသနှင့် အဆောက်အဦ၏ အရွယ်အစား၊ လူဦးရေမည်မျှကို လွှမ်းခြုံပေးနိုင်ရန်စသည့် စိစစ်အကြံပြုချက်တို့အပေါ်မူတည်၍  နိုင်ငံတော် ဘတ်ဂျက်မှ တင်ပြဆောင်ရွက် နိုင်ပါက ဆောင်ရွက်ပေးမည်ဖြစ်၍ နိုင်ငံတော်ဘတ်ဂျက်သည် အချိန်ကာလ ကန့်သတ်ချက်အရ အခက်အခဲရှိပါက  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေးဆွဲထားသည့် ဘဏ္ဍာရေးစည်းမျဥ်းနှင့်အညီ အသစ် ဖွဲ့စည်းပြီးဖြစ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌထံသို့တင်ပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှကူညီထောက်ပံ့ဆောင်ရွက်ပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR