detail

နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၉ခုနှစ်၊နိုဝင်ဘာလ ၈ ရက်နေပြည်တော်

          နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ ပြန်လည်နေရာချထား ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဉီးအောင်ကျော်ဇံ၊ UEHRD မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် UNအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်တိမ်းရှောင်ခဲ့ရသော်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခိုလှုံနေရသူများအား  ပြန် လည်နေရာ ချထားရေးကိစ္စများ ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ ရခိုင် ပြည်နယ်နှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဉီးတည်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ(၄)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိကြပြီးဖြစ်ပါကြောင်း၊ ဒေသ တွင်းနေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီကို မိမိတို့ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိ ပါကြောင်း၊ ၂၀၁၇ ARSA အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးကော်မတီအား လုပ်ငန်းကော်မတီ(၂)ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုလုပ်ငန်းများကို စနစ်တကျ ရှိရေးနှင့် ရေရှည်ကောင်းမွန်သော အကျိုးရလဒ်များရရှိနိုင်ရန်   မြေပြင်အခြေအနေများမှ အချက်အလက်များမှာ အရေးပါသောကြောင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှု များ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ လုပ်ငန်းများဆောင်ရွက်ရန် အစိုးရ၊ ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ပါဝင် သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကိုဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ ရခိုင်ပြည်နယ်အရေးကိစ္စမှာ အလွန်သိမ်မွေ့ရှုပ်ထွေးသည့်ကိစ္စတစ်ခုဖြစ်ကြောင်း၊ မိမိတို့လက် ရှိ အစိုးရသက်တမ်းထက် ဆယ်ဆ မက ကာလရှည်လျားစွာ ယင်းဒေသ၌ ရောက်ရှိနေကျသည့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြဿနာ၏ သိမ်မွေ့ရှုပ်ထွေးမှုအတိုင်းအတာကို အနည်းအကျဉ်းမျှသိထားရန် လိုအပ်ကြောင်း၊ မိမိတို့ကာကွယ်စောင့်ရှောက်ပေးရမည့် သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန်တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲသွားမည်မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်၊ UNHCR၊  UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင် သဘောတူညီချက်တို့နှင့်အညီ စိစစ်အတည်ပြုပြီး ဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝဂတိပြု ထားပြီး ဖြစ်ကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတသည့်ချဉ်းကပ်မှုဖြင့် အကူအညီပေးနေကြသော  မိတ်ဆွေ များ၏ အကူအညီဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြား ထားပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း နေ ရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲ အတည်ပြုပြီး ဖြစ်ကြောင်း၊ UN-Habitat ကလည်း အဆောက်အဉီများဆောက်လုပ်ရာတွင် အကူအညီများပေးရန် ဆောင်ရွက် လျက်ရှိ သည်ကိုသိရကြောင်း၊ တာဝန်ရှိသူများကလည်း ပြန်လည်နေရာချထားရေးအတွက် မြေပြင် ကွင်းဆင်းဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြသူများအား ၎င်းတို့၏ မူလကျေးရွာများတွင် ပြန်လည်နေရာ ချထားရေး အတွက် ကျေးရွာအချို့တွင် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင် က ပြောကြားရာတွင် ၂၀၁၇ ခုနှစ် ARSA  အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေ ရပ်စွန့်ခွာခဲ့ရပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခြင်းမပြုဘဲ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြရသည့်သူများအား ပြန်လည်နေရာချ ထားရေးအတွက် ၎င်းတို့၏ဆန္ဒနှင့်အညီ ကျေးရွာအချို့တွင် ပြန်လည်နေရာချ ထားရေး ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း၊  ကနဉီး Pilot Project  အနေဖြင့် မောင်တောမြို့နယ် ရှိ ကျေးရွာ(၂)ရွာကို ဉီးစားပေးဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ ပြန်လည်နေရာချထား နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် နေအိမ်ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် ကိစ္စရပ်များ ဆောင်ရွက် ပေး နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်  UN တာဝန်ရှိသူ များက ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပူးတွဲဥက္ကဌ  ဉီးအောင်ကျော်ဇံက တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေ ကြသူများအား ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ စီစဉ်ဆောင်ရွက်လျက်ရှိသည်များအား ရှင်းလင်းပြောကြား ပါသည်။

          ယင်းနောက် UNHCR၊ UNDP၊ UN-Habitat တို့မှ ကိုယ်စားလှယ်များက ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေး နွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည် နေရာချထားရေးလုပ်ငန်းကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော် မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31441