detail

ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်စပ်ညှိနှိုင်းမှုအဖွဲ့ အစည်းအဝေးပြုလုပ်

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေပြည်တော်

    မြန်မာနိုင်ငံတစ်ဝှမ်း၌ သဘာဝဘေးဒဏ်ခံစားနေရသော ဒေသအသီးသီး၌ ပြန်လည် ထူထောင် ရေးလုပ်ငန်းများကို စောလျင် စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏   ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။                          

    အခမ်းအနားတွင် ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်း ဒေသကြီး၊ ပြည်နယ်အများစု၌  ရေကြီးနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ဒေသတစ်ချို့တွင် ရေများပြန်လည်ကျဆင်းပြီဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီးများတွင် ရေဘေးရှောင်စခန်း  (၁၆၆)ခု၊ လူဦးရေ (၇၉၃၈၉) ဦး ကျန်ရှိနေသေးကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်  ထောက်ပ့ံတန်ဖိုးငွေ ကျပ်(၃,၄၄၅)သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက် ထောက်ပံ့မှုများကို လိုအပ်ချက်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေ သန့်ရှင်းမှုအတွက် အသုံးပြုရန်ရေသန့်ဆေးများကို  ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ထပ်မံလိုအပ် သောရေသန့်ဆေးများကိုလည်း ထပ်မံဖြန့်ဝေ သွား ရန်စီစဉ်လျက်ရှိကြောင်း၊  ပျက်ဆီးဆုံးရှုံးမှု စာရင်းများကို လတ်တလောအတိအကျကောက်ယူ ရရှိနိုင်ရန်မဖြစ်နိုင်သေးသည်ကို သိရှိပါ ကြောင်း၊ သို့သော်လည်း ကနဦးရရှိပြီး စာရင်းများကို စနစ်တကျစုစည်းထားရန်လိုကြောင်း၊ ကုန်ထုတ်လမ်းတံတား ပျက်စီးဆုံးရှုံးမှုများ၊ မိုးစပါးများ အပါအဝင် စိုက်ပျိုးသီးနှံများ ရေနစ်မြှုပ်မှု များအတွက် အမြန်ပြန်လည်စိစစ်ဆောင်ရွက်ပေး နိုင်ရန် အရေးကြီးကြောင်း၊ ရေများပြန်လည် ကျဆင်းပြီးပါက  ပျက်စီးဆုံးရှုံးမှုစာရင်းကို တိကျစွာကောက်ယူရရှိရေး ယခု အချိန်မှစ၍ ကဏ္ဍ အလိုက် ညှိနှိုင်းစီစဉ်မှုများပြုလုပ်ရန် တိုက်တွန်းလိုကြောင်းနှင့် တက်ရောက်လာကြသော အဖွဲ့ဝင် များက ကဏ္ဍအလိုက် ဆွေးနွေးပေးကြရန်ဖြင့် ပြောကြားခဲ့ပါသည်။               

    ထို့နောက် ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ဝင် များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသော ကနဦးစာရင်းကောက်ယူ ရရှိမှု များ၊ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သောစက် ယန္တယားများ စီစဉ်ဆောင်ရွက်ပေးနိုင်မှု၊ သဘာဝဘေးဒဏ်ကြောင့်ရရှိသည့် စိတ်သောကဝေဒနာ စိတ်ဒဏ်ရာ ဒဏ်ချက်များ အတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရန် အားပေးနှစ်သိမ့်ဆွေးနွေးမှုနှင့် လိုအပ်ပါက ဆေးဝါးကုသမှုများဆောင်ရွက်ပေး နိုင်ရန် စိတ်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု နားလည်ကျွမ်းကျင်သည့် ဆရာဝန်များစေလွှတ်၍ ဆောင်ရွက်မည့်အခြေအနေ များ၊ မြွေဆိပ် ဖြေဆေးဖြန့်ဝေထားရှိမှုများ၊ ဘေးသင့်ဒေသများတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အချို့ဒေသ များတွင် ဓါတ်အားယာယီဖြတ်တောက်ထားခြင်းဖြစ်ပြီး ရေများပြန်လည်ကျဆင်းပါက ဓါတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် လိုအပ်သောစက်သုံးဆီများ ပံ့ပိုးနိုင်မှု အခြေအနေ၊ ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များ ပြန်လည်ထောက်ပ့ံပေးမည့် အခြေ အနေများ စသည့်ဖြင့် အသီးသီး တင်ပြဆွေးနွေး ခဲ့ကြပါသည်။
    ယင်းနောက် ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဌက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောကဏ္ဍများအလိုက် ဘတ်ဂျတ်ခွဲဝေထားရှိမှုများ၊ စိုက်ထုတ်အသုံးပြုနိုင်မှု အခြေအနေများကို  ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ထံသို့ အမြန်ပြန်လည်တင်ပြကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ယနေ့မွန်းလွဲပိုင်းကလည်း မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် နေပြည်တော်ရှိ ဦးသန်းဝင်းလှိုင် + ဒေါ်နီလာအောင် မိသားစု( သိန်းတရာရွှေဆိုင်)မှ အလှူငွေကျပ် (၅,၀၀၀,၀၀၀ိ/-) (ကျပ်သိန်း ငါးဆယ်တိတိ/-) နှင့် DISAC ၊ AFA ၊ ဖူးကက်မြို့ပရဟိတအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမားများမှ (၁၀,၀၀၀,၀၀၀ိ/-) (ကျပ်သိန်း တစ်ရာတိတိ/-) အား ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


                             

 



      Hit Counter :: 31466