လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်စက်တင်ဘာလ(၉)ရက်နေ့နံနက်ပိုင်းတွင်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်၌ကျင်းပပြုလုပ်သည့်၂၀၂၄ခုနှစ်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတစ်ခုဖြစ်သည့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းသို့တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြင်းထန်ဆိုးရွားသည့်ရာသီဥတုဖြစ်စဉ်များကြောင့်သဘာဝဘေးများဖြစ်ပွားရပြီးကမ္ဘာ့နိုင်ငံအသီးသီးတွင်ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများကိုခံစားကြရလျက်ရှိရာအထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများသည်သဘာဝဘေးအန္တရာယ်၏သက်ရောက်မှုများကိုအများဆုံးခံစားကြုံတွေ့ကြရလျက်ရှိပါကြောင်း၊သဘာဝဘေးအန္တရာယ်သည်လူသားတို့၏အသက်အိုးအိမ်စည်းစိမ်များကိုထိခိုက်ဆုံးရှုံးစေနိုင်သည်သာမကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်အနှောင့်အယှက်အဟန့်အတားများဖြစ်လာပါကြောင်း၊ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချဖို့တစ်နိုင်ငံချင်းသာမကနိုင်ငံအများစုပေါင်းစွမ်းအားဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ကြရာတွင်နိုင်ငံသားတစ်ဦးချင်းစီ၏ပူးပေါင်းပါဝင်မှုနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတရှိရန်လည်းအရေးကြီးပါကြောင်း၊လူတစ်ဦးချင်းစီအလိုက်သဘာဝဘေးနှင့်ပတ်သက်သည့်အသိပညာများရရှိထားမှသာအသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်မည်ဖြစ်ရာလူပုဂ္ဂိုလ်တစ်ဦးချင်းမှသည် တစ်နိုင်ငံလုံးအဆင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းကျဆင်းလာစေမည်ဖြစ်ပါကြောင်း၊

သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစဉ်များ၌မျိုးဆက်သစ်လူငယ်များ၏စွမ်းဆောင်ရည်ပြည့်ဝစွာပူးပေါင်းပါဝင်မှုသည်အရေးပါသည့်အတွက်၂၀၂၄ခုနှစ်၊အောက်တိုဘာလ (၁၃)ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို“ Empowering the next generation for a resilient future”“အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့ဆိုသည့်ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ထို့အတူနိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင်လူငယ်များ၏အခန်းကဏ္ဍသည်အလွန်အရေးကြီးပါကြောင်း၊လူငယ်ဆိုသည်မှာနိုင်ငံ၏အဖိုးတန်သယံဇာတတစ်ခုအဖြစ်ပါဝင်ပါကြောင်း၊အဖိုးတန်သယံဇာတများကိုပျိုးထောင်သည့်အခါသဘာဝဘေးအန္တရာယ်၏သက်ရောက်မှုကိုကြံ့ကြံ့ခံနိုင်သည့်မျိုးဆက်တစ်ခုဖြစ်လာစေရေးလိုအပ်ပါကြောင်း၊သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများကိုလူငယ်များကပါစိတ်ပါဝင်စားစွာပါဝင်လာစေရေးယခုစကားဝိုင်းအစီအစဉ်ကိုကျင်းပရခြင်းဖြစ်ပါကြောင်း၊

တက္ကသိုလ်အဆင့် လူငယ်များအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်သည့်အသိပညာများ ရရှိစေရေး၊သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးတို့အပြင်တက္ကသိုလ်ကဘွဲ့ရရှိပြီးနောက်တာဝန်ကျသည့်လုပ်ငန်းခွင်အသီးသီး၊မြန်မာနိုင်ငံ၏ ဒေသအသီးသီးတို့တွင်သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ကာကွယ်ရေးနှင့်တုံ့ပြန်ရေးများကိုနေ့စဉ်လုပ်ငန်းများ၌ပေါင်းစပ်ထည့်သွင်းစဉ်းစားသည့်အလေ့အထကောင်းများရရှိလာစေရန်ရည်ရွယ်ပါကြောင်း၊တက္ကသိုလ်ကျောင်းသား/သူတို့အနေဖြင့်သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးတွင်ပါဝင်နေသည့် အချက်အလက်များအားသိရှိနားလည်ပြီးဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသောအနာဂတ်တစ်ခုဖြစ်လာစေရေးကြိုးပမ်းအားထုတ်မှုတွင်တစ်ထောင့်တစ်နေရာကပါဝင်လာစေရန်မျိုးဆက်သစ်များကိုလက်ကမ်းကြိုဆိုလျက်ရှိပါကြောင်းနှင့်စကားဝိုင်းအစီအစဉ်ကိုတက်ရောက်လာကြသည့်တက္ကသိုလ်ကျောင်းသား/သူမောင်တို့မယ်တို့ကဆွေးနွေးချက်များကိုစိတ်ပါဝင်စားစွာနှင့်တက်ကြွစွာပါဝင်သွားကြရန်၊နောင်တွင်သဘာဝဘေးနှင့်သက်ဆိုင်သည့်အသိပညာ၊ဗဟုသုတများကိုလေ့လာဆည်းပူးကြပြီးဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေများလျော့ကျသွားရန်တတ်စွမ်းသမျှပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သောအနာဂတ်မျိုးဆက်သစ်များဖြစ်လာစေရေးကြိုးစားဆောင်ရွက်ရန်လိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းသို့ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်မှကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ဝန်ထမ်းများစုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(မလိခ)သို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်မှ အမျိုးသမီးကလေးများအား လက်ခံစောင့်ရှောက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများ၏ ဘော်လီဘောအားကစားလေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး အိပ်ဆောင်၊ စားရိပ်သာ၊  စာကြည့်တိုက်၊ အခြေခံ ပညာမူလတန်းကျောင်း၊ သက်မွေးသင်တန်းများဖြစ်သည့်  စက်ချုပ်၊ လက်ကောက်၊ ဆွဲကြိုး၊ ပုတီးများပြုလုပ်ခြင်း၊ ဆံပင်အလှပြင်လေ့ကျင့်မှုများကို  လှည့်လည်ကြည့်ရှုခဲ့ပါသည်။အဆိုပါ ကျောင်းတွင် Grade I မှ တက္ကသိုလ်အထိ  အတန်းပညာသင်ကြားနေသူ (၈၅)ဦး၊ ပြင်ပတွင် အလုပ် လုပ်ကိုင်နေသာ အမျိုးသမီး (၁၃)ဦး၊ ကျောင်းတွင်းသက်မွေးပညာသင်ကြားမှုခံယူနေသူ (၃၀)ဦးစုစုပေါင်း(၁၂၈)ဦးအား လက်ခံစောင့်ရှောက်ပေးလျက်ရှိပါသည်။

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိအမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကသင်တန်းကျောင်းဆိုင်ရာလုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက စောင့်ရှောက်ထားသော အမျိုးသမီးများကို အကျင့်စာရိတ္တပြုပြင်ပေးခြင်းအပြင်၊  ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာများ၊ ကျန်းမာရေးဆိုင်ရာအသိပညာဗဟုသုတများကိုလည်းသက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များဖိတ်ခေါ်၍ အသိပညာပေးခြင်းများဆောင်ရွက်ပေးရန်နှင့် သင်တန်းသူများနေရပ်ပြန်ပါကပြန်လည်အသုံးချနိုင်မည့် ထိရောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များလည်းသင်ကြားပေးရန်လမ်းညွှန်မှာကြားပြီး သက်မွေးသင်တန်းအခန်း၊ အိပ်ဆောင်၊ စားဖိုဆောင်၊ ထမင်းစားခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ပြစ်မှုရင်ဆိုင်ဆဲကျောင်းသူများ၊ အကြမ်းဖက်ခံရသောအမျိုးသမီးများအားတစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center-OSWSC)မှ အမျိုးသမီးများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခြင်း၊   ဝန်ထမ်းများအားအားပေးစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းတွင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် ပြစ်မှုရင်ဆိုင်ဆဲကျောင်းသူ (၁၂)ဦး၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အုပ်ထိန်းသူမဲ့ကျောင်းသူ(၂၂)ဦး၊OSWSC တွင်(၁၀)ဦး စုစုပေါင်းကျောင်းသူ (၄၄)ဦးကိုစောင့်ရှောက်လေ့ကျင့်ပေးလျက်ရှိပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့

MOS

DSW

DDM

DOR