ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမိသားစုဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံ နှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး(ASEAN Ministerial Meeting on Social Welfare and Development -AMMSWD)၏ ဥက္ကဋ္ဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက Keynote Address ပြောကြား ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ ဖိလစ်ပိုင်နိုင်ငံ၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ ဝန်ကြီးဖြစ်သူ H.E Rex Gatchalian (H.E ရက်စ်ဂက်ချာလီယံ) က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစီအစဉ်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ စိုးဝင်းက Keynote Address ပြောကြားရာတွင် အာဆီယံ၏ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများသည် မိသားစုဖွံ့ဖြိုးတိုးတက် ရေးအတွက် တန်ဖိုးထားမှုအခြေပြုချဉ်းကပ်မှု (Values-Based Approach)အပေါ် ခိုင်မာစွာ အခြေခံထားပါကြောင်း၊ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ ကြေညာချက်နှင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် မိသားစု၏ အရေးပါမှု ဆိုင်ရာ ဘန်ဒါဆရီဘီဂါဝမ် ကြေညာချက်တို့သည် မိသားစုများအား ပိုမိုကူညီပေးနိုင်ရေးနှင့် ခိုင်မာအားကောင်းစွာတည်ဆောက်နိုင်ရေးတို့အတွက် ကတိကဝတ်များဖြစ်ပါကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်းလုပ်ငန်းများဆိုင်ရာ ဟနွိုင်းကြေညာချက်အရ အာဆီယံအနေဖြင့် မိသားစုများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် အဓိကကျသော လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လူမှုဝန်ထမ်း သမားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် လည်း ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များပါ ပန်းတိုင်(၁) ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး၊ ပန်းတိုင်(၃)ကျန်းမာရေးနှင့် သာယာဝပြောရေး၊ ပန်းတိုင်(၅) ကျား၊ မ တန်းတူညီမျှရေး၊ ပန်းတိုင်(၁၀) မညီမျှမှုများ လျှော့ချရေးနှင့် ပန်းတိုင် (၁၆) ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ခိုင်မာအားကောင်းသော လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေးတို့နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း မိသားစုများ၏ တည်ငြိမ်ရေးနှင့် သာယာ ဝပြောရေးအတွက် အားလုံးပါဝင်နိုင်ပြီး လိုက်လျောညီထွေရှိသော လူမှုကာကွယ်စောင့်ရှောက် ရေးစနစ်များမှတစ်ဆင့် ထိခိုက်လွယ်အုပ်စုများထံ ရောက်ရှိနိုင်မည့် မိသားစုကိုဗဟိုပြုသော မူဝါဒများနှင့် အားပေးကူညီသည့် အစီအမံများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ပိုမိုလက်လှမ်းမီစေမည့် ပေါင်းစပ်ချဉ်းကပ်မှုနှင့် ဟန်ချက်ညီသောစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများရှိ မိသားစုများအပါအဝင် အသိပညာဖလှယ်ခြင်းနှင့် ကွန်ရက်များ တည်ဆောက်ခြင်းတို့မှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ပေးရန်လိုအပ် ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ Virtual စနစ်ဖြင့် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ ဖွင့်ပွဲအခမ်းအနား အား ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး အာဆီယံ မိသားစုဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲအား ၁၄.၅.၂၀၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




