လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးဇုန်လှယ်ထန်းမဲဆန္ဒနယ် အမှတ်(၄)၊ဖလမ်းချင်းပြည်နယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်(၅)လုံး ပြန်လည် တည်ဆောက်နိုင်ရေး ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

၂။ဒေါ်သီရိရတနာမွန်ပြည်နယ်၊မဲဆန္ဒနယ် အမှတ်(၁၂)၊
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပြည်တွင်းစစ်ဘေးဒဏ်ခံခဲ့ရသော ဘီးလင်းမြစ် တစ်ဖက်ကမ်းရှိ အမဲရောင်ဒေသအဖြစ် သတ် မှတ်ခံခဲ့ရသော အရှေ့ဘက်ကမ်းဇုန်အား ဘက်စုံ တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် လူနေမှုအဆင့် အတန်းမြင့်မားလာစေရန် သီးခြားစီမံချက်ဖြင့် မြှင့်တင်ဆောင်ရွက်ပေးရန် မည်သို့ ဆောင်ရွက် ထားရှိသည်ကို သိရှိလိုခြင်းမေးခွန်း

၃။ဦးကျော်သောင်းစစ်ကိုင်းတိုင်းဒေသကြီး၊မဲဆန္ဒနယ် အမှတ်(၁)၊
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ တွင် ခရိုင်လူမှုဝန်ထမ်းရုံးဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

၄။

ဦးကျော်ကျော်ဝင်းမဲဆန္ဒနယ် အမှတ်(၈)၊ရခိုင်ပြည်နယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် ဘင်္ဂါလီများ ကို ပြန်လည်နေရာချထားပေးမည့်ကိစ္စနှင့်ပတ်သက် ပြီး နောက်ထပ် ARSA အကြမ်းဖက်တိုက် ခိုက်မှုမျိုး မဖြစ်ပွားရအောင် မောင်တောမြို့နယ်အ တွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ ၏ ဘဝလုံခြုံမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေးတို့အတွက် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း။


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် ဘင်္ဂါလီများ ကို ပြန်လည်နေရာချထားပေးမည့်ကိစ္စနှင့်ပတ်သက် ပြီး နောက်ထပ် ARSA အကြမ်းဖက်တိုက် ခိုက်မှုမျိုး မဖြစ်ပွားရအောင် မောင်တောမြို့နယ်အ တွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ ၏ ဘဝလုံခြုံမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေးတို့အတွက် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း။







အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအ‌ဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ  မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ပျက်စီးသွားသည့်နေအိမ် (၅)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ကူညီထောက်ပံ့ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြား ချက်များကို ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။  

၃။ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများ အတွက် လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးငွေ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ သေဆုံးသူနှင့် ဒဏ်ရာရသူများ ထောက်ပံ့ငွေများကို ကယ်ဆယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point  အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ် ပါတယ်။

၄။ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၌ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ကျပ်-နှစ်သောင်း ခုနစ်ထောင် သုံးရာ၊ နေအိမ် (၁)လုံး လျှင် ကျပ်-တစ်သိန်းနှုန်းဖြင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ ကျပ်- ခြောက်သိန်း၊ တန်ဖိုးငွေ ကျပ်- တစ်သိန်း ငါးထောင် ခြောက်ဆယ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၆)အိမ်ထောင်စာ၊ ပစ္စည်းနှင့် ငွေသား ထောက်ပံ့မှု စုစုပေါင်း ကျပ်- ခုနစ်သိန်း သုံးသောင်း နှစ်ထောင် သုံးရာ့ ခြောက်ဆယ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့က  ထောက်ပံ့ခဲ့ပါတယ်။

၅။ အဆိုပါမိုး သည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားရာ၌ အန္တရာယ်ရှိသည့် လူနေအိမ် (၆)အိမ်အနက် နေအိမ်(၄)အိမ်သည် ဖြိုဖျက်ခဲ့ရပြီး (၂)အိမ်သည် မြေပြိုသည့်နေရာနှင့် ကင်းလွတ်သဖြင့် လူနေအိမ်ဖြိုဖျက်ရန် မလိုအပ်ပဲ မူလနေရာ၌ ဆက်လက်နေထိုင်လျက် ရှိပါတယ်။ ဖြိုဖျက်ခဲ့ရတဲ့ နေအိမ်(၄)လုံးသည် မူလနေရာတွင် နေအိမ်ပြန်လည်ဆောက်လုပ်ရန် မြေနေရာခိုင်ခံ့မှု မရှိတော့ပါသဖြင့် အစားထိုး အိမ်မြေကွက်များအား ဖလမ်း-ဟားခါး လမ်းပေါ်ရှိ မြို့ရှောင်လမ်းအနီးတွင် ပြန်လည်နေရာချထားပေးရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထား လျက်ရှိပါတယ်။ ၎င်းလျာထားသည့်နေရာအား မြေပေးမိန့်ရရှိပြီးပါက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာ (၄)လုံး ဆောက်လုပ်ပေးနိုင်ရန် ရန်ပုံငွေခွဲဝေရရှိပြီး ဖြစ်၍ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 

၆။ ဒါ့အပြင် ၂၀၁၈ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ကျောက်တုံးပြိုကျမှုကြောင့် ဒေါ်တီလ်နောန်၏ နေအိမ်မျက်နှာစာပျက်စီးသွားကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့မှ စုံစမ်းသိရှိရတဲ့အတွက် ဖေဖော်ဝါရီလ (၈)ရက်နေ့က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄)ဦးအတွက် (၁၄) ရက်စာ ဆန်ရိက္ခာဖိုးငွေ ကျပ်တစ်သောင်းခြောက်ထောင်ရှစ်ရာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်-တစ်သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး တစ်အိမ် ထောင်စာတို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။

၇။ ဥက္ကဋ္ဌကြီးခင်ဗျာ တင်ပြပါ မှတ်တမ်းဓါတ်ပုံများကတော့  ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်ဆဲ ငွေကျပ် (၃၅)သိန်းတန် အလျား (၁၈)ပေ၊ အနံ(၂၄)ပေ၊ အမြင့်(၉)ပေခွဲရှိ ကျေးလက်အိမ်ရာ နမူနာပုံစံများ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်း၍ နေအိမ်များ ပြန်လည်တည် ဆောက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြေနေရာအတည်ပြုပြီးပါက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနအနေဖြင့်လည်း နေအိမ်အမိုးသွပ်များကို သင့်တော်သည့်ပမာဏဖြင့် ထောက်ပံ့ပေးနိုင် ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအ‌ဝေးတွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

ဥက္ကဋ္ဌကြီးခင်ဗျာ

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပြည်တွင်းစစ်ဘေးဒဏ်ခံ ခဲ့ရသော ဘီးလင်းမြစ် တစ်ဖက်ကမ်းရှိ အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော အရှေ့ဘက်ကမ်းဇုန်အား ဘက်စုံတိုးတက်ဖွံ့ဖြိုး လာစေရန်နှင့်လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် သီးခြားစီမံချက်ဖြင့် မြှင့်တင်ဆောင်ရွက် ပေးရန်မည်သို့ ဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော့ အနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၂။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့က ထပ်မံပေးပို့လာတဲ့ အချက်အလက်များအရ ဘီးလင်းမြို့နယ်သည် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းတည်ရှိပြီး မြေမျက်နှာပြင်အားဖြင့် ကမ်းခြေပိုင်း၊ မြေပြန့်ပိုင်း၊ တောင်ကုန်း တောင်တန်း ဒေသပိုင်းဟူ၍ (၃)မျိုးရှိကြောင်း၊ ကမ်းခြေပိုင်းတွင် ကျေးရွာအုပ်စု သီးခြားမရှိသော်လည်း စိုက်ပျိုးမြေလယ်ယာ များနှင့် လယ်ယာကိုအမှီပြုနေသော ကျေးရွာငယ်လေးများ အနည်းငယ်သာရှိကြောင်း၊ မြေပြန့် ပိုင်းတွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု၏ ထက်ဝက်ကျော်ကျော်ရှိပြီး မြောက်ပိုင်းတွင် ကျေးရွာအုပ်စု၏ ထက်ဝက်နီးပါးရှိကြောင်း သိရှိရပြီး မြောက်ပိုင်း၌ ဘီးလင်းမြစ်၏ အနောက် ဘက်ကမ်းသည် ဘီးလင်း-ဖာပွန်ကားလမ်းရှိသဖြင့် မြစ်အနောက်ဘက်ကမ်း ကျေးရွာအုပ်စု များမှာ လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစသည်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုအခြေခံ အဆောက် အအုံများ အသင့်အတင့်ရှိသော်လည်း မြစ်အရှေ့ဘက်ကမ်းတွင် ကျေးရွာချင်းဆက် လမ်းကြမ်း များသာ ရှိပြီး လျှပ်စစ်မီးသွယ်တန်းမှုများ မဆောင်ရွက်နိုင်သေးကြောင်းတွေ့ရှိရပါတယ်။ ထို့ပြင် ဘီးလင်းမြို့၏ မြောက်ဘက်ပိုင်းသည် သောင်းကျန်းသူအဖွဲ့အစည်းများကြောင့် အမဲရောင် ဒေသအဖြစ် သတ်မှတ်ခံရပြီး ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရကြောင်းနှင့် အထူးသဖြင့် မြောက်ဘက်ပိုင်းတွင် ဘီးလင်းအရှေ့ဘက်ခြမ်းဒေသက ပိုမိုနောက်ကျခဲ့ရခြင်းဖြစ်ကြောင်း သိရှိ ရပါတယ်။

၃။ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရရှိသောအချက်အလက်များအရ ဘီးလင်းမြစ် အရှေ့ဘက်ကမ်း ဒေသတွင် ကျေးရွာအုပ်စု(၁၃)စု၊ ကျေးရွာပေါင်း (၈၃)ရွာ၊ အိမ်ခြေ(၆၀၁၈)အိမ်၊ အိမ်ထောင်စု (၆၂၄၉)စု၊ လူဦးရေ ကျားမ စုစုပေါင်း (၃၆၀၄၀)ရှိကြောင်း၊ ပညာရေးအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊  အခြေခံ ပညာအလယ်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၄)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁၀)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၆)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၆)ကျောင်း ရှိကြောင်း၊ ကျန်းမာရေးအနေဖြင့် တိုက်နယ် ဆေးရုံ (၁) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၂)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၀)ခု ရှိ ကြောင်း လမ်းပန်းဆက်သွယ်ရေးမှာ   မြောက်ပိုင်းတွင်   ဘီးလင်း- ဖာပွန်လမ်းမှ ခွဲထွက်သော  မဲနသန်- မြစ်ကျိုး  မြေသားလမ်း၊    အရှေ့ဘက်တွင်  ရန်ကုန်-မော်လမြိုင်လမ်းမှ  ခွဲထွက်သော ကျိုက်ကော်-   လေးကေ ကတ္တရာလမ်း၊ တောင်ဘက်တွင် သထုံမြို့နယ်မှ ဆက်လာသည့် ခရိုင်ချင်းဆက် ကတ္တရာလမ်းတို့ ရှိကြောင်း  သိရှိရပါတယ်။

၄။ လိုအပ်ချက်အနေဖြင့် ကျန်လမ်းများမှာ ကျေးရွာချင်းဆက် မြေသားလမ်းကြမ်းများသာရှိပြီး အချို့နေရာများတွင် မိုးရာသီတောင်ကျချောင်းများကြောင့် ယာဉ်များသွားလာ၍ မရသဖြင့် ခြေကျင်သွားလာရကြောင်း၊ လျှပ်စစ်မီးရရှိမှုအနေဖြင့် မဟာဓါတ်အားလိုင်းဖြင့် သွယ်တန်းသော လျှပ်စစ်မီးမရှိဘဲ လေးကေနှင့် ဝင်းတာပန်ကျေးရွာများ၌သာ ဆိုလာဖြင့် မီးပေးထားရှိကြောင်း၊ သောက်သုံးရေအနေဖြင့် သဘာဝစိမ့်စမ်းများမှ စုယူသွယ်တန်းခြင်းနှင့် လက်တွင်းတူးစနစ်ဖြင့် ရရှိသုံးစွဲကြောင်း သိရှိရသဖြင့် ကျေးရွာချင်းဆက်လမ်းများ၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၅။ Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် တင်ပြပါအတိုင်း ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းစီမံကိန်း (၃၇)ခု ဆောင်ရွက်ခဲ့ပြီး ကျပ်သန်း˗ နှစ်ထောင့် ရှစ်ရာ လေးဆယ့် ရှစ် ဒဿမ လေးသုံး (၂၈၄၈.၄၃) သုံးစွဲထားကြောင်းနှင့် ယခု ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစီမံကိန်း (၁၁)ခု အတွက် ကျပ်သန်း˗ တစ်ထောင့် သုံးဆယ့်ကိုး ဒဿမ ရှစ်ရှစ်ခုနစ် (၁၀၃၉.၈၈၇) သုံးစွဲမည်ဖြစ် ကြောင်း တွေ့ရှိရပါတယ်။

၆။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့က ဘီလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်တဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ဘီးလင်းမြို့နယ်ရှိ အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော တောင်ပေါ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများဆိုင်ရာဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားများ၊ လျှပ်စစ်မီးများဆိုင်ရာကိစ္စရပ်များ ဘက်စုံတိုးတက်လာစေ ရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းအခြေအနေကြည့်၍ လိုအပ်ချက်များအား စီမံကိန်းရေးဆွဲထားရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အမှတ်စဉ်(၃) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်မှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။  ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။ 

၂။ ဒုတိယအကြိမ်အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်မှ(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သို့ ဆက်လက်ထားရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်း၏ “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားမှာ ဖြစ်ပါတယ်။ 

ဥက္ကဋ္ဌကြီးခင်ဗျာ

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ လက်ရှိအခြေအနေတွင် စစ်ကိုင်းခရိုင်၌ ဉီးစီးဌာနများ၏ ခရိုင်ရုံး ဖွင့်လှစ်နိုင်ခြင်း မရှိသေး သော်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ စစ်ကိုင်းခရိုင်အတွင်း၌ ကလေးသူငယ် စောင့်ရှောက်ရေး၊ အမျိုးသမီးစောင့်ရှောက်ရေး၊ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးလုပ်ငန်းများကို  မုံရွာမြို့ရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တိုင်းလူမှုဝန်ထမ်းဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ပေးလျှက်ရှိတဲ့အပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများ၊ အရေးပေါ် လူရွှေ့ပြောင်းမှု လေ့ကျင့်ခန်းများနှင့် အသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေးသင့်ပြည်သူများကို အချိန်နှင့် တပြေးညီ အလျင်အမြန်ဖြင့် ထောက်ပံ့ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဒေသအလိုက် ဖွဲ့စည်း ထားသည့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မုံရွာမြို့ရှိ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

၄။ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ထူပါရုံလမ်းရှိ ယခင်စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းရုံး ဖွင့်လှစ်ခဲ့သော မြေနေရာနှင့် အဆောက်အဦသည် လူမှုဝန်ထမ်းဦးစီးဌာနပိုင်ဖြစ်ပြီး လက်ရှိတွင် ၎င်း အဆောက်အဦများကို ဝန်ထမ်း (၃)ဦးဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။   

၅။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍  လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းသစ် ခန့်ထားရန် ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေရရှိထားပြီးဖြစ်တဲ့ စုစုပေါင်း ရာထူး( ၃၈၄ )နေရာအတွက် ဝန်ထမ်းသစ် ခန့်ထားနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ခွင့်ပြုချက် ရရှိပါက စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံး ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ် ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၄) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားချက်


၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန် ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရခိုင် ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၏ “ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့်ဘင်္ဂါလီများကို ပြန်လည်နေရာချထားပေး မည့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် ARSA အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဖြစ်ပွားရအောင် မောင်တောမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ၏ ဘဝလုံခြုံမှု ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေးတို့အတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ဖြေကြား ချက်များကို ပေါင်းစပ်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန်နှင့် အချက်အလက်များ ပြည့်စုံစွာ ဖြေကြားနိုင်ရန်အတွက် အချိန်ပို မိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးပါရန်  တင်ပြအပ်ပါတယ်။

၃။ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၆ခုနှစ်၊ မေလ(၃၀) ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့  “ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ” ကို ဖွဲ့စည်း ထားရှိပြီး ဗဟိုကော်မတီ၏အောက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ လုပ်ငန်းကော်မတီ(၄)ခုကို ဖွဲ့စည်းထားရှိပါတယ်။ အဆိုပါ လုပ်ငန်းကော်မတီ (၄)ခုအနက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး လုပ်ငန်း များကို  ဆောင်ရွက်လျက်ရှိပါတယ်။ 

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး

၄။ ဥက္ကဋ္ဌကြီးခင်ဗျာ လွှတ်တော်ကိုယ်စား၏ မေးမြန်းချက်ပါ မောင်တောမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ၏ ဘဝလုံခြုံမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး အတွက် စီမံဆောင်ရွက်ထားရှိမှုနဲ့ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ နယ်မြေလုံခြုံရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးဆောင်ရွက်ရန် နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(၄)ခုကို ၂၀၁၄ခုနှစ်တွင် စတင်ဖွင့်လှစ်၍လည်းကောင်း၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နှင့် ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၂၅)ရက် တို့တွင် မောင်တောဒေသ၌ ARSa အကြမ်းဖက်အဖွဲ့တို့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မောင်တောဒေသအတွင်း လုံခြုံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လိုအပ်တဲ့အတွက် ထပ်မံပြီး နယ်ခြားစောင့်လုံခြုံရေးရဲ တပ်ဖွဲ့ခွဲ (၄)ခုကို တိုးချဲ့ဖွဲ့စည်းပြီး မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ဘူးသီးတောင် မြို့နယ်တို့ရှိ  ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုး များ ဘဝလုံခြုံရေး အပါအဝင် တင်ပြပါ အတိုင်းစစ်ကြောင်း(၁၆)ကြောင်း၊ တပ်ခွဲ(၃၆)ခွဲ၊ ရဲတပ်ဖွဲ့ မှူးရုံးနှင့် စခန်း (၁၆၃)ခု ဖြန့်ခွဲ၍ ရပ်ကွက်(၁၈)ခုနဲ့ ကျေးရွာ ပေါင်း(၇၄၄)ရွာ ပါဝင်သည့်ကျေးရွာအုပ်စုပေါင်း ( ၁၇၆ ) အုပ်စုတို့တွင် ဆောင်ရွက်လျှက်ရှိပြီး အဆိုပါဒေသအတွင်း တရားမဝင် ခိုးဝင်မှုများ မရှိစေ ရေးအတွက် ပိတ်ဆို့ရှာဖွေရေး လုပ်ငန်းအပါအဝင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို( ၂၄ ) နာရီ ဆောင်ရွက်လျက်ရှိပါတယ်။  

၅။ လူမျိုး၊ ဘာသာရေးပဋိပက္ခမဖြစ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူလူထု များနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် ရဲလုပ်ငန်းစနစ်ဖြင့် လုံခြုံရေးကိုရှေးရှု၍ အဓိကထားဆောင်ရွက်လျက်ရှိပါတယ်။ အကြမ်းဖက်သမားများ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာမှုမရှိစေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် မောင်တောခရိုင်တွင် Border Liaison Office (BLO)ရုံး ဖွင့်လှစ်၍ တစ်လအနည်းဆုံး(၂)ကြိမ် တွေ့ဆုံဆွေးနွေး သတင်း ဖလှယ်မှုများ ပြုလုပ်ခဲ့ပြီး အင်တာပိုလ်မှတစ်ဆင့်   သတင်းချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ 

၆။ ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၅)ရက်တွင်ဖြစ်ပွားသည့် ARSA အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အရ ပြစ်မှုကျုးလွန်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ လက်နက်မှုဖြင့်  (၂၅၄)မှု ရေးဖွင့်ဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့မှုများမှာ (၂၁၈၁၁) ဦး ရှိကြောင်း တင်ပြပါအတိုင်း ဖော်ပြအပ်ပါတယ်။

၇။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်တွင် စတုတ္ထအကြိမ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဗဟိုအဆင့်အစည်းအဝေး ဆုံးဖြတ်ချက်များအား သဘောတူလက်မှတ် ရေးထိုးပွဲတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ညွှန်ချုပ်နှင့် အဖွဲ့အားတွေ့ဆုံစဉ် တရားခံပြေး(၃၂၇၄)ဦးတို့အား ကူညီဖမ်းဆီး ပေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ကော့ဘဇားသို့ မှတ်တမ်းဓါတ်ပုံ၊ ကိုယ်ရေးအချက်အလက်တို့နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပေးပို့ခဲ့ ပြီး ဖြစ်ပါတယ်။  အကြောင်းပြန်ကြားလာမှု မရှိသေးကြောင်း သိရှိရပါတယ်။

၈။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးသူများအား ပြန်လည်လွှဲပြောင်းလက်ခံ ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးအပ်လာသော အိမ်ထောင်စု(၆၈၈၆)စုအား ၂၀၁၉ခုနှစ်၊ မေလ(၃၀)ရက်နေ့အထိ စိစစ်ခဲ့ရာ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့သူ (၁၆၈၉၈) ဦး၊ အထောက်အထား မတွေ့ရှိသူ(၈၃၄၀)ဦးရှိပြီး ၎င်းတို့အနက် (၁၆၈)ဦးမှာ အကြမ်းဖက်စာရင်းတွင် ပါဝင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၉။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်များတွင် အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်သည့် တရားခံပြေးများ ပါဝင်မှုမရှိစေရေး စိစစ်လက်ခံဆောင်ရွက်နိုင်ရန် တောင်ပြို လက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းများတွင် CCTV(၈)လုံးစီနှင့် လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်းတွင် မီးဆလိုက် ( ၈ )လုံး တပ်ဆင်၍ ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ ပြန်လည်လက်ခံစဉ်တွင် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စိစစ်မှုဖြင့် အကြမ်းဖက်သမားများပါဝင်လာ လျှင်လည်း ဥပဒေနဲ့အညီ အရေးယူဖို့ စီစဉ်ထားရှိပါတယ်။

၁၀။ ၁၉၈၀ ပြည့်နှစ်၊  ဒီဇင်ဘာလ(၁၉)ရက်နေ့  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ နယ်နိမိတ် စာချုပ်အရ သတ်မှတ်ထားသည့် နယ်စပ်  ဝင်/ ထွက်ပေါက် (၄)ခုအနက် လက်ရှိအချိန်တွင် မောင်တော-တက္ကနပ် ဝင်/ ထွက်ပေါက်(၁) ခုမှ နှစ်နိုင်ငံကုန်သည်များကို Border Pass ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့နှင့် မြန်မာနိုင်ငံ၊ မောင်တောမြို့တို့၏ (၅)မိုင်ခန့်အတွင်း ၀င်/ ထွက်ခွင့်ပြုလျက်ရှိပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် လူဝင်မှုကြီးကြပ်ရေးကွပ်ကဲမှု ဌာနကို  ဖွင့်လှစ်၍  တရားမဝင် ဝင်ရောက်မှု မရှိစေရန် ဆောင်ရွက်ကာ လုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးရေးများ ရရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။

တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့နေထိုင်ရေး

၁၁။ ဥက္ကဋ္ဌကြီးခင်ဗျာ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်အတွင်း ဒေသခံတိုင်းရင်းသားများသည် အကြမ်းဖက်မှုဖြစ်စဉ်များ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာများအား စွန့်ပစ်တိမ်းရှောင်ခဲ့ကြရာမှ အစပြုပြီး ၁၉၉၁ ခုနှစ်မှ စတင်၍ ဒေသအတွင်းရှိ ပြန့်ကျဲနေသော တိုင်းရင်းသားများကို စုစည်း၍ ထူထောင်ထားသော နတလ စုစည်း ကျေးရွာနှင့် အခြားဒေသမှ နေထိုင်လိုသူ၊ ဆန္ဒပြုသူများကို စုစည်းရွှေ့ပြောင်း၍ ထူထောင်ပေးထားသော နတလ ရွှေ့ပြောင်းကျေးရွာ များ ထူထောင်ပေးခဲ့ရာ ယခင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက် ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်း၍ ၁၉၉၁ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် နတလ စုစည်း ကျေးရွာ (၂၀)ရွာနှင့် နတလ ရွှေ့ပြောင်းကျေးရွာ (၁၉)ရွာ၊ စုစုပေါင်း(၃၉)ရွာအပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စုစည်းကျေးရွာ (၂)ရွာ ထူထောင်ပေးခဲ့သဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထူထောင်ပေးခဲ့သော ကျေးရွာစုစုပေါင်း (၄၁)ရွာရှိပြီ ဖြစ်ပါတယ်။ (စုစည်းကျေးရွာ (၂)ရွာ- တောင်ဘဇာ၊ ခုံတိုင် )

၁၂။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများအား နေအိမ်များ ဆောက်လုပ်လှူဒါန်းလျက်ရှိရာ ရခိုင်တိုင်းရင်းသားများအတွက် ဆောက်လုပ်ရန်လျာထားတဲ့ နေအိမ်(၁၁၀၉)လုံးတွင် ဆောက်လုပ်ပြီး (၈၄၇)လုံး၊ ဆောက်လုပ်ဆဲ(၅၂)လုံး၊ ဆောက်လုပ် ရန်ကျန်နှင့် အလှူရှင်လိုအပ်ချက် (၂၁၀)လုံး၊ နေရာချထားပြီးမှုမှာ (၅၃၈)လုံးဖြစ်ပြီး ဟိန္ဒူ ဘာသာဝင်များအတွက်  ဆောက်လုပ်ရန်လျာထားတဲ့ နေအိမ်(၄၁၆)လုံးတွင် ဆောက်လုပ် ပြီး (၄၀၈)လုံး၊ ဆောက်လုပ်ဆဲ(၅)လုံး၊ ဆောက်လုပ်ရန်ကျန်နှင့် အလှူရှင်လိုအပ်ချက် (၃)လုံး၊ နေရာချထားပြီးမှုမှာ ( ၁၄၃ )လုံး ဖြစ်ပါတယ်။ 

၁၃။ ဥက္ကဋ္ဌကြီးခင်ဗျာ လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းချက်ပါ တိုင်းရင်းသားများ ရေရှည် တည်တံ့နေထိုင်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်း ကျောင်း ပညာရပ်များ လက်လှမ်းမီ ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် စစ်တွေမြို့၌ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းကို ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ပြီး အပ်ချုပ်၊ အချက်အပြုတ်၊ မုန့်ဖုတ်၊ ပန်းအလှပြင်၊ ဇာထိုး၊ ပန်းထိုး၊ မြန်မာ့ရိုးရာ အစားအစာနှင့် မုန့်လုပ်နည်းစတဲ့ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို ဖွင့်လှစ် ပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ၂၀၁၈ခုနှစ် အထိ သင်တန်းသူ စုစုပေါင်း(၁၄၂၅)ဦးကို ပို့ချပေးနိုင်ခဲ့ပါတယ်။ ယခု ဘဏ္ဍာရေး နှစ်အတွင်း စစ်တွေမြို့နှင့် မောင်တောဒေသအတွင်းရှိ ကျေးရွာသစ်များမှ ဟိန္ဒူနှင့်ရခိုင် တိုင်းရင်းသားများအပါအဝင် စုစုပေါင်း အမျိုးသမီး (၄၅၃)ဦးကို ရပ်ရွာအခြေပြု အိမ်တွင်းမှု သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။

၁၄။ ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ထွက်ပြေး၊ တိမ်းရှောင်နေ သူများ၊ သေဆုံး/ပျောက်ဆုံးသူများ၏ မိသားစုဝင်များကို လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နိုင်ငံတကာ၊ အာဆီယံအဖွဲ့ အစည်းများနှင့် INGO အဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်းပေးခဲ့တဲ့အပြင် UEHRD စေတနာ့ ဝန်ထမ်းလူငယ်အစီအစဉ်ဖြင့်လည်း မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့မှ ကျေးရွာ ပေါင်း(၁၃၀)၊ အိမ်ထောင်စု (၁၀၇၄၄)စု၊ လူဦးရေ (၆၃၇၇၈)ဦးတို့အတွက် ငွေကျပ် (၇၂၁.၀၄၂) သန်းတန်ဖိုးရှိ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပါတယ်။ လက်ရှိတွင်လည်း ဝန်ကြီးဌာန အနေနဲ့ Red Cross Movement နဲ့ ပူးပေါင်း၍ ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်ပေး လျှက်ရှိပါတယ်။

၁၅။ ရခိုင်ပြည်နယ်အတွင်း အဓိကအကြပ်အတည်းများဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး၊ လုံခြုံရေးစတဲ့ အဓိကအကြပ်အတည်းများကို စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရန် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၊ ဒုတိယသမ္မတ(၁) ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကိုဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်သင့်တဲ့ လုပ်ငန်းနယ်ပါယ် များအလိုက် အခြေခံအကြောင်းတရားများကို ဖော်ထုတ်အကြံပြုစေခဲ့ပါတယ်။

၁၆။ အဆိုပါကော်မရှင်(၂)ခုရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်(၂)ခု၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ကဏ္ဍ(၁၈) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ 

၁၇။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ၊ ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့ အစည်းများ ကုလသမဂ္ဂ အေဂျင်စီများ  ပူးပေါင်းပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ (၁၇) ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့  “ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း Uninon Enterprise for Humani-tarian Assistance, Resettlement and Development in Rakhine State- UEHRD  ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ် ဆောင်ရွက်လျှက်ရှိပါတယ်။ UEHRD နှင့် ပုဂ္ဂလိက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့တွင် လုပ်ငန်းအဖွဲ့(Task Force) (၁၀) ဖွဲ့ကို ဖွဲ့စည်း၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအဖွဲ့ တစ်ခုချင်းစီအလိုက် သက်ဆိုင်ရာလုပ်ငန်းများကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။  

၁၈။ Food and Agriculture Organization – FAO မှ   ဆောင်ရွက်လျှက်ရှိတဲ့ စီမံကိန်းများအရ ကျေးရွာ အုပ်စု(၁၂၆)စုသို့ စပါးမျိုးစေ့များ၊ ဟင်းသီး ဟင်းရွက်မျိုးစေ့များ၊ ကွန်ပေါင်း ဓါတ်မြေသြစာများအား စပါးစိုက်ပျိုးရာသီ အတွင်း အချိန်မီ ပံ့ပိုးပေးနိုင် ခဲ့ခြင်း၊ ကျေးရွာ (၂၁)ရွာသို့ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပဲအမျိုးမျိုးနှင့်  စိုက်ပျိုးရေး သွင်းအားစုများအား စိုက်ပျိုးချိန် အမီဖြန့်ဝေထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

၁၉။ ဥက္ကဋ္ဌကြီးခင်ဗျာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့ နေထိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးမှုများအနေဖြင့်  စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဖန်တီးပေးခြင်းကိုလည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း အနေဖြင့် အလုပ်သမား(၂၄၆၄)ဦးကို အလုပ်အကိုင်ရရှိရေးကိုလည်းကောင်း၊ ကျွမ်းကျင် လုပ်သားများ ကြိုတင်လေ့ကျင့်ပေးခြင်းအနေဖြင့် သင်တန်းသား (၃၉၀၄)ဦးအား သင်တန်း ပေးခြင်း၊ အမျိုးသမီးဦးစားပေးသင်တန်းများ ဖွင့်လှစ်မှုအနေဖြင့် သင်တန်းသား(၃၂၆၈)ဦးကို သင်တန်းပေးနိုင်ခြင်း၊ လျှပ်စစ်ဓါတ်အားရရှိရေး ဆောင်ရွက်ပေးမှုအနေဖြင့် မောင်တောခရိုင် အတွင်း မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ၂၀၁၈ ခုနှစ်အတွင်းက ဓါတ်အား စနစ်ဖြင့် မီးရရှိပြီဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ဆောင်ရွက်ပေးမှုအနေဖြင့် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တို့တွင် မေယုတောင်ကျော် လမ်း(၄)လမ်း ဖောက်လုပ်ပေးခြင်း၊  ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးခြင်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအတွက် ကုန်လမ်း၊ ရေယာဉ်လိုင်းတိုးချဲ့ခြင်း၊ လေယာဉ်ကွင်းသစ် တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခြင်းတို့ကိုလည်းကောင်း၊  ကျေးလက် ရေရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊  စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် အသိပညာပေးခြင်း၊  မွေးမြူရေးကဏ္ဍအနေဖြင့် ရခိုင်တိုင်းရင်းသားများအတွက် ဆိတ်၊ငါး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်း (SME) ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေးဝန်ဆောင်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ရေရှည်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အာဆီယံနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်မှု

၂၀။ ရခိုင်ပြည်နယ်တွင် ရေရှည်ပဋိပက္ခ ကင်းဝေးစေရန်မှာ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမှာဖြစ်ပြီး လူမှုသဟဇာတ ဖြစ်ရေးကိုလည်း ရေရှည် စီမံချက်များဖြင့် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက် ရေးအတွက် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေး(33rd ASEAN Summit)တွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ASEAN Emergency Response and Assessment Team-ERAT အဖွဲ့ဝင်များ ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် ကနဦး  လိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ခဲ့ကြ ပါတယ်။

၂၁။ အဆိုပါအဖွဲ့က တင်ပြလာတဲ့ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာ တွေ့ရှိချက်( Preliminary Needs Assessment – PNA) အစီရင်ခံစာကို အာဆီယံနဲ့ UN အဖွဲ့အစည်းများထံ ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ 

ဥက္ကဋ္ဌကြီးခင်ဗျာ

၂၂။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ မောင်တောဒေသရှိ ဒေသခံ တိုင်းရင်းသားများ ဘဝလုံခြုံစွာ ရပ်တည်နိုင်ရေးနှင့် ရေရှည်တည်တံ့နေထိုင်နိုင်သော တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်နိုင်ရေးအတွက် လုံခြုံရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်းနဲ့ ARSA အကြမ်းဖက်သမားများ ကျူးလွန်ခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခြင်းအပြင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သော လုံခြုံရေးအင်အားများ တိုးမြှင့်ချထားခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင် ရေးနဲ့ ရေရှည်တည်တံ့နေထိုင်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရနဲ့ ပြည်တွင်း/ပြည်ပ အလှူရှင်များမှ နေအိမ်များ ဆောက်လုပ်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာကူညီထောက်ပံ့မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။   



MOS

DSW

DDM

DOR