လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးထွန်းထွန်းဦးမဲဆန္ဒနယ် အမှတ်(၂)၊မန္တလေးတိုင်းဒေသကြီး၊
မြန်မာနိုင်ငံအတွင်း၌ မြေငလျင်များ မကြာခဏ လှုပ်ခတ် လာပါသဖြင့် ငလျင်ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် အန္တရာယ်ကျ ရောက်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်း သက်သာစေရန်အတွက် မည်ကဲ့သို့ စနစ်တကျ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း။

၂။ဦးကျော်သန်းမဲဆန္ဒနယ် အမှတ်(၈)၊ကယားပြည်နယ်၊
ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနတွင် ဆောက်လုပ်လျက်ရှိသော ပစ္စည်းသိုလှောင်ရုံ (ရုံးခန်းအပါအဝင်) အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ပြီးစီးသည်အထိ ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ။


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအ‌ဝေးတွင် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၏  မြန်မာနိုင်ငံအတွင်း၌ မြေငလျင်များ မကြာခဏလှုပ်ခတ်လာပါသဖြင့် ငလျင်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် အန္တရာယ်ကျရောက်လာပါက ထိခိုက် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် မည်ကဲ့သို့ စနစ်တကျ စီမံ ဆောင်ရွက် ထားသည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံးရဲ့ ဖြေကြားချက် များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုနိုင်ပါရန်နှင့် အချက်အလက်များ ပြည့်စုံစွာ ဖြေကြားနိုင်ရေး အချိန်ပို မိနစ်အနည်းငယ်ခန့် ထပ်ဆောင်းပေးနိုင်ပါရန်နှင့် တင်ပြချက်များမှာ ဘာသာရပ် ဆိုင်ရာများတွင် အင်္ဂလိပ်လို အသုံးအနှုန်းများ သုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် မြေငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်၍ စီမံခန့်ခွဲမှုကို ဒုတိယသမ္မတ-(၂) ဦးစီးသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကော်မတီတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးမှ ဝန်ကြီးချုပ်များ၊ တပ်မတော်မှစစ်ဦးစီးအရာရှိချုပ်များ၊ သက်ဆိုင်ရာဒုတိယဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်ပြီး ကဏ္ဍအလိုက်လုပ်ငန်း ကော်မတီ(၁၂)ရပ် ဖွဲ့စည်းထားသလို ပြည်နယ်/တိုင်းဒေသကြီးများမှာလည်း ဝန်ကြီးချုပ်များ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ကော်မတီများ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ရယူဆောင်ရွက်နိုင်ဖို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး အကြံဉာဏ်များ ရယူဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့အပြင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကိုလည်း နိုင်ငံတော်မှ ထည့်ဝင်ငွေနှင့် လှူဒါန်းမှုများမှ ရရှိငွေများဖြင့် ထူထောင်ထားရှိ စီမံခန့်ခွဲလျက်ရှိပါတယ်။ 

၄။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆွေးနွေးချက်မှာပါတဲ့အတိုင်း ငလျင်ဘေး အန္တရာယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရသော သဘာဝဘေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်ကိုင်း၊ ကျောက်ကြမ်း၊ ဖာပွန် နှင့် ကဘော် စတဲ့ ပြတ်ရွေ့များနှင့်အတူ အရှေ့ဘက်ကုန်းမြင့်ဒေသတွင် အရှေ့-အနောက် တည်ရှိနေတဲ့ သက်ရှင်ပြတ်ရွေ့များဖြစ်ပြီး  စစ်ကိုင်းပြတ်ရွေ့ဟာ တောင်-မြောက် သွယ်တန်းလျက်ရှိကာ မန္တလေး -နေပြည်တော်-ပဲခူး-ရန်ကုန်  စတဲ့ မြို့ကြီးများကို ဖြတ်သန်းတည်ရှိပါတယ်။ ငလျင်ကြောင့် ပျက်စီးထိခိုက်မှု အဆင့်ပေါ်အခြေခံပြီး ငလျင် ပြင်းထန်အားကို  မာကယ်လီစကေးဖြင့် တင်ပြပါအတိုင်း ဖော်ပြပြီး ငလျင်ပြင်းအားနှင့် သက်ရောက်နိုင်ခြေကိုတော့ တင်ပြပါ ဇယားအတိုင်း ရစ်ချ်တာစကေးဖြင့် ဖော်ပြတာကို တွေ့ရှိ ရမှာ ဖြစ်ပါတယ်။

၅။ မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက်က မှတ်တမ်းများအရ အင်အားပြင်းထန်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်များတဲ့ အင်းဝ၊ ပဲခူး တာလေ၊ သပိတ်ကျင်း၊ မော်လိုက်၊ ချောက် ငလျင်များကြောင့် လူဦးရေ စုစုပေါင်း (၁၀၅၆) ဦးခန့် သေဆုံးခဲ့ပြီးတော့ စေတီပုထိုး များ၊ ရှေးဟောင်း သမိုင်းဝင်အဆောက်အဦများ၊ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရတာကို တွေ့ရှိရပြီး ၂၀၁၈ နှင့် ၂၀၁၉  ခုနှစ်များမှာလည်း ပြင်းအား အနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများရှိခဲ့ပြီး ယခင်နှစ်များထက် အကြိမ်အရေအတွက် ပိုများ လာတာကို တွေ့ရှိရပါတယ်။

၆။ ကြိုတင်ခန့်မှန်း၍ မရသော ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အတွက် အသိပညာပေးဆောင်ရွက်မှုအနေဖြင့် -

- ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ မျှဝေခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ် တုံ့ပြန်မှုနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်ရေး Forum များကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်များအတွင်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ စုစုပေါင်း ( ၄ )ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

- မိမိတို့ဝန်ကြီးဌာနအနေနဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ငလျင်ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်ကို ဆောင်ရွက်ထားပြီး ငလျင်အန္တရာယ် ကြုံတွေ့ရချိန်တွင် အရေးပေါ်ဆောင်ရွက်ရမည့် စံလုပ်ငန်းအစီအစဉ်များ (SOP)နှင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်(Contingency Plan)တို့ကို ရေးဆွဲဆောင်ရွက်ထားရှိပါတယ်။ 

- ငလျင်ဘေးအန္တရာယ်ကြောင့် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ဆုံးရှုံးမှု လျော့ နည်းသက်သာစေဖို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး ဂျပန်နိုင်ငံ အစိုးရနဲ့ World Bank အဖွဲ့အစည်းတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပုဂံဒေသမှာ ငလျင်ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချပေးနိုင်မယ့် အစီအမံတွေကိုလည်း ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

- ပြည်သူလူထု အသိပညာပေး အစီအစဉ်များအနေနဲ့ စာသင်ကျောင်း၊ ကျေးရွာ၊ မြို့ပြများ တွင် လိုက်နာဆောင်ရွက်ရန် ရုပ်သံဇာတ်လမ်းတို   ( ၄ ) မျိုးနဲ့ ပြည်သူလူထု လိုက်နာဆောင် ရွက်ရန် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များကို  ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့မှာ   အခါအားလျော်စွာ ပညာပေးဆောင်ရွက်ခြင်း၊ ငလျင်နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များ၊ ရုပ်ပြစာအုပ်များ ထုတ်လုပ်ဖြန့်ဝေခြင်း၊ မြေငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း အဆင့်ဆင့်စာအုပ်တို့အား စာကြည့်တိုက်များတွင်   ဖြန့်ဝေထားရှိခြင်း၊    ငလျင်ဘေးအပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းများကို ဆောင်ရွက်လျက်ရှိ ပါတယ်။ ၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ငလျင်ဘေးအပါအဝင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ (၃၃၁၁)ကြိမ် ပြုလုပ်နိုင်ခဲ့သလို တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ စာသင်ကျောင်း (၆၀၄)ကျောင်းရှိ ကျောင်းသား/သူ(၂၉၅၆၂၅)ဦးအား ငလျင်ဆိုင်ရာ အသိ ပညာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

- ဒါ့အပြင် လူမှုကွန်ယက်များမှတစ်ဆင့် သဘာဝဘေးများနှင့်ပတ်သက်၍ အများပြည်သူ သိရှိ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် Disaster Alert Notification (DAN) mobile application တွင် ငလျင်ဘေးအပါအဝင် ဘေးအန္တရာယ်( ၉ )မျိုးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ အသိပညာပေးကာတွန်း၊ ရုပ်/ သံ Animation ဖန်တီးမှုများကို ထည့်သွင်းထား ပါတယ်။ ဒါ့အပြင် အမြင်အာရုံချို့ယွင်းသူများအတွက် အသံနားထောင်၍လည်းကောင်း၊ အကြားအာရုံ ချို့ယွင်းသူများအတွက် ကာတွန်း၊ ဗွီဒီယိုများကြည့်ရှု၍ သိရှိနားလည်နိုင်ရန် လည်းကောင်း စီစဉ်ထားပါတယ်။ အထက်ပါ ကျွန်တော်တို့ဝန်ကြီးဌာနက ထုတ်ထားတဲ့ (DAN) Mobile Applicationကိုလည်း ဒီကညွှန်ကြားရေးမှူးချုပ်များနှင့်ညှိနှိုင်းပြီး လွှတ်တော် ကိုယ်စားလှယ်ကြီးများရဲ့ Mobile ဖုန်းများမှာ (DAN) Mobile Application ကို ထည့်သွင်း ဆောင်ရွက်နိုင်ဖို့ကို ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- လတ်တလော အသိပညာပေးဆောင်ရွက်မှုအနေဖြင့် ငလျင်ဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ ပြည်သူလူထုပူးပေါင်းပါဝင်သည့်အသိပညာပေး ရက်သတ္တပတ်အစီအစဉ်ကို မိမိတို့ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းအဖွဲ့ (DRR Working Group)နှင့် လူမှုအဖွဲ့အစည်းများ တို့ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ကျောက်တန်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့် စတဲ့မြို့နယ်များမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီအစီအစဉ်သို့ ဌာန ဆိုင်ရာကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား/ ကျောင်းသူများအပါအဝင် ပြည်သူလူထုများ ပါဝင်လေ့ကျင့်လှုပ်ရှားခဲ့ပါတယ်။

၇။ ကြိုတင်ပြင်ဆင်ခြင်းအနေနဲ့-

- ငလျင်ဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ် အောင် လျှော့ချရန်နဲ့ ကြီးမားတဲ့ ငလျင်ဘေးဖြစ်ပွားပြီးနောက် ငလျင်ဘေးဒဏ်ခံရသူများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နဲ့တပြေးညီ ဆောင်ရွက်သွားနိုင်ရန်  အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက်ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက်စာအုပ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် လည်းကောင်း အတည်ပြုထုတ်ဝေနိုင်ခဲ့ပြီး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျာ

- သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ  ကြိုတင်ပြင်ဆင်မှုများအနေနဲ့  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့်  ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက မြို့နယ်များ တွင် တပ်စု(၃၃၃)စု၊ တပ်ခွဲ(၁၇)ခွဲ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း (၁၃,၆၂၇) ဦးတို့ကို စုဖွဲ့၍ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ လေ့ကျင့်သင်ကြားပေးပြီး အသင့် စုဖွဲ့ပြင်ဆင်ထား ရှိတဲ့အပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ  ရှာဖွေကယ်ဆယ်ရေး အထူးတပ်ခွဲ (၁) ခွဲစီ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၄၈) ဦးအား ထပ်မံ စုဖွဲ့ထားရှိပြီး လိုအပ်တဲ့ လူနာတင် ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များနဲ့ အထောက်အကူပြုယာဉ်များကို အသီးသီးခွဲဝေ စုဖွဲ့ ထားရှိပြီးဖြစ်ပါတယ်။

- မြေငလျင်ကြောင့်သော်လည်းကောင်း၊အခြားအကြောင်းကြောင်းကြောင့်သော်လည်းကောင်း၊ အဆောက်အဦ ပြိုကျပျက်စီးမှုများနှင့် မြေပြိုမှုများကြောင့် အပျက်အစီးများအောက်တွင် ပိတ်မိ နေသူများကို ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် လူ့နှလုံးခုန်သံနှင့် ခန္ဓာကိုယ်အပူချိန်တို့ကို ထောက်လှမ်းသည့်စက်ကိရိယာများ စသည့် နည်းပညာသုံးကိရိယာများကိုလည်း အရန်သင့် စုဖွဲ့ထားရှိပါတယ်။

- တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အနေနဲ့လည်း ငလျင်ဘေးအပါအဝင် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက အမိန့်စောင့်ဆိုင်းစရာ မလိုဘဲ အနီးစပ်ဆုံးတပ်များက ရှာဖွေ ကယ်ဆယ်ရေးအပါအဝင် လိုအပ်သည့်  ကူညီမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိပါတယ်။

- မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့  မြေငလျင်တိုင်းတာ ရေးစက်များကို မြန်မာတစ်နိုင်ငံလုံးတွင် တပ်ဆင်ထားရှိ၍ (၂၄)နာရီ ဆောင်ရွက်လျက်ရှိပြီး မြေငလျင်သတင်း၊ ဆူနာမီသတိပေးချက်များကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိတဲ့အပြင် မြေငလျင် ဘေးအန္တရာယ်လျော့ပါးရေးအတွက် Earthquake Risk Assessement of Mandalay City စီမံကိန်း (၂၀၁၁-၂၀၁၂) နဲ့ ဆူနာမီဘေးအန္တရာယ် လျော့ပါးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အောင်လှိုင်ကျေးရွာမှာ Tsunami Risk Assessment (၂၀၁၃-၂၀၁၄)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  နိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်ထားရှိတဲ့ အစုလိုက် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် စီမံခန့်ခွဲမှုစီမံချက် (Mass Casuality Management Plan)မှာလည်း မည်သို့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မည်ကို ပြုစုထုတ်ပြန်ထားပြီး ဇာတ်တိုက် လေ့ကျင့်မှုများကိုလည်း ဆက်စပ်ဌာနများ/ဒေသခံ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

- သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ပြည်သူများ ဘေးဒဏ် ခိုလှုံနိုင်ရန်အတွက် Cyclone Shelter များ တည်ဆောက်ရာတွင် ငလျင်ဒဏ်၊ လှိုင်းဒဏ်၊ မိုးဒဏ်နှင့် သဘာဝ ဘေးအန္တရာယ်များကို ခံနိုင်ရည် ရှိစေရေး Myanmar National Building Code ပါ ညွှန်ကြား ချက်များနှင့် အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနကတာဝန်ယူ တွက်ချက်ရေးဆွဲပြီး တည်ဆောက်မည့်ကုမ္ပဏီများကို ပေး၍ တည်ဆောက်စေလျက်ရှိပါတယ်။

- ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းများ တည် ဆောက်ရန်အတွက် လမ်းညွှန်ချက်ထုတ်ပြန်ထားပြီး အဆိုပါလမ်းညွှန် ချက်များနှင့်အညီ အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါတယ်။

- ဆည်မြောင်းဦးစီးဌာနအနေနဲ့ ဆည်တမံများ ဒီဇိုင်းတွက်ချက်ရာတွင် ငလျင်အန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့ပါးစေရေးအတွက် Safety Factor များ ထည့်သွင်းကာ တွက်ချက် ခြင်း၊ ငလျင်လှုပ်ခတ်ပြီးတဲ့အချိန် မှာလည်း အနီးပတ်ဝန်းကျင်ရှိ ဆည်တမံများသို့ သွား ရောက်၍ ထိခိုက်မှု ရှိ/မရှိကို မျက်မြင်စစ်ဆေးခြင်း၊ ဘူမိရူပဗေဒ (Geophysics Survey) နည်းပညာသုံး၍ စစ်ဆေးခြင်းများပြုလုပ်၍ လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။

- ရန်ကုန်တိုင်းဒေသကြီးမှာလည်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီနဲ့ ကမ္ဘာ့ဘဏ်(World Bank) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်သူပိုင် အဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ပြင်ဆင် မွမ်းမံတဲ့ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၈။ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုများအနေနဲ့ -

- အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ လမ်းညွှန်မှုဖြင့် နိုင်ငံတော်အဆင့် မြေငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ သဏ္ဍာန်တူ စားပွဲတင် လေ့ကျင့် ခန်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်မှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်း (၁၃၄)ကြိမ် ပြုလုပ်နိုင် ခဲ့ပါတယ်။

၉။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနဲ့စပ်လျဉ်း၍ ငလျင်ဘေး အန္တရာယ်ကာကွယ် ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် အန္တရာယ်ကျရောက်လာပါက ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စီမံချက်များရေးဆွဲကာ ပြည်သူလူထု ကိုယ်တိုင်ပါဝင်တဲ့ ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ်အမျိုးသားလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၆) ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ဆက်လက်ထားရှိသည့် ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၏ ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသော ပစ္စည်းသိုလှောင်ရုံ (ရုံးခန်းအပါအဝင်) အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။

၃။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင် သိုလှောင်ရုံ(ရုံးခန်းအပါ) RC (၁)ထပ်လုပ်ငန်းကိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနသို့ ခွင့်ပြုငွေကျပ် (၅၅.၂၀၀)သန်းဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက် ခဲ့ရာ အတွင်း/အပြင် အချောကိုင်ခြင်း၊ ဆေးသုတ်ခြင်း၊ မျက်နှာကျက် တပ်ဆင်ခြင်း၊ တံခါးပြတင်းတပ်ဆင်ခြင်း၊ အတွင်းရေ၊ မီး၊ Apron နှင့် Drain လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေပါတယ်။ ၎င်းလုပ်ငန်း များအတွက် ထပ်မံလိုအပ်ငွေကျပ် (၁၂.၀၀၀)သန်းကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေတွင် ဝန်ကြီးဌာနက တင်ပြတောင်းခံ ထားပြီးဖြစ်ပါတယ်။

၄။ အဆိုပါ တင်ပြတောင်းခံထားရှိမှုအပေါ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ဘဏ္ဍာရေးကော်မရှင်၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးသဘောတူခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားရှိပြီးဖြစ် ပါကြောင်းနှင့် ဘဏ္ဍာငွေ ရရှိပါက ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ် ပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR