ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့(၂၉-၁-၂၀၂၁) နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Virtual Meeting ဖြင့်ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးရာ၌   ယနေ့ အစည်း အဝေးတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ ကြုံတွေ့ ရသည့်အခက်အခဲများ၊ ဖြေရှင်းရန်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေး ခြင်းနှင့် လက်ရှိအခြေအနေ ကို နိုင်ငံတကာကသိရှိနိုင်ရေး ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် သိမ်မွေ့နက်နဲပြီး နိုင်ငံတကာက အာရုံစိုက်ခြင်းခံရသည့်အတွက် နိုင်ငံတကာ၏အပြုသဘောဆောင်သည့် ပူးပေါင်းပါဝင်မှု လိုအပ်ပါကြောင်း၊

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးသည် အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်ပြီး ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်သာ အကောင်အထည်ဖော်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိ နိုင်မှာဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စိတ်စေတနာမှန်ကန်စွာဖြင့်ဆောင်ရွက်ပြီး ထိုအောင်မြင် မှုများရရှိနိုင်ရန် ရင်ဆိုင်ကျော်လွှားရမည့်စိန်ခေါ်မှုအခက်အခဲများသည် နက်နက်ရှိုင်းရှိုင်း တည်ရှိနေသဖြင့် ဖော်ထုတ်ရင်ဆိုင်ကျော်လွှားရန် လိုအပ်ပါကြောင်း၊

ဒါကြောင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယခု(၃)နှစ်ကျော်ကာလအတွင်း အကြံပြုချက်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ လတွင် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီသည်လည်း ပြည်တွင်း၊ပြည်ပ ပူးပေါင်းဆောင်ရွက်မှုအကူအညီများပါဝင်ပြီး အားဖြည့်ဆောင်ရွက်ခဲ့ပါ ကြောင်း၊

၂၀၁၈ခုနှစ်ကုန်အထိအကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများသည် အရှိန်အဟုန်ဖြင့် အတိုင်းအတာတစ်ခုအထိ တိုးတက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် အစမှစ၍ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်း၊ ၂၀၁၉ အကုန် ၂၀၂၀ ပြည့်နှစ် အစပိုင်းမှစ၍ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် အကောင်အထည် ဖော်မှုများခက်ခဲကာ အရှိန်အဟုန်  လျော့နည်းသွားခဲ့ပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် အကောင်အထည်ဖော်မှုများ လုံးဝရပ်တန့်သွားခြင်း မရှိအောင် အခက်အခဲကြားက ဆက်လက်ကြိုးပမ်းခဲ့ကြပါကြောင်း၊

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးနှင့်စပ်လျဉ်း၍ အာဆီယံက ပူးပေါင်းပါဝင်ရန်ဆုံးဖြတ်ခဲ့ပါကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာနိုင်ခဲ့ကြောင်း၊

အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ [ASEAN Emergency Response and Assessment Team (ASEAN-ERAT)] သည် ၂၀၁၉ခုနှစ်၊ မတ်လ(၄) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် ပြန်လည် လက်ခံရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု များပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အစီရင်ခံစာပြုစုနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါ အဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သိသာထင်ရှား သည့် ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာအသိုက်အဝန်းမှာ ပြသနိုင်ခဲ့ကြောင်း၊

 မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍  UNDP နှင့် ပူးတွဲ ဆောင်ရွက်ခဲ့ သည့် Rakhine Joint Assessment (RJA) အစီရင်ခံစာနှင့် ယခု ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာဟူ၍ အစီရင်ခံနှစ်မျိုးပြုစုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာနှစ်မျိုးမှာ ဆန်းစစ်လေ့လာမှု နေရာကွာခြားသော်လည်း တွေ့ရှိချက် များသည် တူညီကြပါကြောင်း၊ ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိမြေပြင်တွင် အမှန်တကယ်ဖြစ်တည်မှုတွေ့ရှိ ချက်များကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားအခြေခံဝန်ဆောင်မှုများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ကန့်သတ်ထားမှု မရှိကြောင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့  အခြေအနေအမှန် သိရှိအောင် သက်သေပြု ပြသနိုင်ခဲ့ပါကြောင်း၊

 ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များကို  အကောင် အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအသီးသီးက အဆိုပြုစီမံကိန်း(၃၇)ခု ပြုစုခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့၌ ဦးစားပေးစီမံကိန်း(၇)ခုကို ရွေးချယ်အတည်ပြုခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းများတွင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရေးအတွက် ဒေသနှင့်ကိုက်ညီမည့် ရေဒီယိုအစီအစဉ်များနှင့် သတင်း အချက်အလက်များကို ရေဒီယိုမှတစ်ဆင့် ပိုမိုတိုးမြှင့်ရရှိစေရေးစီမံကိန်း၊ ပြန်လည်လက်ခံရေး စခန်းများတွင် ဝင်ရောက်လာသူများကိုစိစစ်ခြင်းအတွက် လိုအပ်သည့်စက်ကိရိယာများ ပံ့ပိုးပေးခြင်းစီမံကိန်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငါးမွေးမြူရေးကန်များ တူးဖော်ပေးခြင်းစီမံကိန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် နည်းပညာနှင့် စက်ယန္တရား ဖြန့်ဖြူးပေးခြင်းစီမံကိန်း၊ ပြန်လည်လက်ခံရေးစခန်းများနှင့် ကြားစခန်းများသို့ သွား‌ရောက်နိုင် မည့်လမ်းများကို အဆင့်မြှင့်တင်ခြင်းစီမံကိန်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆက်စပ်အစိုးရအဖွဲ့အစည်းများက လူမှုကွန်ရက်မီဒီယာများကိုအသုံးပြုပြီး သတင်းအချက် အလက် ဖြန့်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် ပိုမိုအားကောင်းလာစေရေးစီမံကိန်း၊ ကလေးပျော် နေရာများနှင့် အမျိုးသမီးများအတွက် နေရာများစီစဉ်ပေးခြင်းအားဖြင့် ပြန်လည်ဝင်‌ရောက် လာမည့်သူများနှင့် ဒေသခံများအတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးပေးခြင်းများ ပိုမိုရရှိစေနိုင်ရေး စီမံကိန်းတို့ဖြစ်ပါကြောင်း၊

 ဦးစားပေးစီမံကိန်း(၇)ခုအနက် သတင်းအချက်အလက်များအား ရေဒီယိုမှတစ်ဆင့် ဖြန့်ချိပေးခြင်းစီမံကိန်းကို ကိုရီးယားနိုင်ငံအစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ဝင်‌ရောက်လာသူများကို စိစစ်ခြင်းအတွက် လိုအပ်သည့် စက်ကိရိယာများပံ့ပိုးပေးခြင်း ငါးမွေးကန်များ ပြင်ဆင်တူးဖော်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် စက်ယန္တရားများ ထောက်ပံ့ပေးခြင်းစီမံကိန်းတို့ကို ထိုင်းနိုင်ငံအစိုးရ၏ ရန်ပုံငွေ ပံ့ပိုးမှုများဖြင့် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ကျန်ဦးစားပေး စီမံကိန်း(၃)ခုအတွက် ရန်ပုံငွေ ရရှိရေးကိုလည်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

လက်ရှိအခြေအနေတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းများကို လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)ကို ရေးသားပြုစုပြီးဖြစ်ရာ အင်္ဂလိပ်ဘာသာ ဖြင့်လည်း ဘာသာပြန်ဆိုထားပြီးဖြစ်ပါကြောင်း၊ ထိုသုံးသပ်ချက်အစီရင်ခံစာအရ အဓိက ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံသားဖြစ်မှုကဏ္ဍ၊ လွတ်လပ်စွာသွားလာခွင့်ကဏ္ဍ၊ IDP ဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကဏ္ဍတို့နှင့်စပ်လျဉ်းပြီး စီမံချက်မူကြမ်းများ ရေးဆွဲထား ရှိပြီးဖြစ်ရာ ယနေ့အစည်းအဝေးတွင် ထည့်သွင်းရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊

ထို့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးဖလှယ် ကြရန်နှင့် ASEAN နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ကြဖို့ဖြစ်ပါကြောင်းနှင့်  တင်ပြဆွေးနွေးမှုများအပေါ်မူတည်၍ ရှေ့ဆက်ရမည့် လုပ်ငန်းများ အတွက် ညှိနှိုင်းကြရမှာဖြစ်ပြီး မိမိတို့နိုင်ငံက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိသည့်ကိစ္စများကိုလည်း နိုင်ငံတကာကသိရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ဆွေးနွေးရာတွင် ယနေ့အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး၌ဆွေးနွေးပြောကြားခဲ့သည်များကို ပြန်လည်မျှဝေပေးရန်နှင့် အာဆီယံနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့်စီမံကိန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်ဖြစ်ပါကြောင်း၊ အာဆီယံ၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်မည့်စီမံကိန်းများ အောင်မြင်ရေး နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ကောင်းဖြစ်စေနိုင်ရေးစီမံကိန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သောစီမံကိန်းများကို အကြံပြုပေးကြပါရန် ဖြစ်ကြောင်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကောင်အထည် ဖော်ရာတွင် Monitoring & Evaluation ဆောင်ရွက်၍ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကို မျှဝေပေးနိုင်ပါက အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲစိန်ခေါ်မှုများ များပြားသဖြင့် အချို့သော လုပ်ငန်း များတွင် အရှိန်အဟုန်လျော့နည်းသွားခဲ့ရသော်လည်း ရပ်တန့်သွားခြင်းမရှိအောင် ပြည်ထောင်စု အစိုးရနှင့်  ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်မှာ များစွာအထောက်အကူဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်း ရှေ့ဆက် အကောင်အထည်ဖော်မည့်လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုအစီရင်ခံစာအရ ဦးစားပေးစီမံကိန်း များ အကောင်အထည်ဖော်နေမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ  သီးသန့်အစည်းအဝေး၌ ရခိုင်ပြည်နယ်ဆိုင်ရာဆွေးနွေးခဲ့မှုများကို အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင်အထည် ဖော်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တက်ရောက်လာကြသူများက ရခိုင်ပြည်နယ် တွင် အာဆီယံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရန်ပုံငွေရရှိရေးဆိုင်ရာ ဒေသတွင်းအစည်းအဝေးများကျင်းပရေး၊ အဆင့်မြင့် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကျင်းပရေး၊ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု အစီရင် ခံစာ အကောင်အထည်ဖော်ရေးအတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးပွဲများ ကျင်းပရေး၊ Ad-Hoc Support Team နှင့် နည်းပညာဆိုင်ရာ အစည်းအဝေးများ ကျင်းပရေး၊  အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ FM ရေဒီယိုများ ဖြန့်ချိနိုင်ရေးဆောင်ရွက် ထားရှိမှု အခြေအနေ၊ FM အသံလွှင့် ဆောင်ရွက်နေမှုအခြေနေ၊  ပြန်လည်လက်ခံရေး စခန်းများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြန်လည်နေရာချထားမည့် နေရာများတွင် နေအိမ်များဆောက်လုပ်မည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR