လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးမြင့်နိုင်၊မဲဆန္ဒနယ် အမှတ်(၅)၊ရခိုင်ပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ခိုလှုံနေ ကြသည့် တိုက်ပွဲရှောင် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးနှင့် ဒုက္ခသည်စခန်း (IDPs Camp)များ အမြန်ဆုံး စီမံ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်း

၂။ဒေါ်ထုမေ၊မဲဆန္ဒနယ် အမှတ်(၁၁)၊ရခိုင်ပြည်နယ်၊
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေ ကြရခြင်းကြောင့် ၎င်းပြည်သူများအတွက် တိုက်ပွဲရှောင် စခန်းများတွင် အခြေခံစားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း များ လုံလောက်စွာ စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ။


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်        ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်၏   ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်၏ “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ခိုလှုံနေကြသည့် တိုက်ပွဲရှောင်ဒုက္ခသည်များ အတွက် မိုးမကျမီ အမိုးအကာ အောက် ရောက်ရှိရေးနှင့် ဒုက္ခသည်စခန်း (IDPs Camp)များ အမြန်ဆုံး စီမံ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြု ခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၃။ ဩဂုတ်လ(၁၅)ရက်နေ့စာရင်းများအရ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော် မြို့နယ်အတွင်း တင်ပြပါစုရပ်/စခန်း(၁၇)ခုမှာ တိုက်ပွဲရှောင်ပြည်သူ (၁၁၄၄၂)ဦးတို့ ခေတ္တ နေထိုင်လျက်ရှိပါတယ်။

၄။ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများဟာ ဘေးလွတ်ရာနေရာတွေ၊ ဘာသာရေး အဆောက်အဦများ၊ ပညာရေးအဆောက်အဦတွေ စတဲ့နေရာတွေမှာ ပြန့်ကျဲနေထိုင်လျက် ရှိရာ အဆိုပါ ယာယီတိုက်ပွဲရှောင်နေရာများအား စီမံခန့်ခွဲမှုအဆင်ပြေစေရေး၊ လုံခြုံရေး လိုအပ်ချက်များ အချိန်နှင့်တပြေးညီ ပံ့ပိုးနိုင်ရေး၊ မိုးရာသီကာလအတွင်း စနစ်တကျနှင့် လုံခြုံစွာနေထိုင်နိုင်ရေးတို့အတွက်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေမှ ကျပ်(၆၁၇.၅၀)သန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘာဝဘေး၊ မီးဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေမှ ကျပ်သန်း(၁၀၀၀)၊ စုစုပေါင်း ကျပ် (၁၆၁၇.၅၀) သန်းနဲ့ ၂၀၁၉ ခုနှစ်မှာ မြို့နယ် (၆)မြို့နယ်၌ တိုက်ပွဲရှောင်စခန်း (၇)ခုကို ဆောက်လုပ်ပေး လျက်ရှိရာ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်တွေမှာ စခန်း(၁)ခုစီနှင့် ရသေ့တောင်မြို့နယ်မှာ စခန်း(၂)ခုတို့ကို တည်ဆောက်ခဲ့ပြီး ရသေ့တောင် မြို့နယ်၊ သောင်းဒရားစခန်းကတော့ နယ်မြေလုံခြုံရေးအခြေအနေအရ လုပ်ငန်းခေတ္တ ရပ်ဆိုင်းထားပြီး(၅၀)ရာခိုင်နှုန်းသာပြီးစီးခဲ့ပါတယ်။  ကျန်စခန်း(၆)ခုမှာတော့ (၁၀၀)ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး တိုက်ပွဲရှောင်စခန်း(၆)ခုထဲမှာ မိမိတို့ဆန္ဒအလျောက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့အထိ ပုဏ္ဏားကျွန်းတိုက်ပွဲရှောင်စခန်းတွင် လူဦးရေ ( ၈၈၅ ) ဦး၊ ကျောက်တော် (နေပူခံ) စခန်းမှာ လူဦးရေ (၁၁၈၀) ဦး၊ ဘူးသီးတောင်စခန်းမှာ လူဦးရေ (၄၂၄) ဦး နေထိုင် လျက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကလည်း ကျွန်တော်တို့ လူတစ်ဦးကို တစ်ရက် ဆန် ၂ ဗူးနှုန်း၊ ပြည်နယ်အစိုးရအဖွဲ့ကလည်း ရိက္ခာစိုနှင့် အမယ်စုံ ဝယ်ယူရန်အတွက် တစ်ဦးလျှင် တစ်ရက် ကျပ် ၅၀၀ နှုန်းထောက်ပံ့ပေးလျက်ရှိပြီး အခြားလိုအပ်ချက်များ အားလည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၅။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျောက်တော်မြို့နယ်အတွင်းရှိ နေရပ် စွန့်ခွာတိုက်ပွဲရှောင်ပြည်သူများကို ဆန်ရိက္ခာဖိုးငွေထောက်ပံ့ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းထောက်ပံ့ခြင်း၊ ဒဏ်ရာရ/ သေဆုံးသူများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ကနေစပြီးတော့ ယခု  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၀) ရက်နေ့အတွင်း ကျပ် (၃၈၀) သန်းကျော် ကျွန်တော်တို့ ထောက်ပံ့ပေးခဲ့ပါတယ်။

၆။ တိုက်ပွဲရှောင်ပြည်သူများအတွက် စခန်းများဆောက်လုပ်ရာမှာလည်း စခန်းတစ်ခုချင်းမှာ (၂၀)ခန်းတွဲတန်းလျား၊ စားဖိုဆောင်၊ လုံခြုံရေးတပ်ဖွဲ့အိပ်ဆောင်၊ လုံခြုံရေးတပ်ဖွဲ့ရုံး၊ စခန်း စီမံခန့်ခွဲမှုကော်မတီရုံး၊ ကျန်းမာရေးဆေးပေးခန်းနှင့် နှစ်ခန်းတွဲသန့်စင်ခန်းတို့ ပါဝင် ပါတယ်။

၇။ စခန်းတစ်ခုချင်းအလိုက်မှာလည်း ကျွန်တော်တို့ လူဦးရေအချိုးအစားပေါ်မှာ မူတည်ပြီးတော့မှ တန်းလျား၊ စားဖိုဆောင်နှင့် သန့်စင်ခန်းတို့မှာ အရေအတွက်ပိုမိုကွာခြားသွားတာဖြစ်ပါတယ်။ 

၈။ တိုက်ပွဲရှောင်စခန်းများအနက် ကျောက်တော်မြို့နယ် (နေပူခံ) တိုက်ပွဲရှောင်စခန်းမှာ တိုက်ပွဲရှောင်ပြည်သူများ တိုးပွားလာတဲ့အတွက် ထပ်မံဆောက်လုပ်ပေးရန်လိုအပ်သော လူနေအဆောက်အဦးတန်းလျား(၄) လုံးနှင့် အိမ်သာ(၁၆)လုံးကို ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်၊ ကွင်းအမှတ်(၁-က)၊ မြေဧရိယာ (၂.၆၃၄) ဧကပေါ်မှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအလှူရန်ပုံငွေမှ ခန့်မှန်းကုန်ကျငွေကျပ် (၈၈.၇၂၀)သန်းဖြင့် ဆောက်လုပ်ရန်အတွက်ကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရာ အာရှရွှေကျားကုမ္ပဏီကို တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုရွေးချယ်ခဲ့ပြီး လုပ်ငန်းအပ်နှံ ချုပ်ဆိုဆောင်ရွက်ခဲ့ ပါတယ်။ ဩဂုတ်လ (၁၇) ရက်နေ့အထိ လုပ်ငန်းရဲ့ (၃၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါတယ်။   စက်တင်ဘာလကုန်လောက်မှာ လုပ်ငန်းများ ပြီးစီးမယ်လို့ သိရှိရပါတယ်။ ဒီအဆောက်အဦ တန်းလျား ( ၄ ) လုံး ဆောက်လုပ်ပြီးစီးပါကလည်း တိုက်ပွဲရှောင်ပြည်သူ (၅၀၀)မှ(၆၀၀) ကြားထဲမှာ ကျွန်တော်တို့ နေရာချထားဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

၉။ သို့ဖြစ်ပါ၍  လွှတ်တော်ကိုယ်စားလှယ်၏  မေးခွန်းနှင့်စပ်လျဉ်း၍ ကျောက်တော်မြို့၊ မြို့သစ် ရပ်ကွက် နေပူခံတိုက်ပွဲရှောင်စခန်းမှာ ထပ်မံရောက်ရှိလာတဲ့ တိုက်ပွဲရှောင် မိသားစု များ နေထိုင်ရန်အတွက် လူနေတန်းလျားအဆောက်အဦများနဲ့ နှစ်ခန်းတွဲ သန့်စင်ခန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှင်းလင်းဖြေကြား အပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင် ၏ ထပ်ဆင့်မေးခွန်း

ကျွန်တော့်မေးခွန်းအပေါ် လာရောက်ဖြေဆိုပေးတဲ့ ဒုတိယဝန်ကြီးကို ကျေးဇူးအထူးတင်ရှိ ပါတယ်။ ကျွန်တော် ဆက်စပ်ပြီး သိချင်တာက ကျွန်တော်တို့ မြို့နယ်မှာ ဒုက္ခသည်က (၁၁၄၄၂)ဦးရှိ ပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ နေနေတဲ့ ဒုက္ခသည် အစိုးရက အသိအမှတ်ပြုထားတဲ့ ဒုက္ခသည် စခန်းက (၅)ခုပါ၊ ကန်စောက်ရယ်၊ တောင်မင်းကုလားရယ်၊ ဝါးတောင်ရယ်၊ ညောင်ချောင်းရယ်၊ နေပူခံရယ်ပါ။ အဲဒီအထဲမှာ ဒုက္ခသည်က အားလုံးပေါင်း (၅၀၀၀)လောက်ပဲ ဆံ့ပါတယ်။ အခု နေပူခံ စခန်းမှာ ပြည်နယ်အစိုးရက ဆောက်နေတဲ့ ဒုက္ခသည်စခန်းက (၄)လုံးရှိပါတယ်။ (၄)လုံးမှာ ခုန ဝန်ကြီးဖြေတဲ့အထဲမှာလည်း ပါပါတယ်။ (၅၀၀)ကျော်၊ (၆၀၀)လောက်ပဲ ဆံ့ပါမယ်။ ကျွန်တော်တို့ မြို့ပေါ်က ကော်မတီက ဆောက်တဲ့ ဒုက္ခသည်က စခန်းက (၂)ခုပါ၊ အဲဒီမှာ (၂၀၀၀)ကျော်လောက် ကျွန်တော်တို့ ရွှေ့ပြီးသွားပါပြီ။ ကျန်တာက အားလုံး (၄၀၀၀)ကျော်လောက်ကျန်ပါမယ်။ ခုန ဝန်ကြီး ဖြေတဲ့အထဲမှာ ဒီ(၄၀၀၀)ကျော်ကို ကျွန်တော်လည်း မေးခွန်းထဲမှာပါပါတယ်။ ဘုန်းကြီးကျောင်းတွေရော ဓမ္မာရုံတွေမှာ ပြန့်ကျဲပြီးနေတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ အဲဒီဒုက္ခသည်တွေကိုရော ဘယ်နေရာမှာ ရွှေ့မှာလဲ ဘယ်အဆောက်အဦ ဘယ်လောက်ကို ဆောက်ပြီး နေရာက ဘယ်နားမှာ ရွှေ့မှာလည်းဆိုတာကို  ကျွန်တော် ထပ်ပြီးသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ထပ်ဆင့်မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားချက်

ကျေးဇူးတင်ပါတယ်ခင်ဗျာ.. 

ယခုထပ်မံပြီးတော့မှ လိုအပ်တဲ့နေရာတွေအတွက်ကိုလည်း ရခိုင်ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ နေရာချထားဖို့  အဲဒီနေရာချထားမယ့်နေရာတွေနဲ့ပတ်သက်ပြီးတော့မှ နေမယ့်တိုက်ပွဲရှောင်ပြည်သူ များနဲ့ ဆန္ဒခံယူပြီးတော့မှ နေရာတွေရွေးချယ်ပြီး ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ပြည်နယ် အစိုးရအဖွဲ့ကို  လိုအပ်တဲ့နေရာတွေကို ထပ်မံဆောက်လုပ်ပေးနိုင်ရေးအတွက်ကို ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်        ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏   ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားချက်

၁။ ဆက်လက်၍ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ထုမေရဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေကြရခြင်းကြောင့် ၎င်းပြည်သူများအတွက် တိုက်ပွဲရှောင် စခန်းများတွင် အခြေခံစားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လုံလောက်စွာ စီစဉ် ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော်တို့ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တို့ရဲ့ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

၂။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်မှာ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့ထိ ယာယီခိုလှုံရာစုရပ်များမှာ နေထိုင်တဲ့ အိမ်ထောင်စု (၄၃၅)စု၊ လူဦးရေ ( ၁၈၉၄ ) ဦးနှင့် ဆွေမျိုးများနေအိမ်တွင် နေထိုင်တဲ့ အိမ်ထောင်စု ( ၄၉၂ ) စု၊ လူဦးရေ ( ၂၂၂၉ ) ဦး၊ စုစုပေါင်း အိမ်ထောင်စု( ၉၂၇ ) စု၊ လူဦးရေ ( ၄၁၂၃ ) ဦး နေထိုင်လျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စား လှယ်ကြီးရဲ့ မေးခွန်းထဲမှာ ပါဝင်တဲ့ အင်အားနဲ့တော့ ကျွန်တော်တို့ အနည်းငယ် ကွဲလွဲမှုရှိ ပါတယ်။ ကျွန်တော်တို့ဆီက အင်အားကတော့ အမှန်တကယ်ထောက်ပံ့ပေးနေတဲ့ အင်အား ပေါ်မှာ အခြေခံပြီး တင်ပြခြင်းဖြစ်ပါတယ်။   ထပ်မံ၍ အင်အားတိုးပွားစာရင်းတွေ ရရှိလာမယ် ဆိုလို့ရှိရင်လည်း ဆက်လက်ပြီးတော့မှ တိုးမြှင့်ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

၃။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူတွေကို ဆန်ရိက္ခာကို (၁)လလျှင် (၁)ကြိမ် ထောက်ပံ့ ပေးလျက်ရှိရာ အမ်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ကနေ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့အထိ ထောက်ပံ့မှု ကျပ် (၄၉၄.၂) သိန်း ခန့် ထောက်ပံ့ပေးခဲ့ပါတယ်။ အခုဩဂုတ်လစာရင်းအရ ဆိုလို့ရှိရင်လည်း လူဦးရေ (၄၁၂၃)ဦး ရှိပြီး ဩဂုတ်လ (၁၀)ရက်နေ့၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ခရီးစဉ်မှာ အမ်းမြို့နယ် အတွင်းရှိ နေရပ်စွန့်ခွာသူများအတွက် မိုးတွင်းကာလ သွားလာရေးခက်ခဲနိုင်တဲ့အတွက် ဆန်ရိက္ခာ (၃) လစာဖိုး ကျပ်(၁၁၁၃.၂၁)သိန်း ကျွန်တော်တို့ ထပ်မံထောက်ပံ့ပေးခဲ့ပါတယ်။ (ဒီဆန်ရိက္ခာ ကတော့ ဩဂုတ်လလယ်ကနေ နိုဝင်ဘာလခန့်မှာ စားသုံးနိုင်မှာဖြစ်ပါတယ်။) လိုအပ်ချက်များ ရှိပါကလည်း ထပ်မံထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ အမ်းမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်း စုရပ်များမှာ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်လည်း အသိ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်းတွေ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၄။ သူတို့ရဲ့ ကျန်းမာရေးအတွက်  ဆပ်ပြာ၊   လက်ဆေးဘေစင်၊  Mask များ၊ Hand Gel ဘူးများ၊ ထုံးအိတ်များ ဖြန့်ဝေပေးခြင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲကလည်း ( ၁ )ပတ်ကို ( ၂ )ရက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက ဆေးရုံတက် ဆေးကုသမှုခံယူစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သူတို့ရဲ့ ကလေးငယ်များ ပညာရေးအတွက်လည်း နီးစပ်ရာ ကျောင်းများမှာ ကျောင်းအပ်နှံနိုင်ရေးအတွက်ကို ပညာရေးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် လျက်ရှိပါတယ်။ လက်ရှိအားဖြင့် နဝမတန်းနှင့် ဒသမတန်း ကျောင်းသား/သူ (၈၁)ဦး ပညာ သင်ကြားလျက်ရှိပါတယ်။

၅။ ဥက္ကဋ္ဌကြီးခင်ဗျာ, လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လည်း  Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်  ( COVID-19 Economic  Relief Plan- CERP)နှင့်ပတ်သက်၍လည်း ကျွန်တော်တို့ဝန်ကြီးဌာနအနေနှင့် ဘဏ္ဍာငွေ ခွဲဝေရရှိတဲ့အတွက် ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီထောက်ပံ့မှုများအနက် အသက်(၈၀)နှစ်မှ (၈၄)နှစ်ကြား သက်ကြီးရွယ်အိုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ပံ့တဲ့အစီအစဉ်၊  မသန်စွမ်းသူများအား ထောက်ပံ့မှုနှင့် အနာကြီးရောဂါ ခံစားနေရသူများအား ထောက်ပံ့မှုအစီအစဉ်များ၊ သောက်ရေ၊ သုံးရေ၊ ရေ ရရှိရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ မိုးရေသိုလှောင်ကန်အဖြစ် အသုံးပြုနိုင်ရန် ဖိုင်ဘာ ရေတိုင်ကီ များ  ထောက်ပံ့ပေးခြင်းအစီအစဉ်နှင့် ကျွန်တော်တို့ IDPs နှင့် တိုက်ပွဲရှောင်စခန်းများရှိ နေရပ် စွန့်ခွာသူများကို စားသောက်ကုန်များ ဝယ်ယူရန်အတွက် အိမ်ထောင်စု (၁)စုလျှင် ကျပ် (၄၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ခြင်းအစီအစဉ်နှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မူလတန်း ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ရန် အစီအစဉ် တို့ကို စီမံဆောင်ရွက်လျက်ရှိရာ ယခု အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများလည်း ရရှိခံစားနိုင်မှာဖြစ်ပြီး ဆက်လက်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ (ကျွန်တော်တို့ တစ် အိမ်ထောင်စုတစ်စုကို ကျပ် (၄၀၀၀၀)နှုန်းနှင့် ထောက်ပံ့တဲ့ အစီအစဉ်ကတော့ ဒီလ မကုန်ခင် မှာ ထောက်ပံ့ပေးနိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်နှင့် ခရိုင်ရုံးများသို့ DL ( Drawing Limit)  များ၊ ဘဏ္ဍာငွေများ ကျွန်တော်တို့ လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အမြန်ဆုံး စိစစ်ပြီးတော့မှ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။)

၆။ ဥက္ကဋ္ဌကြီးခင်ဗျာ, အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ အဆင်ပြေစွာ နေထိုင်ရေးအတွက် ကိုလည်း ပြည်နယ်အစိုးရ စီမံပေးတဲ့နေရာမှာ နေထိုင်ဖို့ ဆန္ဒပြုသူ ကောက်ယူခဲ့တဲ့အခါမှာ လူဦးရေ ( ၆၄၂ )ဦး၊ အိမ်ထောင်စု (၁၄၃) စု ဆန္ဒပြုတဲ့အတွက် ဒီနေရာတွေမှာ နေထိုင်ဖို့အတွက်  အမ်းမြို့ကနေ ( ၁ ) မိုင်ခန့်အကွာ၊ အမ်း-မအီကားလမ်းရဲ့ အနောက်ဘက်ခြမ်း၊ ကျားမောင်း ကျေးရွာအဝင်လမ်းနံဘေးရှိ မြေ (၄) ဧကပေါ်မှာ မိုးတွင်းကာလ အဆင်ပြေစွာနေထိုင်နိုင်ရေး အတွက် (၂၀)ခန်းတွဲ တန်းလျား (၈)ဆောင်၊ စားဖိုဆောင်၊ လုံခြုံရေးတပ်ဖွဲ့အိပ်ဆောင်/ရုံး၊ စခန်း စီမံခန့်ခွဲမှုကော်မတီရုံး၊ ကျန်းမာရေးဆေးခန်းနှင့် ကျွန်တော်တို့ (၂)ခန်းတွဲ သန့်စင်ခန်းများ ဆောက်လုပ်ပေးနိုင်ရေးအတွက်ကို ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ကျပ် (၂၃၃.၅၄၀)သန်းကို ခွင့်ပြု ချက် ရရှိထားပြီးဖြစ်တဲ့အတွက် ပြည်နယ်အစိုးရနှင့် ကျွန်တော်တို့ဝန်ကြီးဌာနတို့ ဆက်လက် အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၇။ ကျွန်တော်တို့ဆီက လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့လည်း လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ထောက်ပံ့ပေးလျက်ရှိရာမှာ ကိုယ်ဝန်ဆောင်မိခင်များနှင့် သူတို့က မွေးဖွားလာတဲ့ အသက်(၂)နှစ်အောက်ကလေးများကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အရ အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာအုပ်စု ဈေးတောင်ရပ်ကွက်မှ  တိုက်ပွဲရှောင်စခန်း (၂)ခုဖြစ်တဲ့ မိုးလုံလေလုံ တိုက်ပွဲရှောင်စခန်းနှင့် ပဲပဒုံတိုက်ပွဲရှောင်စခန်းမှ အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း(၃၈)ဦးကို လည်းကောင်း၊ ဒါးလက်ကျေးရွာအုပ်စုမှ အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း (၂၈၂)ဦး၊ နောက် ကျွန်တော်တို့ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို လူမှုရေးပင်စင် ထောက်ပံ့ရေး အစီအစဉ်အရ ပဲပဒုံတိုက်ပွဲရှောင်စခန်းမှ အကျိုးခံစားခွင့်ရှိသူ အဘိုး(၁)ဦးတို့ အပါအဝင် အမ်းမြို့နယ်ရှိ အကျိုးခံစားခွင့်ရှိသူများကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေက ထောက်ပံ့ပေးလျှက်ရှိ ပါတယ်။ ဒါ့အပြင် COVID – 19 ကာလအတွင်း တစ်ကြိမ်ထောက်ပံ့မှုအနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ငွေကြေးထောက်ပံ့ရေး အစီအစဉ် များကို ထပ်ဆောင်းထောက်ပံ့ခြင်းကို LIFT  FUND အဖွဲ့နဲ့ပူးပေါင်းပြီးတော့မှ လိုအပ်တဲ့ အစာ အာဟာရနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ဝယ်ယူရန်အတွက်ကို (၁)ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် တိုက်ပွဲရှောင်ပြည်သူများနှင့် အမ်းမြို့နယ်အတွင်းရှိ MCCT အကျိုး ခံစားခွင့်ရှိသူ (၅၃၀၃)ဦးအတွက် ထောက်ပံ့ကြေး ကျပ်(၁၅၉၀.၉) သိန်းကို လည်းကောင်း၊ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အဘိုး(၂၀၆)ဦး၊ အဘွား(၂၆၀)ဦး၊ စုစုပေါင်း (၄၆၆)ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ် (၁၃၉.၈)သိန်းကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လထဲမှာ ကျွန်တော်တို့ ထောက်ပံ့ပေးခဲ့ပါတယ်။

၈။ အခု ကျွန်တော်တို့ ဩဂုတ်လ  (၁၀)ရက်နေ့၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျွန်တော်တို့တွေပါတဲ့ ခရီးစဉ်မှာ အမ်းကိုသွားတဲ့ ခရီးစဉ်မှာ တိုက်ပွဲရှောင် စခန်းများရှိ ထိခိုက်လွယ် အုပ်စုများမှာ ပါဝင်တဲ့ သက်ကြီးရွယ်အို (၆၈) ဦး၊  အသက်(၅)နှစ်အောက် ကလေးသူငယ်(၃၁၂)ဦး၊ မသန်စွမ်းသူ (၂၇)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၂၃) ဦးတို့ကို တစ်ဦးလျှင် ကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၁၂,၉၀၀,၀၀ဝိ/- (ကျပ် တစ်ရာ နှစ်ဆယ့်ကိုးသိန်း တိတိ)နှင့် ယာယီစခန်း (၁)နှင့် (၂)တို့မှာ လိုအပ်တဲ့ သန့်စင်ခန်း(၁၆)လုံး တည်ဆောက်နိုင်ရေးအတွက်ကိုလည်း ကုန်ကျမယ့် ငွေ ကျပ် (၂၄) သိန်းတို့ကို တာဝန်ရှိသူများကို ထောက်ပံ့ပေးခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများ အတွက် ယာယီစခန်းချထားမယ့် စီစဉ်ထားတဲ့ အမ်း-မင်းဘူး ကားလမ်းဘေးရှိ ရှုခင်းသာ လျာထားမြေနေရာနှင့် ပြန်လည်နေရာချထားပေးမယ့် ကျားမောင်းကျေးရွာအနီး လျာထား မြေနေရာတို့ကို ကွင်းဆင်းသွားရောက်ကြည့်ရှုကာ စနစ်တကျ အမြန်ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

၉။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများရဲ့ စားနပ်ရိက္ခာ အဆင်ပြေစေရေးအတွက် ဆန်ရိက္ခာများ၊ ငွေကြေးများ ထောက်ပံ့မှုအခြေအနေ၊ CERP အစီအစဉ်အရ  ထောက်ပံ့ပေးမှုအခြေအနေ၊ တိုက်ပွဲရှောင် ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ထောက်ပံ့မည့်အစီအစဉ်တွေကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှင်းလင်းဖြေကြားအပ်ပါတယ်။ 

အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR