နိဒါန်း
၁။ မြန်မာနိုင်ငံသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းစဉ် (Humanitarian Mine Action)နှင့် ဆက်စပ်သည့် နိုင်ငံတကာ စာချုပ်စာတမ်းများ ဖြစ်သော ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (The United Nation Convention on the Rights of the Child-UNCRC)၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (The United Nation Convention on the Rights of the Persons with Disabilities-UNCRPD) နှင့် ကုလသမဂ္ဂအမျိုးသမီးများအပေါ် နည်းလမ်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (The United Nation Convention on Elimination of all forms of Discrimination against Women) တို့တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလှုပ်ရှားမှုတို့သည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ သောဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ (၂၀၃၀) အစီအစဉ်တွင် ပါဝင်သော လုပ်ငန်းစဉ်များလည်းဖြစ်ပါသည်။
၂။ ASEAN Regional Mine Action Center (ARMAC) အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှစ၍ (ARMAC) ၏ ဘဏ္ဍာရန်ပုံငွေတို့ စေတနာအလျောက် ထည့်ဝင် ကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်သောင်း ထည့်ဝင်လျက်ရှိပါသည်။ (ARMAC) ၏ Steering Committee တွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တစ်ဦးစီ ပါဝင်ကြပါသည်။ အာဆီယံနိုင်ငံ အချင်းချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းစဉ်အား ပူးပေါင်း ဆောင်ရွက်ရန် အတွက်ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် မြေမြှပ်မိုင်းများ၊ စစ်ကျန်ပေါက်ကွဲ ပစ္စည်းများ (Explosive Remnants of War-ERW) နှင့် ဒေသန္တရ လက်လုပ်မိုင်း (Improvised Explosive Device- IED) များ ပြန့်နှံ့လျက်ရှိနေပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် UNCRC အရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို ကာကွယ်ရန် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း (Mine Risk Education-MRE) ကို (၂၀၁၂) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။
၄။ ကချင်၊ ကယား၊ ကရင်နှင့် ရှမ်းမြောက်တို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိ ပညာပေးလုပ်ငန်းအဖွဲ့များကို (၂၀၁၄) ခုနှစ်မှ စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ UNICEF နှင့် Mine Risk Working Group (MRWG) မိုင်းအန္တရာယ်လုပ်ငန်းအဖွဲ့တို့၏ မှတ်တမ်းများအရ (၂၀၁၉) ခုနှစ်အတွင်း သေဆုံးသူ (၅၇) ဦး၊ ဒဏ်ရာရသူ (၁၇၀) ဦးတို့ဖြစ် ကြောင်းသိရှိရပါသည်။ ဒေသခံ ပြည်သူအများစုသည် မိုင်းအန္တရာယ်ဆိုင်ရာဗဟုသုတ အသိနည်းပါးခြင်း၊ အသက်ရှင်ရပ်တည်ရေး နှင့် အသက်မွေးဝမ်းကျောင်းအတွက် မိုင်းအန္တရာယ်ကို သတိမမူဘဲ၊ သွားလာလှုပ်ရှားနေကြခြင်း ကြောင့် မိုင်းထိသေဆုံးမှုဖြစ်စဉ်များရှိနေသလို၊ မိုင်းကြောင့်မသန်စွမ်းသူဦးရေတိုးပွားလျက်ရှိနေပါ သည်။
၅။ မိုင်းအန္တရာယ်လုပ်ငန်းအဖွဲ့ (Mine Risk Working Group - MRWG) ၏ မဟာဗျူဟာ လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) တွင်ပါရှိသော အောက်ဖော်ပြပါ ကဏ္ဍ (၆) ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က ) အဖွဲ့အစည်းအချင်းချင်းနှင့် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ခြင်း (Inter-Agency& Inter-Ministerial Coordination)
( ခ ) မိုင်းအန္တရာယ် ပညာပေးခြင်း (MRE)၊ အန္တရာယ်ဖြစ်နိုင်ခြေနည်းပါး သက်သာ စေခြင်း (Risk Mitigation)၊ မြေပြင်တွင်စစ်ဆေးခြင်း (Survey)၊
( ဂ ) မိုင်းအန္တရာယ်ကြုံတွေ့ရသူများကို အကူအညီပေးခြင်း (Victim Assistance)၊
(ဃ) သတင်းအချက်အလက် စီမံခန့်ခွဲခြင်း (Information Management)
( င ) မိုင်းအန္တရာယ်ကင်းသောမြေအဖြစ် သတ်မှတ်ခြင်းလုပ်ငန်း (Land Release Activity)၊
(စ ) ဦးဆောင်စည်းရုံးလှုံ့ဆော်ခြင်း (Advocacy)။
၆။ မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လှုပ်ရှားမှုတို့သည် Humanitarian Mine Action Pillars (မဏ္ဍိုင်) များဖြစ်သော Mine Risk Education (မိုင်းအန္တရာယ်အသိပညာပေးခြင်း)၊ Advocacy (ဦးဆောင်စည်းရုံးလှုံ့ဆော်ခြင်း)၊ Victim Assistance (မိုင်းဒဏ်သင့်ပြည်သူများကို ထောက်ပံ့ပေးခြင်း)၊ Demining (မိုင်းရှင်းလင်းခြင်း)၊ Stockpile Destruction (စုပုံဖျက်စီးခြင်း) တို့အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ဆောင်နိုင်သည့် ကဏ္ဍများကိုသာ ဆောင် ရွက်ကြရမည်ဖြစ်ပါသည်။
၇။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းများသည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးကိစ္စများကို အာရုံစိုက်နေကြ သကဲ့သို့ နိုင်ငံတော်အစိုးရမှလည်း အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုအကောင်အထည်ဖော်မှုတွင် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ များ (IDPs) အား ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီ နေရာချထားပေးရမည် ဖြစ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ် ပါသည်။ လိုအပ်သည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်း လုပ်ငန်းများ (Humanitarian Demining) ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၈။ Mine Action Authority, Mine Action Center ဖွဲ့စည်းပြီး Humanitarian Mine Action လုပ်ငန်းများလုပ်ဆောင်ရန် လက်တွေ့မဖြစ်နိုင်သည့် အခြေအနေများကြောင့် အမျိုးသားအဆင့် မိုင်းကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာအာဏာပိုင်အဖွဲ့ (National Mine Action Authority) မဖွဲ့စည်း သေးဘဲ၊ ပဏာမအဆင့်အနေဖြင့် National Mine Action Strategic Plan နှင့် လုပ်ငန်းစီမံချက် ရေးဆွဲရခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက်
၉။ မိုင်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုဆိုင်ရာလုပ်ငန်းသည် ဒေသခံပြည်သူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန်။
ပူးပေါင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းများ
၁၀။ အောက်ဖော်ပြပါ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမည်-
(က) ဝန်ကြီးဌာနများ၊
( ခ ) သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊
( ဂ ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ၊
(ဃ) ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကော်မတီများ၊
(င )နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီများရယူ ဆောင်ရွက်ခြင်း။
လုပ်ငန်းစဉ်များ
၁၁။ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့မှ ရေးဆွဲထားသော (2020-2021) မဟာ ဗျူဟာ လုပ်ငန်းစီမံချက်ပါ အချက်အလက်များကို လိုအပ်လျင်အသုံးပြုရန်ဖြစ်ပါသည်။
၁၂။ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု ကနဦးစီမံချက် (Pilot Project) အတွက် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုအနက် မိုင်းအန္တရာယ်တွေ့ကြုံခံစားနေရသည့် တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုထဲမှ ရွေးချယ်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရပါမည်။
၁၃။ ဒေသခံပြည်သူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား တရားဉပဒေ စိုးမိုးရေး၊ အခြေခံအဆောက်အဦများ ပြန်လည်ထူထောင်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ စိတ်ကျန်းမာရေးနှင့် စိတ်အားပေး ကူညီဆောင်ရွက်ရေး၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွက်ကူညီပံ့ပိုးပေးခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အစီအစဉ်များမှတစ်ဆင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးရေးနှင့် နည်းပညာများပံ့ပိုးပေးရေး၊ ကျား/ မ တန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများ ပါဝင်လုပ်ကိုင်ခွင့် ရရှိရေး၊ အသက်မွေးဝမ်းကျောင်းမှု ပြန်လည်ထူထောင်ရေးတို့အတွက်ဝန်ကြီးဌာန များမှ အကောင်အထည် ဖော်ဆောင်ရွက်ရပါမည်။
၁၄။ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမည့် မူလနေရာ (သို့မဟုတ်) အခြေချနေထိုင်ရန် စီစဉ်ပေးမည့် နေရာများတွင် မြေမြှုပ်မိုင်း၊ စစ်ကျန်ပေါက်ကွဲပစ္စည်းများ (Explosive Remnants of War-ERW) နှင့် ဒေသန္တရလက်လုပ်မိုင်း (Improvised Explosive Device -IED) တို့ရှိ/ မရှိ လေ့လာဆန်းစစ်ခြင်းနှင့် မိုင်းရှင်းလင်းခြင်းဆောင်ရွက်ရာ၌ အောက်ပါလုပ်ငန်းစဉ် များဆောင်ရွက်ရပါမည်-
(က) ကနဦးမြေပြင် ဆန်းစစ်လေ့လာခြင်း (Non-Technical Survey-NTS)၊
( ခ ) ဒေသခံပြည်သူများအား တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊
( ဂ ) မိုင်းနှင့်စစ်ကျန်ပစ္စည်း အခြေပြမြေပုံ ရေးဆွဲခြင်း (Mapping)၊
(ဃ) မိုင်းနှင့်အခြားအန္တရာယ်ရှိသောနေရာများအား အမှတ်အသားပြုလုပ်ခြင်း
(Minefield Marking)၊
( င ) နည်းပညာအကူအညီဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း (Technical Survey)၊
(စ ) Non-Technical Survey နှင့် Technical Survey လုပ်ဆောင်ပြီးပါက မြေမြှုပ် မိုင်းရှိသည့်နေရာ (Confirmed Hazardous Area) ကို တိကျသေချာသော မြေပုံရေးဆွဲခြင်း၊
(ဆ ) ပေါက်ကွဲစေတက်သည့် စစ်ကျန်ပစ္စည်းများအား ဖယ်ရှားခြင်း (Explosive Ordnance Disposal-EOD)၊
၁၅။ အခြေချနေထိုင်မည့်နေရာတွင်သာမက ၎င်းတို့၏ စားဝတ်နေရေးလုပ်ငန်းများတွင် အသုံး ပြုနိုင်မည့် ပတ်ဝန်းကျင်မြေနေရာများအားလည်း လေ့လာဆန်းစစ်ခြင်းနှင့် မိုင်းရှင်းလင်းခြင်း ပြုလုပ်ရပါမည်။
၁၆။ သံသယဖြစ်ဖွယ် အန္တရာယ်ရှိနယ်မြေ (သို့မဟုတ်) အတည်ပြုနိုင်သော အန္တရာယ်ရှိ နယ်မြေများအားလုံးကို ရှင်းလင်းစွာဖြင့် အမှတ်အသားပြုလုပ်ခြင်းနှင့် (မြေပုံကြမ်း၊ တည်နေရာ နှင့်တကွ အကျယ်အဝန်းများ) ထည့်သွင်း၍ မှတ်တမ်းတင်အစီရင်ခံခြင်းများ ပြုလုပ်ရပါမည်။
၁၇။ သံသယဖြစ်ဖွယ်အန္တရာယ်ရှိနယ်မြေ (သို့မဟုတ်) အတည်ပြုနိုင်သော အန္တရာယ်ရှိနယ်မြေ များအားလုံးကို နိုင်ငံတကာမိုင်းရှင်းလင်းရေး စံချိန်စံနှုန်းများနှင့်အညီ လူသားချင်းစာနာ ထောက် ထားသော မိုင်းရှင်းလင်းရေးပြုလုပ်ပြီးမှသာ နေရပ်ပြန်ပြည်သူများနှင့် ပြန်လည်အခြေချ နေထိုင် မည့်သူများအား မြေယာများကို လွှဲပြောင်းပေးရပါမည်။
အုပ်ချုပ်ထောက်ပံ့မှု
၁၈။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ လမ်းညွှန်မှုနှင့် အညီ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားပါမည်။
ကွက်ကဲမှုနှင့် ဆက်သွယ်ရေး
၁၉။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ လမ်းညွှန်မှုနှင့် အညီ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ ကြီးကြပ်ဆောင်ရွက်သွားရပါမည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Focal Ministry အဖြစ် သတ်မှတ်ထားရှိပါမည်။
စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း
၂၀။ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များအား လုပ်ငန်းဆောင်ရွက်သည့် ကာလ (၆) လ ပြည့်ချိန်မှစတင်ပြီး စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းကို စတင်ဆောင်ရွက်ရပါမည်။ ထိုသို့ဆောင်ရွက်ရန်အတွက် သင့်လျော်သည့် ပုဂ္ဂိုလ် များကို ဖွဲ့စည်းတာဝန်ပေးအပ်သွားရပါမည်။
နိဂုံး
၂၁။ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု လုပ်ငန်းစီမံချက်ကို အခြေခံကာ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ပကတိအခြေအနေနှင့် ကိုက်ညီမည့် လုပ်ငန်းစီမံချက် အသေးစိတ်ရေးဆွဲကာ အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။ ပြည်တွင်းနေရပ်စွန်ခွာသူများ၏ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများနှင့် (Mine Risk Working Group-MRWG) မိုင်းအန္တရာယ်လုပ်ငန်းအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။