လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးကျော်ကျော်ဝင်းမဲဆန္ဒနယ် အမှတ်(၈)၊ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာလုပ်ငန်းများ ပိုမို တိကျမြန်ဆန်စေရန် လူမှ လူသို့ ထောက်ပံ့သောစနစ်မှ အီလက်ထရောနစ်နည်းပညာအသုံးပြုကာ ငွေကြေး ထောက်ပံ့သောစနစ် (Electric Cash  Transfer)သို့ ပြောင်းလဲအသုံးပြုရန် အစီအစဉ်ရှိ/မရှိနှင့် ရခိုင်ပြည်နယ် အတွင်း စစ်ဖြစ်ပွားရာ ဒေသများ၌ မည်သည့်နည်းလမ်း ဖြင့် ငွေကြေးထောက်ပံ့နေသည်ကို သိရှိလိုခြင်းနှင့်စပ် လျဉ်းသည့်မေးခွန်း။

၂။ဦးဝှေ့တင်း မဲဆန္ဒနယ်အမှတ်(၁၁)၊ချင်းပြည်နယ်၊
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှနိုင်ငံတကာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပေးပြီး ကူညီထောက်ပံ့မှုများ ပေးရန် အစီအစဉ်ရှိ/မရှိ။

၃။ဒေါ်နန်းမိုးမိုးထွေးမဲဆန္ဒနယ် အမှတ် (၄)၊ကရင်ပြည်နယ်၊
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ စစ်ဘေး ရှောင်စခန်းမှ ပြည်သူများ လုံခြုံစွာနေထိုင်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ လုံခြုံစွာပညာသင်ကြား နိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး တို့အတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလို ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ်အမျိုးသားလွှတ်တော်(၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်


၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းရဲ့ ရခိုင်ပြည် နယ်အတွင်း ကိုယ်ဝန်ဆောင် မိခင်နဲ့ ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုတိကျမြန်ဆန်စေရန် လူမှ လူသို့ ထောက်ပံ့သောစနစ်မှ အီလက်ထရောနစ် နည်းပညာအသုံးပြုကာ ငွေကြေးထောက်ပံ့ သောစနစ်(Electric Cash  Transfer)သို့ ပြောင်းလဲအသုံးပြုရန်အစီအစဉ်ရှိ/မရှိနဲ့ ရခိုင်ပြည်နယ် အတွင်း စစ်ဖြစ်ပွားရာဒေသများ၌ မည်သည့်နည်းလမ်းဖြင့် ငွေကြေးထောက်ပံ့နေသည်ကို သိရှိ လိုခြင်း မေးခွန်းနဲ့စပ်လျဉ်းပြီး ဖြေကြားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ အချက်အလက်များ ပြည့်စုံစွာဖြေကြားနိုင်ရေး  အချိန်ပိုမိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးပါရန် တင်ပြအပ်ပါတယ်။

၃။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သူက မွေးဖွားလာတဲ့ အသက်(၂)နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer - MCCT)ဆိုင်ရာလုပ်ငန်းတွေကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက စပြီးတော့ အကောင်အထည်ဖော်ခဲ့ရာ ယနေ့အထိ လူမှလူသို့ ထောက်ပံ့ခြင်း စနစ်ကိုသာ ကျင့်သုံးလျက်ရှိပါတယ်။ ဒီလိုငွေကြေးထောက်ပံ့ခြင်းစနစ်ကို Electronic Cash Transfer သို့ ပြောင်းလဲဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ရဲ့ ဒုတိယ(၆)လပတ်အတွင်းက စတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ပေါ်ရပ်ကွက်များမှာ စတင် စမ်းသပ် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုးအကောင်အထည်ဖော်ဖို့ စီစဉ်ဆောင်ရွက် ထားတာကလည်း ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသလို အခက်အခဲများ၊ မထင်မှတ်တဲ့ အခက်အခဲများနဲ့ မလိုလားအပ်တဲ့ကိစ္စများ ဖြစ်ပွားခြင်းဟာ လူမှ လူသို့ ထောက်ပံ့ခြင်း စနစ်ကြောင့် ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီလို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ကြိုတင်စီစဉ်မှုတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်တဲ့အခါမှာ  Electronic Cash Transfer စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အကျိုး ခံစားခွင့်ရှိသူဆိုင်ရာ အချက်အလက်စနစ် (Beneficiary Data Base)၊ ငွေကြေးထောက်ပံ့မှု ဆိုင်ရာ အချက်အလက်ထိန်းသိမ်းခြင်း (Payment Data Base)ကို ကွန်ပျူတာစနစ် ပြောင်းလဲ ထားရှိပြီး ဖြစ်ပါတယ်။

၄။ ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းချက်လက်စနစ် (Management Information System-MIS) ကိုလည်း တည်ဆောက်ဖို့ လိုအပ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူတွေ ပါဝင်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် လုပ်ငန်းအဖွဲ့ MIS Task Force ကိုလည်း ဖွဲ့စည်းပြီးသား ဖြစ်ပါတယ်။ အဲဒီစနစ် အကောင်အထည်ဖော်ဖို့ လိုအပ် တဲ့ ဗိသုကာဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် ပြည်တွင်း ကျွမ်းကျင်သူ တစ်ဦးတို့ကို တာဝန်ပေးအပ်နိုင်ဖို့ ယူနီဆက်(မြန်မာ)က ၂၀၁၉ ခုနှစ်၊ စက်တင် ဘာလက စတင်ပြီးတော့  ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အဲဒီ ကျွမ်းကျင်သူ (၂)ဦးရဲ့ နည်း ပညာဆိုင်ရာအကူအညီဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်ပုံစံ (Architectural Design of Management Information System ) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ အပြီးသတ်ရေးဆွဲသွားမှာဖြစ်ပါတယ်။ အဆိုပါစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်ပုံစံ ရရှိပြီးပါက စနစ်တည်ဆောက်ခြင်း၊ စမ်းသပ်ဆောင်ရွက်ခြင်း၊ အဆိုပါစနစ်အား ကိုင်တွယ် အသုံးပြုမည့်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း စတဲ့လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ဖို့ စီစဉ်ထားရှိပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သတင်း အချက်အလက်စနစ်ကို ဦးစီးဌာနက အကောင်အထည်ဖော်လျက်ရှိတဲ့ လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ်များနဲ့ ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်များ အားလုံးမှာ အသုံးပြုနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်မှု (Program Implementation)၊ စောင့်ကြည့်ကြီး ကြပ်အကဲဖြတ်ဆန်းစစ်မှု (Monitoring and Evaluation)နှင့် အစီရင်ခံတင်ပြ ခြင်း (Reporting) စတဲ့ လုပ်ငန်းတွေကို အီလက်ထရောနစ် သတင်းအချက်အလက် နည်းပညာ အသုံးပြုပြီး ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် အကျိုး ခံစားခွင့်ရှိသူဆိုင်ရာ သတင်းအချက်အလက်၊ ထောက်ပံ့ကြေးပေးမှုဆိုင်ရာ သတင်းအချက် အလက်နှင့် စောင့်ကြည့်ကြီးကြပ်မှုဆိုင်ရာ သတင်းအချက်အလက်တွေဟာ ပိုမိုမြန်ဆန် တိကျ စွာဖြင့် ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။  ဒီလို လုပ်နိုင်ခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် ကြီး ခုနက စိုးရိမ်ပြီး မေးမြန်းတဲ့ ကိစ္စတွေ ပြေပျောက်မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့် ပြုပါရန်     တင်ပြအပ်ပါတယ်။     ကျွန်တော်တို့ ဆောင်ရွက်မဲ့လုပ်ငန်းအစီအစဉ် အကျဉ်းချုပ် ဖြစ်ပါတယ်။

၅။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ Electronic Cash Transfer စနစ်နဲ့ ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်းများကို ဦးစီးဌာနကိုယ်စား ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းနဲ့ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး တော့ ထောက်ပံ့မှုတစ်ကြိမ်ချင်းစီအလိုက် ထောက်ပံ့ငွေကြေး ရရှိမည့် အကျိုးခံစားခွင့်ရှိသူ စာရင်းနဲ့ အကျိုးခံစားခွင့် ငွေကြေးတွေအရ စာချုပ် ချုပ်ဆို၍ လုပ်ငန်းအပ်နှံထားတဲ့ အဖွဲ့ အစည်းကို လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ ထိုဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းအနေနဲ့ ဦးစီး ဌာနက ပေးပို့လာတဲ့စာရင်းအတိုင်း အကျိုးခံစားခွင့် ရှိသူတွေကို သတ်မှတ်ချက်တွေနဲ့အညီ Electronic စနစ် အသုံးပြုပြီးတော့ ငွေကြေးလွှဲပြောင်းပေးပို့မှာဖြစ်ပါတယ်။ ထောက်ပံ့မှု တစ်ကြိမ်ချင်းစီအတွက် လွှဲပြောင်းပေးအပ်ပြီးစီးမှုစာရင်း ရှင်းလင်းခြင်းကိုလည်း သတ်မှတ် ချိန်အတွင်း ဦးစီးဌာနနဲ့ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းအကြား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ အကျိုးခံစားခွင့်ရှိသူတွေကို Electronic စနစ်အသုံးပြုပြီး ငွေကြေးလွှဲပြောင်းပေးအပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေအပြင် လက်ရှိကျင့်သုံးလျက်ရှိတဲ့ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရေးနဲ့ Electronic စနစ်နဲ့ ငွေကြေးလွှဲပြောင်းမှုကို စာရင်းစစ်ခံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၆။ လတ်တလောမှာ Electronic Cash Transferနည်းပညာကို အသုံးပြု၍ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇) မြို့နယ်မှာ ငွေကြေးထောက်ပံ့ခြင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ငွေကြေး ထောက်ပံ့မှုအစီအစဉ် ရေးဆွဲပြီး မြို့ပေါ်ရပ်ကွက်မှ အကျိုးခံစားခွင့်ရှိသူ တွေကို ပြည်သူ့ဝန်ဆောင်မှုရုံးမှာလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ကျေးရွာများမှ အကျိုးခံစားခွင့်ရှိသူများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက ဝန်ထမ်းများက Mobile  Team နဲ့ သွားရောက်ပြီးတော့ ထောက်ပံ့ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများနှင့် လုံခြုံရေးအရ အကန့်အသတ်ရှိ၍ မသွားရောက်နိုင်သော ကျေးရွာများမှ အကျိုးခံစားခွင့်ရှိသူ တွေအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများထံသို့ ငွေကြေးလွှဲပြောင်းပေးပြီး အကျိုးခံစားခွင့်ရှိသူတွေကို ထောက်ပံ့ပေးခြင်းများ ဖြင့် ဆောင်ရွက် လျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၇။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွား ရာ ဒေသတွေမှာ ဘယ်နည်းလမ်းနဲ့ ငွေကြေးထောက်ပံ့နေသည်ကို သိရှိလိုခြင်းနဲ့စပ်လျဉ်းပြီး တော့ ကျွန်တော် ခုနက တင်ပြခဲ့တဲ့အတိုင်း အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာလည်း မြို့ပေါ် ရပ်ကွက်တွေမှာ သွားလာလို့ရရင် အဲဒီရပ်ကွက်တွေရဲ့ ပြည်သူ့ဝန်ဆောင်မှုရုံးတွေမှာ လူမှု ဝန်ထမ်းဦးစီးဌာနက ကောင်တာဖွင့်လှစ်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ လုံခြုံရေးအရ သွားရောက်နိုင်တဲ့ ကျေးရွာတွေကိုလည်း ခုနက ပြောခဲ့သလို Mobile Team ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့လူမှုဝန်ထမ်းဦးစီးဌာနတို့က အဖွဲ့ ဖွဲ့ပြီး တော့ သွားရောက်ပြီးတော့ ထောက်ပံ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသမှာရှိတဲ့ အကျိုးခံစားခွင့်ရှိသူတွေကို ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ တိတိကျကျ ထောက်ပံ့ပေးနိုင် ဖို့တော့ လက်ရှိမှာ အခက်အခဲရှိနေပါတယ်။ ပုံမှန်အားဖြင့် ထောက်ပံ့မှုပေးတိုင်းမှာ ကျွန်တော်တို့အနေနဲ့ နောက်ဆက်တွဲ လုပ်ငန်းအနေနဲ့ ကြီးကြပ်ဆောင်ရွက်သည့် Post Distribution Monitoring ဆိုတဲ့ လုပ်ငန်းကိုလည်း ဆောင်ရွက်ရပါတယ်။ ဒါကတော့ ကျွန်တော်တို့ ငွေကြေးထောက်ပံ့မှု အစီအစဉ်တွေမှာ ချို့ယွင်းချက်များကို ဖော်ထုတ်ရန် ဖြစ်ပါတယ်။ ဒါပေမယ့်တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ လောလောဆယ်မှာ  Post Distribution Monitoring ကို ဆောင်ရွက်နိုင်ခြင်း မရှိသေး ပါကြောင်းလည်း တင်ပြလိုပါတယ်။ ထောက်ပံ့ ကြေး ရရှိမှုနှင့်ပတ်သက် ပြီးတော့ နစ်နာမှုတွေ ရှိလာလို့ရှိရင် ဆက်သွယ်တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကိုလည်း ထုတ်ပြန်ပေးပြီးသား ဖြစ်တဲ့အတွက်ကြောင့်  တိုင်ကြားမှု ရှိလာလို့ ရှိရင် ဆက်သွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

၈။ ဒါ့အပြင် စာရင်းပေးသွင်းထားတဲ့ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျခဲ့ရင် ကျန်းမာ ရေးစောင့်ရှောက်မှု ဆက်လက်ခံယူနိုင်ဖို့ နောက်ထပ် (၃)လစာ ဆက်လက်ထောက်ပံ့ပေး လျက်ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်ရတဲ့ အကျိုးခံစားခွင့်ရှိသူ တွေအတွက်တော့ အခြားမြို့နယ်တွေ၊ ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိလာလို့ရှိရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းတွေကို ဆက်သွယ် အကြောင်းကြားပေးပါတယ်။ ဒါမှသာ ထောက်ပံ့ကြေး ရရှိတဲ့သူအခြေအနေကို လူမှုဝန်ထမ်း ဦးစီးဌာနက သွားရောက်မေးမြန်းပြီး ပြောင်းရွှေ့လာခဲ့တဲ့မြို့နယ်က ထောက်ပံ့ကြေးထုတ် ပေးမှုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မရရှိသေးတဲ့သူတွေကို အကျိုးခံစားခွင့် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

၉။ လက်ရှိဘဏ္ဍာရေးနှစ်မှာ ပထမ(၃)လပတ်ကာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် (၁၀)မြို့နယ်ရှိတဲ့ အနက် (၈)မြို့နယ်မှာ အကျိုးခံစား ခွင့်ရှိသူ ဦးရေ (၉၄၉၆)ဦးအတွက် ထောက်ပံ့ပေးနိုင်ခဲ့ခြင်း မရှိပါသဖြင့် စုစုပေါင်း ကျပ် (၄၂၇.၃၅၅)သန်းကို အနှုတ်အသုံးစရိတ်အဖြစ် ပြန်လည် အပ်နှံရ ပါတယ်။  အခုလက်ရှိမှာ ဒုတိယ (၃)လပတ်နှင့် တတိယ(၃)လပတ်  ပူးပေါင်း ထောက်ပံ့မှုကို အပြီးသတ်ဆောင်ရွက်လျက် ရှိနေဆဲဖြစ်တဲ့အတွက်ကြောင့် ဒီထောက်ပံ့မှုမှာ တော့  လုံခြုံရေးအခြေအနေအရ ထောက်ပံ့မှု မပြုနိုင်တဲ့စာရင်း လောလောဆယ် မရရှိသေး ပါဘူး။ စတုတ္ထ(၃)လပတ်အတွက် ထောက်ပံ့မှုတွေကို စက်တင်ဘာလ၊ ပထမအပတ်က စတင်ပြီးတော့ စက်တင်ဘာလ အကုန်မှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။  

၁၀။ ငွေကြေးထောက်ပံ့ပေးမှုနဲ့ စာရင်းပေးသွင်း လက်ခံတဲ့နေရာတွေမှာ မကျေနပ်မှုတွေ ရှိရင် လူမှုဝန်ထမ်းဦးစီးဌာန/ ဖုန်း ၀၆၇-၃၄၀၄၂၂၂ နဲ့ ၀၆၇-၃၄၀၄၉၉၉ သို့ လည်းကောင်း၊ နီးစပ်ရာ ဦးစီးဌာနမှူးရုံးများသို့ လည်းကောင်း တိုင်ကြားနိုင်ပြီးတော့ ကွင်းဆင်း၍ စုံစမ်းဖြေရှင်းပေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာများ ပါဝင်တဲ့အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခြင်းတို့ ပြုလုပ်ကာ တိုင်ကြားမှုမှန်ကန်ပါက အကျိုးခံစားခွင့်ရှိသူများ မနစ်နာအောင်ဆောင်ရွက်ပေးခြင်း၊ နစ်နာအောင် ပြုလုပ်သူအား ထိရောက်သော အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုအချိန်အထိ အစီအစဉ်အကောင်အထည်ဖော်နေစဉ်ကာလအတွင်း ရခိုင်ပြည်နယ်မှ တိုင်ကြားမှုစုစုပေါင်း (၂၅)ခုကို (၂၄)နာရီ Help line (သို့မဟုတ်) စာဖြင့် လက်ခံရရှိ၍ ဖြေရှင်း ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားအပ်ပါတယ်။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်


၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး မှာ ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးပြီး ကူညီထောက်ပံ့မှုများပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်တွေကိုပေါင်းစပ်ပြီး ကျွန်တော့်အနေနဲ့ ဆက်လက် ဖြေကြားမှာဖြစ်ပါတယ်။ 

၂။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့   AA တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ခုနှစ်၊ သြဂုတ်လ (၂၀)ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅၅)စု၊ လူဦးရေ (၁၃၄၀)ဦး တို့ဟာ နေရပ်စွန့်ခွါပြီး နီးစပ်ရာ ကျေးရွာတွေမှာ ခေတ္တ အခြေချ နေထိုင်လျက်ရှိပြီး တိုက်ပွဲရှောင်စခန်း သီးခြားဖွင့်လှစ်ထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိ တယ်လို့ သိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၃။ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်းမှာ ပြည်နယ်အစိုးရ အဖွဲ့က တိုက်ပွဲရှောင် ပြည်သူတွေရဲ့ မြေပြင်စာရင်းအမှန်ကို ကောက်ခံရရှိပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနများကို အချိန်နဲ့တစ်ပြေးညီ တင်ပြခြင်း၊  လိုအပ်သော ပစ္စည်းများထောက်ပံ့ရန် ကြီးကြပ်ညွှန်ကြားခြင်း၊ အလှူရှင်များ၊ NGO/ INGO အဖွဲ့များနှင့်ချိတ်ဆက် ညှိနှိုင်း၍ ကူညီ စီစဉ်ထောက်ပံ့ပေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း အခါအားလျော်စွာ ကွင်းဆင်း၍ ကူညီထောက်ပံ့ခြင်း၊ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား  လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ လူမှုရေးအသင်းအဖွဲ့များမှ နေ့စဉ် အနီးကပ် ကြီးကြပ်၍ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၄။ ဒါကတော့ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူများ နေထိုင်ခဲ့ကြတဲ့ ကျေးရွာ စုစုပေါင်း‌ (၂၄)ရွာ ရှိပါတယ်။ ဒီကျေးရွာတွေကို စွန့်ခွါပြီးတော့ ထွက်လာရတာဖြစ်ပါတယ်။  ဒီကျေးရွာ (၂၄)ရွာက အိမ်ထောင်စု(၁၁၃၂)စုအတွက် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အနေနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့ကစပြီးတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့ အထိ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေ၊ အိမ်ဆောက်ပစ္စည်းများ(၄၂၀)စုံ၊ သေဆုံးနဲ့ ဒဏ်ရာရသူ( ၈ )ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၇၄.၆၈၁) သန်းကို ထောက်ပံ့ခဲ့ ပါတယ်။ ထပ်မံပြီးတော့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့မှာ AA စခန်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၂)ဦးနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ ရွာသစ်ကျေးရွာမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့မှ (၇)ရက် နေ့အထိ ပြန်လည်ရောက်ရှိခဲ့တဲ့ တိုက်ပွဲရှောင်အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၅၆)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၄၉)စု၊ လူဦးရေ (၁၆၈)ဦးတို့အတွက် စားနပ်ရိက္ခာ (၃)လစာ ထောက်ပံ့ငွေ (၆.၃၉၈)သန်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့က ထောက်ပံ့ပေးခဲ့ပါတယ်။

၅။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းမှာ ရှိတဲ့ ကလေးသူငယ်တွေအတွက် ကလေးပျော် နေရာ (၁)ခုကို တိုက်ပွဲရှောင်စခန်းလို့ ဆိုပေမဲ့ အခုဟာကတော့ အားလုံးဟာ မီးဇာကျေးရွာမှာ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ ကျွန်တော်တို့ ကလေးပျော်နေရာတစ်ခုကို ဖွင့်လှစ်ဖို့ ငွေကျပ် (၁.၅) သန်းနဲ့ ကလေးကစား ပစ္စည်းတွေကို စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ မီးဇာကျေးရွာ အနီးမှာ တိုက်ပွဲများ ဖြစ်ပွားနေလို့ သွားရောက်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် အခုနယ်မြေသွားလို့ရတဲ့အချိန်မှာ ပို့ဆောင်ဖို့ စီစဉ်ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။

၆။ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ တိုက်ပွဲရှောင်စခန်းတွေမှာ သို့မဟုတ် ခုနကလို မိမိနေရပ် ကို စွန့်ခွာပြီးတော့ တစ်နေရာမှာ စုပြီး နေရတဲ့ ပြည်သူလူထုများအတွက် ကျွန်တော်တို့အနေနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို ဖွင့်လှစ်ဖို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ် ပေးနိုင်တဲ့ သင်တန်း(၁၃)မျိုး ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ အချိန်နဲ့အမျှ ဆောင်ရွက်နိုင်တဲ့အချိန်မှ ဆောင်ရွက်နိုင်ဖို့ အဆင်သင့် စီစဉ်ဆောင်ရွက်ထားရှိတာဖြစ်ပါတယ်။

၇။ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ    ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ တိုက်ပွဲရှောင် ပြည်သူတွေကို ထောက်ပံ့ဆဲဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားလာတဲ့ ကလေး (၂)နှစ် အောက်ကလေးများအား တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့ ခြင်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက စတင်ခဲ့တာ ယခုထက်တိုင် ဆက်လက် ထောက်ပံ့နေနိုင်တာ ဖြစ်ပါတယ်။ အခုထက်ထိ ကိုယ်ဝန်ဆောင်နဲ့ ကလေး(၈၄)ဦး ဒီဒေသမှာ ရှိပါတယ်။ နောက်တစ်ခါ အသက်(၈၅)နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေကို တစ်လလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းကိုလည်း ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စတင်ခဲ့ တာဖြစ်ပြီးတော့ အခုလောလောဆယ် ဒီဒေသမှာ (၈၅)နှစ်အထက် ဦးရေ (၃)ဦး ထောက်ပံ့ လျှက်ရှိပါတယ်။ အဲဒီအပြင်ကို ကျွန်တော်တို့ မသန်စွမ်းသူတွေကို တစ်ဉီးလျှင် ကျပ်သုံးသောင်း နှုန်းနဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာလည်းကောင်း ကျွန်တော်တို့ဝန်ကြီးဌာနကနေပြီးတော့  ချင်းပြည်နယ် အစိုးရအဖွဲ့ကတစ်ဆင့် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

၈။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့လည်း ပလက်ဝမြို့နယ်၊ တိုက်ပွဲရှောင် ပြည်သူတွေအတွက်  ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ဂျတ်အတွင်း ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ တိုက်ပွဲရှောင် ပြည်သူ တွေအတွက် စားနပ်ရိက္ခာ၊ ကျောင်းသုံးပစ္စည်းများ၊ ဆိုလာမီးအိမ်များ၊  အိမ်ပြုပြင်ရန်တို့ အတွက် တင်ပြပါအတိုင်း ထောက်ပံ့ပေးခဲ့တာရှိပါတယ်။

၉။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နှင့်(၂၇)ရက်နေ့များတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူတွေနဲ့ ရေဘေးသင့်ပြည်သူတွေဆီကို သွားရောက်ဖို့ ကျွန်တော်တို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျွန်တော် ပြည်ထောင်စု ဝန်ကြီးနဲ့အတူ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်ပြီးတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကတစ်ဆင့် သွားရောက်ဖို့ စီစဉ် ခဲ့ပါတယ်။ သို့သော်လည်း (၂)ရက် စောင့်နေသော်လည်း ရာသီဥတုအခြေအနေ အလွန်ပြင်းထန်တယ်။ မိုးသည်းထန်စွာ ရွာသွန်း တဲ့အတွက်ကြောင့် ကျွန်တော်တို့ကိုယ်တိုင် အဲဒီဒေသကို မသွားရောက်ခဲ့နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့တို့အပြင် စေတနာရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းထားတဲ့ စုစုပေါင်းငွေ (၂၃၆၆.၈၄) သိန်းကို ချင်းပြည်နယ် အစိုးရအဖွဲ့ကို ကျွန်တော်တို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

၁၀။ အဲဒီကနေပြီးတော့တစ်ဆင့် ချင်းပြည်နယ်အစိုးရကို လွှဲပြောင်းပေးအပ်ခဲ့တဲ့ ထောက်ပံ့ငွေတွေ ကို ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနဲ့ ပြည်နယ်၊ ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူများ၊ သဘာဝဘေးသင့်ပြည်သူများနဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ)သင်တန်းကျောင်းမှ သင်တန်းသားတွေ အတွက်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက် နေ့မှာ ပလက်ဝမြို့၊ ကီမိုခန်းမမှာ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

၁၁။ ပလက်ဝမြို့နယ်ရှိ UN, INGO  အဖွဲ့အစည်းများမှလည်း ကျန်းမာရေး စောင့်ရှောက်မှု အသိ ပညာပေးခြင်း၊ စိုက်ပျိုးနည်းပညာပေးခြင်း၊ ဆန်ရိက္ခာထောက်ပံ့ပေးခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊  မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများကို တင်ပြပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၂။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Stephan Sakalian နဲ့ အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့က ကျွန်တော်တို့ ဝန်ကြီးဌာနမှ တွေ့ဆုံပြီးတော့ ပလက်ဝမြို့နယ်မှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူများတွက် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)အနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ကိုအသေးစိတ် အဆိုပြုပုံစံ ပြန်လည်တင်ပြဖို့ ဆွေးနွေးခဲ့ပါတယ်။  ICRC အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၂)ရက်နေ့အတွင်း ပလက်ဝမြို့နယ်မှာ သွားရောက်ပြီးတော့လည်း လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ ဆန်းစစ်မှုတွေကို ပြုလုပ်ပြီး တော့ ပြန်လည်တင်ပြခဲ့ပါတယ်။ Red Cross Movement အနေဖြင့် လုပ်ငန်းများ ဆောင်ရွက် နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ ချင်းပြည်နယ်အစိုးရက တာဝန်ရှိသူတွေနဲ့အတူ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့မှာ ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးခဲ့ပြီးတဲ့ အခြေအနေအရ ဆောင်ရွက်နိုင်သည်များကို အမြန်ဆုံးပူးပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပြီးတော့ စားနပ်ရိက္ခာအပါအဝင် လူသားချင်း စာနာမှုအကူအညီပေးရေးလုပ်ငန်းများ၊  မိုင်းအသိပညာပေးလုပ်ငန်းနဲ့ လိုအပ်ချက်များ ဆန်းစစ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး တင်ပြ လိုပါတယ်။

၁၃။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်း တွေကနေပြီးတော့ Supplemental Response Plan For Myanmar(New Displacement In Rakhine and Chin States) (SRP) မူကြမ်းကို ရေးဆွဲတင်ပြထားပါတယ်။ အဲဒီအစီအစဉ်မှာ အစားအသောက်လုံခြုံမှု၊ အစာအာဟာရ၊ အခိုအကာနှင့် အစားအသောက် မဟုတ်တဲ့ အခြား ပစ္စည်းများ ထောက်ပံ့ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ ပညာရေး စတဲ့ လုပ်ငန်းတွေကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရ မဟုတ်တဲ့အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ အစိုးရဖြင့် ညှိနှိုင်းသဘောတူညီချက်ရရှိဆောင်ရွက်မှာ ဖြစ်ပြီးတော့ လျာထား အမေရိကန် ဒေါ်လာ (၁၂.၂) မီလီယံဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလုပ်ငန်းစီမံချက်နဲ့ပတ်သက်ပြီးတော့  အသေးစိတ်လုပ်ငန်း အစီအစဉ်များ၊ ဆောင်ရွက်ရန် လျာထားမှုများကို ဆွေးနွေးနိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့က  ကျွန်တော်တို့ ဝန်ကြီးဌာနမှာ Supplemental Respones Plan For Myanmar (New Displacement In Rakhine and Chin States)နဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေနဲ့အတူ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သက်ဆိုင်ရာကဏ္ဍအလိုက် Focal အဖြစ် တာဝန်ယူထားတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ပါတယ်။ ညှိနှိုင်းတွေ့ရှိချက်များနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်ပြီးဖြစ်တဲ့အတွက် လုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သည်များကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ဆက်လက် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အားဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူတွေကို ကူညီသွားနိုင်မှာ ဖြစ်ပါတယ်။

၁၄။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်းပြီး  ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ထောက်ပံ့မှုများပေးအပ်ခြင်းနှင့် ရေရှည်ဘဝ ရပ်တည်ရေးအတွက်လည်း အသိပညာပေးခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနဲ့ ပြည်နယ်အစိုးရနှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနဲ့ ပေါင်းစပ်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၃) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်


၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းမိုးမိုးထွေးရဲ့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းမှ ပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးနဲ့ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးတို့အတွက် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနဲ့စပ်လျဉ်း ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊  ကျွန်တော်တို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ကရင် ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ဖြေကြားချက်တွေကိုပေါင်းစပ်ပြီးတော့ ကျွန်တော့်အနေနဲ့ ဆက်လက် ဖြေကြားသွားမှာဖြစ်ပါတယ်။ 

၂။ တိုက်ပွဲရှောင်စခန်းက ပြည်သူတွေ လုံခြုံစွာနေထိုင်နိုင်ရေးနဲ့ပတ်သက်ပြီးတော့   ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နယ်ခြားစောင့်တပ်(၁၀၁၁)က တိုက်ပွဲရှောင်ပြည်သူများ နေထိုင်လျက်ရှိတဲ့ မြိုင်ကြီးငူဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်(၁)ဆောင်၊ မြတ်ပန်းဝတ်မှုံ ခန်းမဆောင်နှင့် အေးလင်းမြတ်ရှင် (ကျောက်စာကွင်း)အနီး မအဲကမ်းနားလမ်းတို့တွင် လည်းကောင်း၊ နယ်ခြားစောင့်တပ်(၁၀၁၂)က သံလွင်မြစ်၊ မြိုင်ကြီးငူ-ကမမောင်း စက်လှေဆိပ်၊ မြိုင်ကြီးငူ ကျောက်စာကွင်းတွင်လည်းကောင်း၊ နယ်ခြားစောင့်တပ်နယ် (၁)နဲ့ နယ်ခြားစောင့် တပ်(၁၀၁၂)က မြိုင်ကြီးငူ အထူးဒေသအဝင် အလှူခံမဏ္ဍပ်တွင်လည်းကောင်း နယ်မြေ လုံခြုံရေးများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၃။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကစပြီးတော့ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းများ ပြန်လည် ဖွင့်နိုင်ပြီးဖြစ်တဲ့အတွက် နေရပ်သို့ပြန်၍ ပညာသင်ကြားလျက်ရှိကြပါတယ်။ နေရပ်မပြန်လိုတဲ့ မိသားစုများရဲ့ ကလေးများကိုတော့ တိုက်ပွဲရှောင်စခန်းအနီးမှာရှိတဲ့ ချမ်းသာမြိုင်နဲ့ မြတ်လေးမြိုင် အခြေခံပညာမူလတန်းလွန်ကျောင်း၊ စုံနံ့သာမြိုင် - အခြေခံ ပညာ အထက်တန်း ကျောင်း(ခွဲ)တို့မှာ ပညာသင်ကြားပေးလျက်ရှိပါတယ်။ အရွယ်လွန်ကလေးများကိုလည်း ကျောင်းပြင်ပ ပညာရေးအစီအစဉ်နဲ့ လုံခြုံစွာ ပညာသင်ကြားပေးလျက်ရှိပါတယ်။ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း   မူလတန်းကြိုကျောင်း   ယာယီဖွင့်လှစ်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းစီမံဆောင်ရွက်လျက်ရှိပါတယ်။ မြိုင်ကြီးငူတိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား/သူ(၃၉၈)ဦးအတွက်  နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောင်းဝတ်စုံ(ဖြူ/စိမ်း) (၃၉၈) စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များ (၃၉၈)ဒါဇင်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက တစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့မှာ ထောက်ပံ့မှု ပေးအပ် ခဲ့ပါတယ်။

၄။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊ စက်တင် ဘာလ(၁၀)ရက်နေ့မှ စတင်ပြီးတော့ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြိုင်ကြီးငူတိုက်နယ်ဆေးရုံနဲ့ ကျန်းမာရေးဌာနများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက် ရှိရာမှာ လက်ရှိ တိုက်ပွဲရှောင်စခန်းများမှာ နေ့စဉ်ဆေးခန်းဖွင့်လှစ်ကုသခြင်း၊ ဆေးရုံများသို့ စနစ်တကျလွှဲပြောင်း၍ ကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရစောင့်ကြပ်ကြည့်ရှုခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိတယ်လို့ သိရပါတယ်။

၅။ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားပေးနိုင်သော အချိန်မှာ လက်လှမ်းမီတဲ့ ကျန်းမာရေးဌာနများက ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ပေးမှာဖြစ်ပြီးတော့ လက်လှမ်းမမီတဲ့ နေရာတွေမှာ ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ခြင်း၊ ပြန်လည်နေရာချထားပေးတဲ့အပေါ် မူတည် ပြီးတော့ လိုအပ်ပါက ကျန်းမာရေးဌာနအသစ် တိုးချဲ့ဖွင့်လှစ်ရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

၆။ မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ယခုဘဏ္ဍာရေးနှစ်အတွင်းမှာ လိုအပ်တဲ့ နေရာတွေမှာ ကလေးပျော်နေရာ(၁၀)ခု ထပ်မံဖွင့်လှစ်ဖို့ ရန်ပုံငွေတင်ပြတောင်းခံထားတဲ့အနက် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူတိုက်ပွဲရှောင်စခန်းမှာ ကလေးပျော်နေရာ (၁)ခု ဖွင့်လှစ်ဖို့ ငွေကျပ်(၁.၅)သန်းနဲ့ ကလေးကစားပစ္စည်း(၆)မျိုးကို ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံးက တာဝန်ရှိသူတွေက အဆိုပါတာဝန်ခံထံကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့မှာ ထောက်ပံ့ပြီး ဖြစ်ပါတယ်။ 

၇။ အချက်အလက်တွေအရ မြိုင်ကြီးငူအထူးဒေသမှာ တိုက်ပွဲရှောင်အိမ်ထောင်စု (၈၇၀)စုနှင့် ပြည်သူဦးရေ(၅,၂၆၁)ဦးနေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ဒါကတော့ တိုက်ပွဲရှောင်ပြည်သူ တွေ ပြောင်းလာတဲ့ မူလ နေရပ်ရွာတွေကို ပြတာ ဖြစ်ပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ မြိုင်ကြီးငူအထူးဒေသမှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အတွက် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအထိ ထောက်ပံ့မှု ကျပ်သန်း (၁၀၈.၇၇၇)နဲ့ ၂၀၁၉ခုနှစ်၊ မေလအတွင်းမှာ စားနပ်ရိက္ခာထောက်ပံ့မှုကျပ်သန်း(၆၁.၅၁၅)ထောက်ပံ့ ခဲ့ပြီး ဖြစ်ရာ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်သန်း (၁၇၀.၂၉၂)ကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စေတနာရှင်များ၊ လူမှုကူညီရေး အသင်းများနှင့် ဌာနဆိုင်ရာ/ အဖွဲ့အစည်းများအလိုက်လည်း ထောက်ပံ့မှုများ လုပ်ဆောင်တဲ့ အခါမှာ ရရှိတဲ့ စာရင်းဇယားများကို တင်ပြပါအတိုင်း ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဝန်ကြီး ဌာနနဲ့ နှစ်စဉ် ဒီဒေသကို ရောက်ရှိပါတယ်။ ရောက်ရှိတိုင်းမှာလည်း ကျွန်တော်တို့အနေနဲ့ သွား ရောက်တဲ့ ခရီးစဉ်တွေမှာ ထောက်ပံ့မှုတွေကို ပုံမှန်ပြုလုပ်လျှက်ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့ အစည်းများနဲ့လည်း ပူးပေါင်းပြီးတော့ ထောက်ပံ့မှုတွေကို ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါတွေ ကတော့ ထောက်ပံ့မှုမှတ်တမ်းပုံစံများ ဖြစ်ပါတယ်။ Power Point ပိတ်လို့ ရပါပြီ။

၈။ တိုက်ပွဲရှောင်စခန်းမှာရှိတဲ့ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများ အပါအဝင် ထိခိုက် ဒဏ်ရာရသူ တစ်ဦးကို ငွေကျပ် (၂) သိန်းနှုန်းနဲ့ ထောက်ပံ့ပေးခြင်းကိုလည်း ပြုလုပ်ဆောင်ရွက် လျက်ရှိပါတယ်။  ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက် တဲ့နေရာမှာ ၂၀၁၈ ခုနှစ်အတွင်းမှာ စုစုပေါင်း (၅၈၆၆၉)ဦး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ (၁၅၁၅၉) ဦးတို့ကို အသိပညာပေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလို အသိပညာပေးလုပ်ငန်းတွေဟာ တိုက်ပွဲရှောင်စခန်းမှာရှိတဲ့ ပြည်သူတွေ မိုင်းအန္တရာယ်ကို ရှောင်ရှားနိုင်ပြီး ပြန်လည်နေရာချ ထားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။

၉။ ဥက္ကဋ္ဌကြီးခင်ဗျာ တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ ကောင်းမွန်စွာ ပြန်လည်နေထိုင်နိုင်ရေး အတွက် မြိုင်ကြီးငူဒေသအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ The HALO TRUST၊ Mine Advisory Group-MAG၊ Norwegian People’s Aid- NPA အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်လို့ရှိရင် မိမိတို့ရဲ့ မူလနေရပ်ဒေသတွေမှာ လုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

၁၀။ ဥက္ကဋ္ဌကြီးခင်ဗျာ နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကို ရေးဆွဲထား ရှိပြီး ဖြစ်ပါတယ်။ ဒီလိုရေးဆွဲထားရှိ တဲ့နေရာမှာ ကရင်ပြည်နယ်အပါအဝင် နေရပ်စွန့်ခွာသူများ ယာယီခိုလှုံတဲ့ စခန်းမှာရှိတဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်များ၊ ဆက်နွယ်အစိုးရ ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စား လှယ်များအား ဖိတ်ခေါ်ကာ မြန်မာနိုင်ငံ၏အခြေအနေ၊ အပြည်ပြည်ဆိုင်ရာစံနှုန်းများနဲ့ လိုက်လျောညီထွေရန် မဟာဗျူဟာ တစ်ရပ်ကို ပြုစုခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ မဟာဗျူဟာမှာ နေရပ်စွန့်ခွာသူများ လုံခြုံစိတ်ချဂုဏ်သိက္ခာရှိစွာဖြင့် သူတို့ရဲ့နေရပ်ကို ဆန္ဒအလျောက် ပြန်လည် နေထိုင်နိုင်ရေး၊ ရေရှည်ဖွံဖြိုးတိုးတက်စေတဲ့ အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံ ပြည်သူ့ဝန်ဆောင်မှုများ ပြည့်ဝစွာရရှိစေရေးတို့အတွက် ဦးတည် ဖော်ပြပြုစုထားတာ ဖြစ်ပါတယ်။ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  လိုအပ်တဲ့နေရာတွေမှာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining) ဆောင်ရွက်ရန် ညှိနှိုင်း ပေါင်းစပ်ပေးခြင်းအပါအဝင် ဘေးကင်းလုံခြုံရေးအစီအမံများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေး ခြင်းဟာ အရေးပါတဲ့အတွက်ကြောင့် ဒီမဟာဗျူဟာမှာ အလေးနက်ထည့်သွင်း ဖော်ပြထားရှိ ပါတယ်။  သက်ဆိုင်ရာပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူများ၊ ဆက်နွယ် ပတ်သက်သူများနဲ့ ညှိနှိုင်းဆွေးနွေးပြီး နယ်မြေအလိုက် လုပ်ငန်းစီမံချက်များ ဆက်လက်ရေးဆွဲ ကာ အကောင်အထည်ဖော် ကူညီပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၁။ ဥက္ကဋ္ဌကြီးခင်ဗျာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများ၏ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး၊ အေးချမ်းစွာ နေရပ်ပြန်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရန်ပုံငွေ ဖြင့်လည်းကောင်း၊ နီပွန်ဖောင်ဒေးရှင်းထောက်ပံ့ငွေဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့်လည်းကောင်း အိမ်ရာများ ဆောက်လုပ်ပံ့ပိုးနိုင်ရေးအတွက်ကိုလည်း စီစဉ် ထားရှိကြောင်း သိရှိရပါတယ်။ 

၁၂။ နိဂုံးချုပ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနဲ့စပ်လျဉ်းပြီးတော့ လှိုင်းဘွဲ့မြို့နယ်မှာ ရှိတဲ့ မြိုင်ကြီးငူတိုက်ပွဲရှောင်စခန်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးအသိပညာပေးခြင်း၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးခြင်း၊ ပညာသင်ကြားရေး စီစဉ် ဆောင်ရွက် ပေးခြင်း၊ မိုင်းရှင်းလင်းရေး အသိပညာပေးခြင်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း)အတည်ပြုပြီးပါက မဟာဗျူဟာအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR