နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင် ကိုးခန်းကြီးကျောင်းတွင် ပြုလုပ်သည့်ရာဂီတိုင်ဖွန်းမုန်တိုင်းသက်ရောက်မှုကြောင့် ရေဘေးထိခိုက်ခံစားရသော ကျည်တောင်ကျေးရွာအုပ်စုရှိ ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ခြင်းနှင့် စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းအခမ်းအနားအား၂၀၂၄ခုနှစ်၊အောက်တိုဘာလ (၂)ရက်၊ နံနက်(၁၀:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံအရာရှိများတက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင်ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများဆုံးရှုံးခြင်းများရှိခဲ့ပြီးလမ်းတံတားများ၊ စာသင်ကျောင်းများ၊ရုံးများနှင့် ဘာသာရေးအဆောက်အဦများ ပျက်စီးခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်ပျက်စီးဆုံးရှုံးမှုများကိုအမြန်ဆုံးပြန်လည်ပြုပြင်ပေးလျက်ရှိပါကြောင်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရေဘေးသင့်ပြည်သူများ၏ လတ်တလောလိုအပ်ချက်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကဖြန့်ဝေပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြည်သူလူထုအတွင်းရှိထိခိုက်လွယ်အုပ်စုများဖြစ်သောကိုယ်ဝန်ဆောင်များ၊ အသက်(၃)နှစ်အောက်ကလေးများ၊ အသက်(၇၅)နှစ်အထက် ဘိုးဘွားများနှင့်မသန်စွမ်းသူများအတွက် ငွေသားနှင့် ပစ္စည်း(၂)မျိုးလုံးကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ဒေသခံပြည်သူလူထုအနေဖြင့်အသက်အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှုံးမှုများကြောင့် နောက်ဆက်တွဲထိခိုက်ခံစားရခြင်းများကို စိတ်လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့များပေးပြီး ပြန်လည်ထူထောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဘဝကို ပြန်လည်စတင်နိုင်ရန် စိတ်ဓါတ်ခွန်အားပြည့်ဝပြီး ကြိုးစားရုန်းကန်မှုများဖြင့် ပြန်လည်စတင်နိုင်ရန်အတွက် လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိတ်လူမှုရေးပိုင်းဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များကို စုဖွဲ့စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းဖြင့်ထိခိုက်ခံစားနေရမှုများလျော့နည်းစေရန်၊လိုအပ်ချက်များအားချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့် စိတ်ထိခိုက်ခံစားနေရသူများအား နှစ်သိမ့်ပေးခြင်းဖြင့် အမြန်ဆုံးစိတ်သက်သာရာရစေရန်လာရောက်အားပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှလည်း နေပြည်တော်အတွင်း ရေဘေးသင့်ကိစ္စများ စတင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာလ(၁၁)ရက်နေ့ကတည်းကပင် တပ်ကုန်းမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကျည်တောင်ကျေးရွာမှများစွာကူညီခဲ့ပါကြောင်း၊ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးစသည့်ကဏ္ဍများ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်ရေဘေးသင့်ထိခိုက်လွယ်သူများဖြစ်သည့် ကိုယ်ဝန်ဆောင်၊ အသက်(၃)နှစ်အောက်ကလေး၊ မသန်စွမ်းနှင့် အသက်(၇၅)နှစ်အထက်သက်ကြီးရွယ်အိုများကို နိုင်ငံတော်မှ တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်နှုန်း ထောက်ပံ့ပေးခြင်းအပြင် နေပြည်တော်ကောင်စီအနေဖြင့်လည်း ခေါက်ဆွဲ၊ ဆန်၊ အသားဘူးများလှူဒါန်းခြင်းဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများကို လာရောက်အားပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ထိခိုက်လွယ်အုပ်စုဝင်(၁၅၂)ဦးအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်၄,၅၆၀,၀၀၀/-အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ Hygine Kit၊ဆေးစိမ်ခြင်ထောင်၊ ဆပ်ပြာခဲ၊ ရေသန့်ဆေးနှင့် ကလေးများအတွက် ကစားစရာများ၊ မုန့်များနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌကခေါက်ဆွဲ၊ ဆန်၊ အသားဘူးများလှူဒါန်းပေးအပ်ခဲ့ပြီးနောက် စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းဆောင်ရွက်နေမှုများအပေါ် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်(နည်းပြ) သင်တန်းတွင် သဘာဝဘေးအသိပညာပေး ဆွေနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင် ကိုးခန်းကြီးကျောင်းတွင် ပြုလုပ်သည့် ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ခံစားရသော ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ခြင်းနှင့် စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

MOS

DSW

DDM

DOR