၂၀၂6 ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီမှ ၁-၁၀-၂၀၂6ရက်၊ နေ့လယ် ၃:၀၀နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး (ရန်ကုန် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်ဇနီးများ၊ တိုင်း ဒေသကြီး ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး (ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ)၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သက်ကြီးရွယ်အို များဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား၊ကျောင်းသူများ၊ ဘိုးဘွားရိပ်သာများမှ ကိုယ်စားလှယ်များ အသက်(၈၅)နှစ်နှင့်အထက် ကန်တော့ခံဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာနှင့် ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ စုစုပေါင်း (၄၀၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးအဘွားများမှ “သက်ကြီးပုဂ္ဂိုလ်ဂုဏ်ပြုတေး” သီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သက်ကြီးပုဂ္ဂိုလ်ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက် Video Clip ပြသခဲ့ ပြီး သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများမှ “Chair Based Exercise” သရုပ်ပြသခြင်းအားလည်းကောင်း၊ "အရိန္ဒမာအသိဆုံးပါ" တေးသီချင်းဖြင့်လည်းကောင်း၊ "လင်းခေး အဝင်" သီချင်းဖြင့်လည်းကောင်း၊ ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများမှ "တောင်ယာဝင်ချိန်" သီချင်းဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များမှ "ဆီမီးပူဇော်ယိမ်း" အကနှင့် "ပုဂံယိမ်း" အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံးဘိုးဘွား (၃)ဦး အား (၁)ဦး လျှင် ငွေကျပ် ၃၀၀,၀၀၀/- နှုန်း နှင့် ကန်တော့ပစ္စည်းများဖြင့် အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးမည် ဖြစ်ကြောင်း၊ တစ်ခရိုင်လျှင် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၃)ဦးစီဖြင့် စုစုပေါင်း(၄၂)ဦး အား (၁)ဦး လျှင် ငွေကျပ် 2၀၀,၀၀၀/- နှုန်းနှင့် ကန်တော့ပစ္စည်းများဖြင့် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့မှ ဘိုးဘွား (၁)ဦးလျှင် ငွေကျပ် ၂၀,၀၀၀/- နှုန်းဖြင့် စုစုပေါင်း ဘိုးဘွား(၄၅)ဦးအတွက်ဂုဏ်ပြုချီးမြှင့်ငွေနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လှူဒါန်းသော ဆေးပစ္စည်းများအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ကြီးများနှင့်ဇနီးတို့မှ အသီးသီးဂါရဝပြု ပေးအပ်ကြပါသည်။
ဆက်လက်ပြီး ဖျော်ဖြေရေးအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့်ဇနီးမှ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ အဘွားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများမှ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ခင်းကျင်းပြသထား သည့် ပန်းချီပြခန်းနှင့် လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်းနှင့် အခမ်းအနားကို ညနေ ၅:၀0 နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

















