မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်းဖြစ်ခြင်းကြောင့် သင်တန်းဖွင့်လှစ်နိုင်ရေးကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှု များစွာပြုလုပ်ခဲ့ရပါကြောင်း၊ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းတွင် စာတွေ့သာမက သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုများပါ၊ ပါဝင်ခြင်းကြောင့် Online ဖြင့် လေ့ကျင့်သင်ကြားခြင်းထက် လူကိုယ်တိုင် တက်ရောက်ခြင်းကသာ ပိုမိုထိရောက်အကျိုးရှိသည်ဟု ဆွေးနွေးမှုများအရလည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ ကျဆင်းလာသည့်အတွက်ကြောင့်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သင်တန်းကို လူကိုယ်တိုင်တက်ရောက်သည့် နည်းလမ်းဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ပံ့မှုပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ လုပ်ငန်းစဉ်(၃)ခုအနက် လုပ်ငန်းစဉ်(၁)ကို အကောင်အထည် ဖော်ခြင်းဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၃)ခုအနက်  မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းလေ့ကျင့်သင်တန်းပေးခြင်းသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုသည်မှာ  မည်သည့်အချိန် မည်သည့်နေရာတွင် ဖြစ်မည်ကို ကြိုတင်ခန့်မှန်းရခက်ခဲပါသဖြင့်  ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းများအားကောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖြစ်ထွန်းစေရေးတို့အတွက် အစိုးရ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ပါဝင်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်မှာသာလျင် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်တွေ့ကြုံရပါက လျင်မြန်စွာတုံ့ပြန်နိုင်ပြီး သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုကိုလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊  အဆိုပါလုပ်ငန်းဆောင်ရွက်မှုများ   ထိရောက်စေရန် အတွက် စီမံခန့်ခွဲဆောင်ရွက်သူများ၏ စွမ်းဆောင်ရည်များ အစဉ်တိုးတက်နေရန် လိုအပ်ပါကြောင်း၊ ထိုသို့ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန်မှာ ကဏ္ဍအလိုက် ဘာသာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ တက်ရောက်လေ့လာစေခြင်းတို့ဖြင့် မပြတ်စီမံဆောင်ရွက်ပေးရန် လိုအပ်မှုနှင့်အညီ ယနေ့သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားသည့် အရင်းအမြစ်များ ဖြစ်စေရေးအတွက် အထူးဂရုပြုပါဝင်တက်ရောက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းကာလ အတွင်း ရရှိမည့်နည်းပညာ ဗဟုသုတများကို မိမိတို့၏အတွေ့အကြုံ များနှင့်ပေါင်းစပ်၍ စာတွေ့လက်တွေ့ချိတ်ဆက် ဆောင်ရွက်နိုင်သည့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဝင်များ ပေါ်ပေါက်လာရေးနှင့်အတူ ယခုသင်တန်းကို စံပြုကာ အခြားအာဆီယံနိုင်ငံများတွင်လည်း အကောင်အထည်ဖေါ်ရန် ရည်မှန်းထားသည့်အတွက် မိမိတို့အားလုံးက သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးအတွက် နည်းပညာနှင့် ရန်ပုံငွေပံ့ပိုးပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre နှင့် JAIF  ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

          ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခုသင်တန်းတွင် ပို့ချမည့်  သင်ရိုးညွှန်းတမ်းသည်  အာဆီယံအဆင့်တွင် သင်ကြားပို့ချနေသော ASEAN-Emergency Response and Assessment Team (ASEAN-ERAT) ကို အခြေခံပြီး နိုင်ငံ၏ ပထဝီအနေအထား၊ ဖြစ်ပွားမှုများသည့်သဘာဝဘေးအန္တရာယ်၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲထားပါကြောင်း၊  အာဆီယံအဆင့်တွင်  ASEAN-ERAT ဖွဲ့စည်းမှုရှိပြီးဖြစ်ပါသဖြင့် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ကို ပြည်တွင်းအင်အားဖြင့် စုဖွဲ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ယနေ့သင်တန်းတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေရသော ဝန်ကြီးဌာနများမှ အလယ်အလတ်အဆင့် အရာထမ်းများ ပါဝင်သည့်အတွက် ဝန်ကြီးဌာများ ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ ဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည့်အတွက် ယနေ့သင်တန်းမှရရှိမည့် အတွေ့ အကြုံ ဗဟုသုတ၊ နည်းပညာများဖြင့် မိမိနေထိုင်ရာ မြို့နယ်ဒေသကို ပိုမိုအထောက်အကူပြုနိုင်မည်ဟု  မျှော်လင့်ပါကြောင်း စသဖြင့်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ AHA Centre ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ခြင်း၏ နောက်ခံအကြောင်းအရင်းနှင့် ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။  

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းအမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ သင်တန်းသားများ၊  မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် လူမှုရေးအဖွဲ့အစည်းများမှ သင်တန်းသားများအပါအဝင် သင်တန်းသားစုစုပေါင်း (၃၅)ဦးက လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှကိုယ်စားလှယ်များက Online စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။ မြန်မာဘေးအန္တရာယ်တုံ့ ပြန်ရေးအဖွဲ့သင်တန်းအမှတ်(၁/၂၀၂၁)ကို (၂၉-၁၁-၂၀၂၁)နေ့မှ (၁-၁၂-၂၀၂၁)နေ့အထိ သင်တန်းကာလ(၆)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR