ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူ ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင် များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်(MCCT)နှင့် လူမှုရေးပင်စင်အစီအစဉ်များ အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါအစီအစဉ်များအတွက် ထောက်ပံ့ကြေး ငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေး‌တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (၂)ခုဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) နှင့် လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုခြင်းနှင့် အဆိုပါအစီအစဉ် (၂)ခုအတွက် ထောက်ပံ့ကြေး များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် MCCT အစီအစဉ်အတွက် ထောက်ပံ့ကြေးငွေဖြန့်ဝေရာမှာ ငွေကြေးလွှဲပြောင်းခြင်း ဆိုင်ရာ ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်း (Payment Service Providers)များထံ လုပ်ငန်းအပ်နှံပြီး ဆောင်ရွက်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို Payment Service Providers မှတဆင့် ထောက်ပံ့ကြေးဖြန့်ဝေရာတွင် အီလက်ထရောနစ်စနစ်ကို အခြေခံတဲ့ Mobile Payment နဲ့ အဓိကထား ဆောင်ရွက် သွားမှာဖြစ်ပေမယ့် ငွေသားဖြင့် လက်ရောက်ဖြန့်ဝေတဲ့ နည်းလမ်းလည်း ရှိနေအုံးမှာဖြစ်ပါ ကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အတွက်ကတော့ ယခင်ဆောင်ရွက်နေကြ နည်းလမ်း အတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် ငွေသားတိုက် ရိုက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာ့စီးပွားရေးဘဏ်ခွဲ များထံမှ ထောက်ပံ့ကြေးထုတ်ယူနိုင်မှုမှာ အကန့်အသတ်ရှိနေဆဲဖြစ် တယ်ဆိုတာကို နားလည်ပါကြောင်း၊ သို့သော် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကြုံတွေ့နေရချိန်မှာ အကျိုး ခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ငွေကြေးသည် များစွာအထောက်အကူဖြစ်စေမည် ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းအဖြေရှာပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အစီအစဉ်များ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ပေးမှုနဲ့ ပေါင်းစပ်ညှိနှိုင်းပေးမှုတို့သည် များစွာအရေး ကြီးပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှာ စကားပြောကြားရာ၌ ယခုလို ကိုဗစ်-၁၉ကပ်ရောဂါဘေးကြုံတွေ့နေရသည့် အခိုက်အတန့်မှာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များသည် အကျိုးခံစားခွင့်ရှိသူ ပြည်သူများအတွက်များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ပြည့်ဝဝ စားသောက်နိုင်ရေးနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေးတို့ အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်းနှင့် အကျိုးခံစားခွင့်ရှိသူ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေမည့်ကိစ္စဖြစ်သည့်အတွက် အောင်အောင် မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း၊ လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ် (၁၁၇,၃၃၅)ဦးအတွက် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ထောက်ပံ့ငွေ ကျပ်(၅၂၈၀.၀၇၅) သန်းနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၃၃,၁၀၁)ဦးအတွက် ၂၀၂၁-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃) လပတ်ထောက်ပံ့ငွေ ကျပ် (၉၉၃.၀၃၀) သန်း စုစုပေါင်း အစီအစဉ် (၂)ရပ်အတွက် ထောက်ပံ့ကြေးငွေ ကျပ် (၆၂၇၃.၁၀၅)သန်းအား ပြည်ထောင်စုဝန်ကြီးကိုယ်စား ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လွှဲပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က လက်ခံရယူခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနား အား နံနက်(၁၁း၃၀) တွင် အဆုံးသတ်ခဲ့ပါကြောင်း သတင်းရရှိခဲ့သည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR