ပူးပေါင်းဆောင်ရွက်ချက်များ

  • အာရှနှင့် ပစိဖိတ်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် ရှိသော လူ့အဖွဲ့အစည်းတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် အာရှဒေသ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးဌာန (ADPC) ကို ၁၉၈၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်သော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပါသည်။
  • ADPC ကိုစတင်တည်ထောင်ခဲ့သောနိုင်ငံများမှာ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး၊ ADPC ၏လုပ်ငန်းရပ်များကို အဆိုပါနိုင်ငံများက အဓိကကြီးကြပ်စီမံခန့်ခွဲမှု ကို ဆောင်ရွက်ပါသည်။
  • ADPC လုပ်ငန်းဆောင်ရွက်လျက်ရှိသောနိုင်ငံများမှာ အာဖန်နစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ မွန်ဂိုလီယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဆော်ဒီအာရေ ဘီယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ တို့ဖြစ်ပါသည်။
  • ADPC သည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ သဘာဝဘေးဒဏ် လျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသို့ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအတွင်း အဆိုပြုလွှာ တင်ပြခဲ့ရာမှ ဝန်ကြီး ဌာနက ခွင့်ပြုခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ADPC နှင့် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
  • ADPC ၏နည်းပညာပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction-MAPDRR) (၂၀၁၂)၊ သဘာဝ ဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပေးခြင်း၊ Hazard Profile of Myanmar, Institutional Arrangements for Disaster Management in Myanmar၊ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ် ထုတ်ဝေဖြန့်ချီခြင်းနှင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေရေးဆွဲခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးလုပ်ငန်းများ၊ မြို့ပြဒေသများရှိကဏ္ဍအလိုက် ဘေးအန္တရာယ် ကြိုတင်ပြင် ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (Asian Disaster Preparedness Centre-ADPC)နှင့် နားလည်မှုစာချွန်လွှာကို (၂၀၁၃)ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး၊ ပထမအကြိမ်သက်တမ်းတိုးခြင်းကို (၂၀၁၆)နှင့် ဒုတိယအကြိမ် သက်တမ်းတိုး ခြင်းကို (၂၀၂၀)ပြည့်နှစ်များတွင် ဆောင်ရွက်ခဲ့ပါသည်။ 

သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဒေသဆိုင်ရာ အကြံပေးကော်မတီ Regional Consultative Committee (RCC) on Disaster Management တွင်ပါဝင်ဆောင်ရွက်မှု

  • Asian Disaster Preparedness Center (ADPC) သည် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဒေသဆိုင်ရာ အကြံပေးကော်မတီ (Regional Consultative Committee-RCC on Disaster Management) ကို (၂၀၀၀) ပြည့်နှစ်တွင် နိုင်ငံပေါင်း(၂၆)နိုင်ငံမှ နိုင်တော်အဆင့် ဘေး အန္တရာယ် စီမံခန့်ခွဲမှုရုံး (National Disaster Management Offices-NDMOs) များ ပါဝင်မှုဖြင့် တည်ထောင်ထားပါသည်။RCC သည် ဒေသတွင်းနိုင်ငံများအကြား သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများအတွက် မဟာဗျူဟာများနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးရန် ဖြစ်ပါသည်။
  • ADPC ၏ RCC အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ပါသည်။ ADPC သည် RCC နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများအကြားနှင့် သဘာဝဘေးစီမံခန့်ခွဲမှု ကဏ္ဍ များတွင် ဆက်သွယ်ဆောင်ရွက်ရန် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (Sendai Framework for Disaster Risk Reduction-SFDRR)၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals-SDGs)၊ ပဲရစ်သဘောတူစာချုပ်၊ လူသာချင်းစာနာထောက်ထားမှု လုပ်ငန်းနှင့် မြို့ပြတည်ဆောက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

အာရှဒေသ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့ Asian Preparedness Partnership (APP) အကောင်အထည်ဖော်မှု

  • ADPC ၏ စီမံကိန်းလုပ်ငန်းများထဲမှတစ်ခုဖြစ်သည့် အာရှဒေသ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေးမိတ်ဖက်အဖွဲ့ Asian Preparedness Partnership (APP) စီမံကိန်းကို ဒေသတွင်းနိုင်ငံ များမှ အစိုးရများ၊ လူသားချင်းစာနာထောက်ပံ့မှုလုပ်ငန်းဆောင်ရွက်နေကြသော လူမှုရေးအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍတို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါအဖွဲ့၏ရည်ရွယ်ချက်မှာ အာရှဒေသရှိနိုင်ငံများ၌ အနာဂတ်တွင် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျော့ပါးစေ ရန်နှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း အာရှဒေသဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ Asian Preparedness Partnership (APP) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှာ ကမ္ဘောဒီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ ဖြစ်ပါသည်။ 

အာရှဒေသတွင်းနိုင်ငံများအတွက် မိတ်ဖက်အဖွဲ့ထူထောင်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အစိုးရ၊ ပြည်တွင်းလူသားချင်းစာနာထောက်ပံ့မှုလုပ်ငန်းဆောင်ရွက်နေကြသည့် လူမှုရေးအဖွဲ့ များနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား မိတ်ဖက်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန်အတွက်  မြန်မာဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့ Myanmar Preparedness Partner-ship (MPP) ကိုလည်း ဖွဲ့စည်းထားပါသည်။ MPP အဖွဲ့တွင် အစိုးရဌာန (ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန)၊ လူမှုရေးအဖွဲ့အစည်းများ၊ မြန်မာပုဂ္ဂလိကကဏ္ဍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကွန်ရက် (Myanmar Private Sector Disaster Management Network-MPD Network)တို့မှ ကိုယ်စားလှယ်များပါ၀င်ပါသည်။ MPP အဖွဲ့ထူထောင်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် မိတ်ဖက်ဆောင်ရွက်မှု အားကောင်းလာစေခြင်း၊ သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှုတိုးတက်စေခြင်း၊ အရင်းအမြစ်များတိုးပွားလာစေခြင်းနှင့် အခြားသောချိတ်ဆက်ဆောင်ရွက်နိုင်မှုအခွင့်အလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။


MOS

DSW

DDM

DOR