လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပင်မအထောက်အကူပြု ဗဟိုဌာန(ရန်ကုန်)တွင် ဌာနတွင်းဆရာမများအတွက် အသက် (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသူ (၂၆)ဦးဖြင့် ၃.၈.၂၀၂၆ ရက်မှ ၁.၉.၂၀၂၆ ရက်ထိ ဖွင့်လှစ်လျက် ရှိရာ သင်တန်းတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် နည်းပညာများကို လက်တွေ့နယ်ပယ်များ၌လည်း အတွေ့အကြုံရှိသော နည်းပြ များနှင့် ပြင်ပမှသက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချရန် ဖိတ်ကြားထားသည့် နည်းပြများ မှ စာတွေ့၊ လက်တွေ့များဖြင့် သင်ကြားပို့ချပေးလျက်ရှိပါသည်။
အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်၊ ECCD Law & Policy၊ ကလေးဖွံ့ဖြိုးမှု၊ ကလေးသဘောသဘာဝနှင့် လိုအပ်ချက်၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေး စိတ်ပညာ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အစောပိုင်းကာလ စာတတ်မြောက်မှု၊ ကစားခြင်းဖြင့် သင်ယူခြင်း နှင့် အရေးကြီးပုံ၊ သင်ယူမှု၏ အခြေခံအုတ်မြစ်နှင့် သင်ယူမှုပုံစံများ၊ ပုံပြင်သင်ကြားခြင်းနည်းလမ်း များနှင့် လက်တွေ့ပုံပြင်စာအုပ်ပြုလုပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် အာဟာရ၊ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးများအတွက် သင်ကြားမှုနည်းလမ်း များ၊ အကူးအပြောင်းကာလ အရေးကြီးပုံ၊ Early Childhood Intervention၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာ၊ သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းနှင့် ပတ်သက်သည့် ဘာသာရပ်များအား သင်ကြားပို့ချ သွားမည်ဖြစ်ပါသည်။
လူမှုဝန်ထမ်းးစီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မူလတန်းကြိုကျောင်းများမှ မူကြိုဆရာမများဖြစ်သည့် လူမှုဝန်ထမ်း-(၃)၊ လူမှုဝန်ထမ်း-(၄)၊ လူမှုဝန်ထမ်း-(၅)အဆင့်ရှိ ဝန်ထမ်း များနှင့် ခရိုင်လူမှုဝန်ထမ်းရုံးမှ အကြီးတန်းစာရေးဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းသား များ အနေဖြင့် အဆိုပါသင်တန်းကို တက်ရောက်ပြီးပါက မိမိတာဝန်ကျရာကျောင်း၊ ဌာနနှင့် မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ရှိ ကလေးသူငယ် အခွင့်အရေးကို တန်းတူညီမျှ ရရှိစေရန်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း၊ မူကြိုအရွယ်ကလေးများအား ဖွံ့ဖြိုးမှု(၅)ရပ်နှင့်အညီ ကြီးထွားဖွံ့ဖြိုး လာစေရန်အတွက် လက်တွေ့ပြုလုပ်ထားသော သင်ထောက်ကူများနှင့် သင်ယူမှုနေရာများတွင် ချိတ်ဆက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်တတ်လာစေရန် စနစ်တကျ ပြုစု ပျိုးထောင်ပေးနိုင်ပြီး ကလေးပြုစုစောင့်ရှောက်သူများ၊ ကလေးနှင့်သက်ဆိုင်သည့်လုပ်ငန်း လုပ်ဆောင် နေသူများအား မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။








