detail

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ပြည်သူ့အတွက် COVID 19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် ရှင်းလင်းသည့်သတင်း

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်မကွေးတိုင်းဒေသကြီး

ဩဂုတ် ၉ ၊ မကွေး

          မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းများကြောင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေဘေးသင့် ပြည်သူများအား ယာယီ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေများ၊ ပျက်စီး/ပြောင်းရွှေ့ရသော နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပါသည်။          ထို့သို့ဆောင်ရွက်ရာလျက်ရှိရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတို့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းက သွားရောက်ဆောင်ရွက်ပေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့နယ် မြေနုကျွန်းကျေးရွာသို့ စက်လှေများဖြင့် သွားရောက်ကြပြီး ရွာဦးဘုန်းကြီးကျောင်း၌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူ များအား အားပေးစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ရေနစ်မြုပ်မှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီး/ ရွှေ့ပြောင်းရသော နေအိမ်( ၂၄၈)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄၈) သိန်း၊ လူဦးရေ (၉၆၃) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (၂,၀၂၂,၃၀၀) ကို ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဘေးသင့်ပြည်သူများထဲမှ ထိခိုက်လွယ်အုပ်စု များတွင်ပါဝင်သော သက်ကြီးရွယ်အိုများ၊ အသက်(၅)နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ လူဦးရေ စုစုပေါင်း (၂၀၁)ဦးအတွက်တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆,၀၃၀,၀၀၀)  ကို   ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာ ရပ်မိ ရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်သို့ သွားရောက်ပြီး ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ၌ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ရေဘေးသင့်ပြည်သူ (၁၈၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃,၈၈၂,၉၀၀) ၊ ခေါက်ဆွဲခြောက် ထုပ်များ၊ COVID 19 ကာကွယ်ရေးအတွက် လက်ဆေးဆပ်ပြာများနှင့် Mask များကို ဘေးသင့်ပြည်သူ များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများအား တွေ့ဆုံစဉ် မိမိတို့အနေဖြင့် ယခုလို လာရောက်ရခြင်းသည် ဘေးသင့်ပြည်သူများအား အားပေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန်ဖြစ် ပါကြောင်း၊ သဘာဝဘေးများတွင် ရေဘေး၊ လေပြင်းဘေး၊ ကမ်းပြိုဘေး၊ မြေပြိုဘေး စသောဘေး အမျိုးမျိုးကို ရင်ဆိုင်တုံ့ပြန်ခြင်း၊ ဘေးဒုက္ခခံစားရသော ပြည်သူများအား ထောက်ပံ့ကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် မိမိတို့ဝန်ကြီးဌာန၏တာဝန် ဖြစ်ပါကြောင်း၊ ယခုကာလတွင် သဘာဝဘေးများအပြင် COVID 19 ကမ္ဘာ့ကပ်ရောဂါဘေးပါ ရင်ဆိုင်နေရ၍ အထူးဂရုစိုက်စေလိုကြောင်း၊ ကပ်ရောဂါဘေးနှင့် ပတ်သက်၍ အစိုးရက ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်၊ ကုသရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့် ကပ်ရောဂါကူးစက် ပြန့်ပွားခြင်းမှကာကွယ်နိုင်ရန် လက်ဆေးခြင်း၊ Mask တပ်ခြင်းနှင့် အတတ်နိုင်ဆုံး တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူများအခက်အခဲကြုံတွေ့ရချိန်တွင်  အစိုးရအနေဖြင့် COVID 19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ချမှတ်၍အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း လုပ်ငန်းစဉ် ဖြင့် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနကလည်းပါဝင်ဆောင်ရွက် ပါကြောင်း၊ အဆိုပါ အစီအစဉ်တွင် ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ခြင်း၊ ထိခိုက်အုပ်စု များနှင့် ဘေးဒဏ်ခံစားရသောသူများအား ထောက်ပံ့ခြင်း အထူးအစီအစဉ်များ ပါဝင်ကြောင်း၊ ပုံမှန် ပေးအပ်နေသော လူမှုရေးပင်စင်တွင် အကျုံးမဝင်သေးသော အသက်(၈၀) မှ အသက်(၈၄) နှစ်အထိ ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် တစ်ကြိမ်၊ MCCT အစီအစဉ်တွင် အကျုံးမဝင်သေးသောဒေသများရှိ ကိုယ်ဝန်ဆောင်များအား တစ်ဦးလျှင်‌ငွေကျပ် (၃)သောင်းနှုန်း ဖြင့် တစ်ကြိမ်နှင့် ထိခိုက်လွယ်အုပ်စုများအတွက် တစ်ကြိမ်ထောက်ပံ့ခြင်း စသည့်ဖြင့်လာမည့် စက်တင်ဘာလအတွင်း အပြီး ပေးအပ်ထောက်ပံ့မည် ဖြစ်ပါကြောင်း၊ အစိုးရ၏ဆောင်ရွက်မှု များသည် အားလုံးသာတူညီမျှခံစားရရှိရေးကို ဦးတည်ပြီး မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ပါကြောင်း၊ လမ်း၊ တံတား၊ လျှပ်စစ်မီး စသည်ဖြင့် တည်ဆောက်ရေးကဏ္ဍ ပြောင်းလဲတိုးတက်မှုကို ထင်ရှားစွာတွေ့မြင်နေရကြောင်း၊ ထို့အပြင် ရေရှည်ဆောင်ရွက်သည့် ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အခြေခံအုတ်မြစ်များ ချထားဆောင်ရွက်လျက်ရှိရာ အချိန်ကာလ အပိုင်းအခြားဖြင့် ပြည်သူများ ခံစားသိမြင်လာကြရတော့မည် ဖြစ်ကြောင်း၊ အစိုးရ၏ ရေတိုဆောင်ရွက်ချက်များကို ပြည်သူများခံစားရရှိနေပြီဖြစ်ပြီး ရေရှည်မျှော်မှန်းပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ အကောင်အထည်ပေါ်လာရန် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 



      Hit Counter :: 31617