ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင်ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းတွင် နေထိုင်စဉ်ကာလအတွင်း သင်တန်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပံ့ပိုးပေးနိုင်ရေး၊ ဂေဟာ/သင်တန်းကျောင်းများတွင်  အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများပြည့်ဝစွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ပါသည်။ ၎င်းအပြင် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာအသုံးစရိတ် ကိစ္စများနှင့်ပတ်သက်၍အထူးအလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်၊ သင်တန်းသားလူငယ်များနေထိုင်သည့် အိပ်ဆောင်များ၊ စားရိပ်သာများနှင့်သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသားများလက်တွေ့သင်ကြားလေ့ကျင့်နေသောသက်မွေးပညာသင်တန်းများဖြစ်သည့် ဆံသသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ဆပ်ပြာဆီထုတ်လုပ်မှုသင်တန်းနှင့်သံဂဟေဆက်သင်တန်း (ဝရိန်သင်တန်း)များကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းတွင် ခေတ်ပေါ်တေးဂီတတီးဝိုင်းတည်ထောင်နိုင်ရေးအတွက် လူငယ်များကို လေ့ကျင့်သင်ကြားပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ၎င်းနောက် ကျောင်းဝင်းအတွင်းရှိ  ဘောလုံးကွင်းနှင့်ဘော်လီဘောကွင်းများတွင် လူငယ်များလေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်သည်အထိ ကြိုးစားလေ့ကျင့်ကြရန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းရှိ အားကစားခန်းမတွင် သင်တန်းသားလူငယ်များနှင့်တွေ့ဆုံရာ၌လူငယ်များသည် နိုင်ငံတော်၏ အရေးကြီးဆုံးအရင်းအမြစ်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိတို့၏မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူတော်လူကောင်းများဖြစ်စေရေး အတိတ်သင်ခန်းစာများရယူ၍ ကျင့်ကြံကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ အဆိုပါသင်တန်းကျောင်းတွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး(၅၉)ဦးနှင့် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သောကလေး(၅၇၅)ဦး စုစုပေါင်း(၆၃၄)ဦးအား လက်ခံစောင့်ရှောက်ထားရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်တွံတေးမြို့ရှိအမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အရ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် ပြစ်ဒဏ်ကျကျောင်းသူ (၂၂၃)ဦးနှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အုပ်ထိန်းသူမဲ့ကျောင်းသူ(၁၁)ဦး၊ စုစုပေါင်း ကျောင်းသူ(၂၃၄)ဦးကို အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ အသိပညာဗဟုသုတများတိုးပွားစေရေးပံ့ပိုးမှုများဆောင်ရွက်ပေးခြင်း၊ အကျင့်စာရိတ္တနှင့်စည်းကမ်းကောင်းမွန်စေရန်လမ်းညွှန်သင်ကြားပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်းနှင့် မိဘအုပ်ထိန်းသူထံပြန်လည်အပ်နှံပေးခြင်းစသည့်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်နှင့် ဌာနတွင်စောင့်ရှောက်ထားသောကလေးများကို လူမှုပတ်ဝန်းကျင်အတွင်းပြန်လည်ဝင်ဆံ့ရန်ဘက်ပေါင်းစုံမှ စေတနာထား၍ လေ့ကျင့်သင်ကြားပေးရန်၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များဖိတ်ခေါ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန်နှင့် ၎င်းတို့နေရပ်ပြန်ပါက ပြန်လည်အသုံးချနိုင်မည့် ထိရောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များလည်း သင်ကြားပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဌာနရှိ ဆေးပေးခန်း၊ ကျောင်းသူ အိပ်ဆောင်များ၊ ရာသီသီးနှံစိုက်ခင်းများနှင့် စားရိပ်သာတို့ကို လှည်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR