ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် (၁၅-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ သွားရောက်ခဲ့ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံအားပေးခြင်း၊ ရေဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်မှုလုပ်ငန်းများ ကို ကြည့်ရှု့စစ်ဆေးခြင်းတို့အား သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ တောင်ငူခရိုင်၊ သဘာဝဘေးကွပ်ကဲမှုရုံး ဖွင့်လှစ်ထားသည့် သာသနာ့ဗိမာန်တွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိ အရာရှိကြီးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူမှုကူညီရေးအသင်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများက စက်တင်ဘာလ (၁၁)ရက်နေ့ ရေကြီးရေလျှံမှု စတင်ဖြစ်ပေါ်ချိန်မှစ၍ ကြိုတင်ရွှေ့ပြောင်းခြင်းကို ဦးစားပေးဆောင်ရွက်ခဲ့မှု၊ ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိ ချိန်၌ စားဝတ်နေရေး အဆင်ပြေစေရန် စခန်းအလိုက် နေ့စဉ်ချက်ပြုတ် ကျွေးမွေးနေမှု၊ ရေသန့်စက် တင်ယာဉ်ဖြင့် စခန်းအသီးသီးသို့ နေ့စဉ် သောက်ရေ/ သုံးရေများ ဖြန့်ဝေပေးနေမှုတို့အား ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ  ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်အသိပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့သည် အထက(၃)၊ အထက(၇)နှင့် ရွှေဆံတော်ဘုရား အောင်မင်္ဂလာ ခန်းမတို့တွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြောကြားကာ စခန်းတွင်ရောက်ရှိနေခိုက် အခြေခံစားကုန်များ ရရှိနိုင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံတော်အနေဖြင့် ရေဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစိုးရတာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုကို လက်တွေ့မြင်တွေ့ပြီးဖြစ်၍ နောင်တွင်လည်း ယင်းအတိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးလျော့ပါးရေးအတွက် ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်ဆက်နွယ်သည့် အသိပညာများပြည့်စုံရန် လိုအပ်သဖြင့် အချင်းချင်းလက်ဆင့်ကမ်း ပြောကြားကြစေလိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် စုပေါင်းညီညာစွာဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့မှုအတိုင်း ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်းတို့အား ရင်းနှီးနွေးထွေးစွာ မှာကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ရေကြီးရေလျှံမှုစဖြစ်ချိန်တွင် ကြိုတင်ပြောင်းရွှေ့ စေရေး စီမံဆောင်ရွက်ပေးရာတွင် အချို့သောသူများမှ ငြင်းဆန်ခဲ့သဖြင့် ရေအလွန်ကြီးချိန်မှ ခက်ခက်ခဲခဲ ဆောင်ရွက်ရသဖြင့် မလိုလားအပ်ဘဲ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်သူအချို့ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ရေဘေးရှောင်စခန်းသို့ ရောက်ရှိနေခိုက်တွင် နေ့စဉ်စားသောက်မှု အဆင်ပြေစေရေး ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏လမ်းညွှန်ချက်နဲ့အညီစခန်းအလိုက် ချက်ပြုတ်ကျွေးမွေးလျက်ရှိပြီး ရေသန့်များရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့ကိုစီစဉ်ဆောက်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ခြင်း၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကလေးငယ်များအတွက် မုန့်များထောက်ပံ့ခြင်း၊ ချက်ပြုတ်ကျွေးမွေးသည့် နေရာများ၊ သောက်ရေ/သုံးရေ စီစဉ်ဆောင်ရွက်ပေးနေမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်းများအား စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၇၃) စုမှ အိမ်ထောင်စု (၂၀၀၀၀) ကျော်၊ လူဦးရေ (၈၇၀၀၀) ကျော် ရေဘေးသင့်လျက်ရှိပြီး ယာယီရေဘေးရှောင်စခန်း (၁၀၀)နှင့် ဆွေမျိုးများနေအိမ်များသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကာ အသက်အန္တရာယ်ထိခိုက်သူမရှိကြောင်း၊နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရတို့က နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရှိရပါသည်။

ထို့အတူ (၁၅.၉.၂၀၂၄)ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်းမိသားစုမှ ပျဉ်းမနားမြို့၊ အုန်းတောပရိယတ္တိစာသင်တိုက်ရှိ ရေဘေးသင့်ပြည်သူများ အတွက် ထမင်းဗူး(၃၀၀)ဗူးအားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်  ဒေါက်တာအေးခိုင်ညွန့်မိသားစုတို့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိသီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက်နှင့်လှေခွင်းတောင်၊ တောင်ခြေကယ်ဆယ်ရေးစခန်းတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် မာမီးမွန်းစတားအသင့်စား ၁၈၀ ပါကင်၊ မာမီးခေါက်ဆွဲထုတ် (၃၀)ထုတ်ပါ (၁၂) ဖာ၊ အအေးဘူး(၂၀၄)ဘူး၊  VIgo အသင့်စားကွေကာ (၂၄) ပါကင်ပါ (၂) ဖာ၊ ထမင်းဟင်းဘူး  (၃၀၀) ဘူး တို့အား (၁၄.၉.၂၀၂၄) ရက်နေ့တွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR