လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့ ပူးပေါင်း၍ စီးပွားရေးကဏ္ဍအတွင်း  Covid-19 ‌ကြောင့် ကျား၊မရေးရာအပေါ် သက်ရောက်မှုများဆိုင်ရာ Virtual အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် UN Women မှ Country Representative ဖြစ်သူ Mr. Nicolas Burniat တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဦးစီးဌာန (၁၆) ခုမှ အရာထမ်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။ 

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိ COVID 19 ကပ်ရောဂါကြောင့် ကမ္ဘာနှင့်အဝှမ်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ထိခိုက်မှုများ ပိုမိုခံစား နေရပြီး ကျား၊မရေးရာ ကွာဟမှုများ ပိုမိုကြီးမားလာပါကြောင်း၊  တစ်ကမ္ဘာလုံးတွင် COVID 19 ကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများအပေါ် ကျား၊မရေးရာရှု့ထောင့်များနှင့် ကဏ္ဍစုံတွင် ကျားမရေးရာထည့်သွင်းဆောင်ရွက်မှုများပါဝင်သော  ကာလတို စီမံကိန်း၊ ကာလရှည် စီမံကိန်း တို့ဖြင့် အကောင်အထည်ဖော်ကာ ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နေကြကြောင်း၊မြန်မာနိုင်ငံတွင်လည်း COVID 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) ကို ရေးဆွဲပြီး အကောင်အထည်ဖော်လျက် ရှိသည့်အပြင် ထပ်မံရေးဆွဲနေသော မြန်မာနိုင်ငံ စီးပွားရေး ထိခိုက်မှု သက်သာရေးနှင့် ပြုပြင် ပြောင်းလဲရေး စီမံချက်(MERRP)  ကဲ့သို့သော အစိုးရ၏  စီးပွားရေးကုစားမှု စီမံချက်များလည်း ရှိနေပါကြောင်း၊ အဆိုပါစီမံချက်များတွင်  ကျား၊ မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်း‌ပကားမြှင့်တင်မှု (GEWE) ရှုထောင့်ကို ပေါင်းစပ်ဆောင်ရွက်ရန်  လိုအပ်ပါကြောင်း၊ ယနေ့သည်  Gender and COVID-19 ၏ (module three)ဖြစ်သော စီးပွားရေးကဏ္ဍအတွင်း Covid 19 ကြောင့် ကျား၊မရေးရာအပေါ် သက်ရောက်မှုများဆိုင်ရာ အသိပညာပေးသင်တန်းကို နေပြည်တော်ရှိ ဌာနဆိုင်ရာအရာရှိများအတွက် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Covid 19 ကြောင့် စီးပွားရေးကဏ္ဍအတွင်း ကျား၊မရေးရာအပေါ် သက်ရောက်မှုများ နှင့် CERPကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ယခုသင်တန်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍ အတွင်းရှိ အမျိုးသမီးများ/ ကျား၊မရေးရာ၏ အခြေအနေကို ပိုမိုသဘောပေါက် နားလည်လာစေရန်၊ အစိုးရ ရှေ့ဆောင်ဦးရွက်ပြု နေသော COVID 19  စီးပွားရေးကုစားမှုအစီအစဉ် - CERP ကို နမူနာယူကာ ပြည်သူ့ရေးရာ မူဝါဒများနှင့် နိုင်ငံတော်အဆင့် စီမံချက်များအား ကျား၊မရေးရာရှုထောင့်များမှ မိတ်ဆက်ပေးရန်နှင့်   ကွာဟချက်များအား တင်ပြဆွေးနွေးရန်၊ ထိရောက်ပြီး ဖြစ်နိုင်ခြေရှိသော အကောင်အထည်ဖော် ဆောင်ရွက်မှုအတွက် အခွင့်အလမ်းများကို လေ့လာရန်နှင့် ကျား၊ မရေးရာ ပြဿနာများအပေါ်  တုံ့ပြန်ဖြေရှင်း  ဆောင်ရွက်သည့် အစီအမံများကို ဆွေးနွေးဖော်ထုတ်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

UN Women မှ Country Representative ဖြစ်သူ Mr. Nicolas Burniat က တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလျက်ရှိသည့် COVID 19 ကြောင့် ဖြစ်ပွားသည့် လူမှုစီးပွားထိခိုက်မှုများ သည် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုဆိုးဝါးစွာ ထိခိုက်သက်‌ရောက် လျက်ရှိပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားချိန်တွင် အမျိုးသမီးများအနေဖြင့် ကလေးများ၊မိသားစုဝင် များကိုပြုစုစောင့်ရှောက်မှုများ များပြားလာကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီးစွန့်ဦးတီထွင်သူများ အနေဖြင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသည်များ ရှိပါကြောင်း၊ ထို့ပြင် စက်ရုံ များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ ပိတ်သိမ်းမှုကြောင့်လည်း အမျိုးသမီးအများစုအပေါ် တိုက်ရိုက်ထိခိုက်မှုများရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးအတွက်သာမက ပြန်လည်ထူထောင်ရေးအစီအစဉ်များပါဝင်သည့် မြန်မာနိုင်ငံ စီးပွားရေးထိခိုက်မှုသက်သာရေးနှင့် ပြုပြင်ပြောင်းလဲရေး(MERRP)ကို ရေးဆွဲလျက်ရှိပြီး ၎င်းတွင် ကျားမရေးရာကဏ္ဍစုံကို ထည့်သွင်းပြုလုပ်မည့်အစီအစဉ်များ ပါဝင်သည်ဟုသိရှိရပါကြောင်း၊  နိုင်ငံတော်အတွက် သာယာဝပြောမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် တိုးမြှင့်စေသော အကောင်းဆုံးနည်းလမ်းမှာ အမျိုးသမီးများကို ထည့်သွင်းခြင်းပင် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများ နှင့် ဦးစီးဌာနတစ်ခုချင်းစီအနေဖြင့် ကပ်ရောဂါအပေါ် ကျား၊မရေးရာရှု့မြင်ခြင်းအကြောင်းနှင့် မိမိတို့၏လုပ်ငန်းစဉ်များတွင် ကျား၊မရေးရာကို မည်သို့ထည့်သွင်းဆောင်ရွက်မည်ကို နားလည် သဘောပေါက်ရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Gender and COVID-19 ၏ Module (four) ဖြစ်သော Covid 19 ကြောင့် အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတမျှတရေးတွင် ကျား၊မရေးရာ သက်ရောက်မှုများနှင့်ပတ်သက်သော အသိပညာပေးသင်တန်းကို(၂၉-၁-၂၀၂၁) ရက်နေ့တွင်  ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR