လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မေလ (၆) ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်ညောင်ရွှေမြို့သို့ သွားရောက်ကာ မန္တလေးငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်မှုအဖြစ် အာဆီယံနိုင်ငံများက AHA Center(အဟာစင်တာ) မှတစ်ဆင့် လှူဒါန်းသော အလှူငွေများဖြင့် ဆောင်ရွက်ခဲ့သော အသင့်တပ်ဆင်စာသင်ဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်းခွဲ(အင်းတိန်ကုန်း)၌ ဆောက်လုပ်ထားသော အလျားပေ၉၀၊ အနံပေ၃၀ ရှိအသင့်တပ်ဆင်စာသင်ကျောင်း၊ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပါသည်။ အဆိုပါစာသင်ဆောင်၌ ကျောင်းသားကျောင်းသူ (၁၂၀)ဦးခန့် ပညာသင်ကြားနိုင်ရေး စီစဉ်ထားရှိကြောင်းသိရှိရပါသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာအထက်တန်းကျောင်းခွဲ(သန်းတောင်)ရှိ အလျားပေ၉၀၊ အနံပေ ၃၀ ရှိ အသင့်တပ်ဆင်စာသင်ဆောင်သို့ ဆက်လက်သွားရောက်ကြည့်ရှုပါသည်။ ထိုမှတစ်ဆင့် အခြေခံပညာမူလတန်းကျောင်း(ရေဦးတောင်)ရှိ အလျားပေ၉၀၊ အနံပေ ၃၀ ရှိ အသင့်တပ်ဆင်စာသင်ဆောင် ဆောက်လုပ်ပြီးစီးမှုကို စစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ထားသောအသင့်တပ်ဆင်စာသင်ဆောင်များ၏သတ်မှတ်ပုံစံ၊ အတိုင်းအတာ၊ အရည်အသွေးကိုက်ညီမှုရှိ/မရှိကြည့်ရှုပြီး အသုံးပြုနေမှုအခြေအနေများကို သက်ဆိုင်ရာဝာာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
အဆိုပါ စာသင်ဆောင်များကို အာဆီယံနိုင်ငံများ၏ လှူဒါန်းငွေဖြင့် AHA Center(အဟာစင်တာ)နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ၏ အလှူငွေ အမေရိကန်ဒေါ်လာ (၁.၅) သန်းနီးပါးဖြင့် ငလျင်ဘေးသင့်တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင့်တပ်ဆင်စာသင်ဆောင်ပေါင်း(၃၀)ကျော်ဆောက်လုပ်ထားပြီးဖြစ်ပါသည်။
(၇-၅-၂၀၂၆)နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့မှ ဖယ်ခုံမြို့သို့ သွား ရောက်ပြီးဖယ်ခုံမြို့၊သဒ္ဓမ္မသဒ္ဓိပရိယတ္တိစာသင်တိုက်ဆရာတော်အားတွေ့ဆုံဖူးမျှော်ကာလှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ထို့နောက် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့သို့နေရပ်ပြန်ရောက်ရှိလာသောပြည်သူများအားဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် တွေ့ဆုံ၍နေရပ်ပြန်ပြည်သူများအနက် အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၀၆)ဦးအတွက် (၆,၁၈၀,၀၀ဝိ/-)၊အသက်(၅)နှစ်အောက်ကလေး (၄၈၄)ဦးအတွက်(၁၄,၅၂၀,၀၀ဝိ/-)၊ကိုယ်ဝန်ဆောင်(၃၂)ဦးအတွက်(၉၆၀,၀၀ဝိ/-)စုစုပေါင်းထောက်ပံ့ငွေ(၂၁,၆၆၀,၀၀ဝိ/-)နှင့်နေရပ်ပြန်ပြည်သူအိမ်ထောင်စု(၁၈၁၆)စုမှ လူဦးရေ(၆၅၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၁)လစာ(၁၃၀,၄၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁၈၁၆)အိမ်ထောင်စုစာနှင့်တာပေါ်လင်ထုပ် (၆၁)ထုပ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဖယ်ခုံတပ်နယ်မှူးဗိုလ်မှူးကြီးမြတ်လင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ လီဆူးတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်ငွေလှိုင်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်သို့ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပါသည်၊ ပြည်ထောင်စုဝန်ကြီးကနေရပ်ပြန်ပြည်သူများအားအားပေးစကားပြောကြားပြီးနောက် ဖယ်ခုံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖယ်ခုံပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကိုဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။




