detail

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပ

စက်တင်ဘာ၁၁၊ ၂၀၁၉နေပြည်တော်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အဖွင့် အမှာစကားပြောကြားပါသည်။

            ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဒုတိယသမ္မတ-၂ ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီကိုဖွဲ့စည်းထားရှိပြီး အမျိုးသားကော်မတီ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ(၁၂)ခုကိုဖွဲ့စည်းထားရှိကြောင်း၊ ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးဒဏ်များကို ပိုမိုခံစားရလျက်ရှိရာ ကမ္ဘာ့နိုင်ငံများကလည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာကချမှတ်ထားသည့် မူဘောင်များကိုလိုက်နာ ဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံ ဒေသတွင်း သဘောတူညီချက်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၁၅)ရပ်နှင့်အညီ လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအလိုက် သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် အခြေခံလိုအပ်သောအရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများသာမက ခေတ်မီနည်းပညာသုံးအသက်ကယ်ပစ္စည်းကိရိယာများအသင့်ရှိရန်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များ၊ စီမံကိန်းများရေးဆွဲ၍ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရှင်များနှင့်လည်းပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အမျိုးသားကော်မတီမှ သဘာဘေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ကိုဖွဲ့စည်းထားရှိပြီး တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက်များရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှု၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ သတင်းမှန်ဖြစ်မှုများအရေးကြီးကြောင်း၊ ပြည်သူနှင့်အနီးစပ်ဆုံးရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ သဘာဝဘေးဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာစတင်ဆောင်ရွက်နိုင်ရန် မှာလည်း အရေးကြီးကြောင်း၊ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ၂၀၁၈ခုနှစ်မှစတင်ဖွဲ့စည်းထား ရှိပြီး ထိုအဖွဲ့၏ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၁၈ခုနှစ် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့် အကျိုးရှိစွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ လှူဒါန်းမှုများကိုလည်း အလျင်အမြန်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အကျိုးရှိစွာသုံးစွဲလျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီအနေဖြင့် အခြားလုပ်ငန်းကော်မတီ များနှင့်လည်း လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်းပြောကြားပါသည်။

            ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရန်ပုံငွေများ စနစ်တကျသုံးစွဲမှုအခြေအနေ၊ ၂၀၁၈ခုနှစ် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ယခုနှစ်ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုအခြေအနေ၊ ပြန်လည်ထူထောင်ရေးများ စတင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

            ဆက်လက်၍ ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 



      Hit Counter :: 31437