detail

Asean Regional Mine Aaction (ARMAC) နှင့် မိုင်းအန္တရာယ်အသိပညာပေး မြှင့်တင်ရေး အစီအစဉ် ဆွေးနွေး

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေပြည်တော်

 လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထား သော National Mine Risk Education Working Group နှင့် Asean Regional Mine Aaction (ARMAC)မှ Executive Director Mr. Ly Panharithနှင့် အဖွဲ့တို့သည် မိုင်းအန္တရာယ် အသိပညာပေးမြှင့်တင်ရေး အစီအစဉ်ကိစ္စရပ်များကို ယနေ့နံနက်ပိုင်း မင်္ဂလာသီရိဟိုတယ်တွင်ကျင်းပပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံတွင်လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသော နယ်မြေဒေသများရှိပြည်သူများသည် မြေမြှုပ်မိုင်းနှင့်စစ်ကျန်ပေါက်ကွဲ စေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြုံတွေ့နေရကြောင်း၊ ထိုအန္တရာယ်ကြုံတွေ့ နေရသည့်  တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ နှစ်စဉ်သေကြေဒဏ်ရာရမှုများ ရှိနေကြောင်း၊ လူသားချင်းစာနာသည့် မိုင်းလုပ်ငန်းစဉ်ဖြစ်သော မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများကို ကူညီထောက်ပံ့ခြင်း၊ မိုင်းအန္တရာယ်အသိပညာ ပေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက် လျက်ရှိခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများဆောင်ရွက်ခြင်း၊ Mine Risk Education Mobile Application များကို ထုတ်လုပ် ဖြန့်ချီခြင်း၊ မိုင်းအန္တရာယ်ကင်းရေး ပညာပေး သင်ထောက်ကူပစ္စည်း (Common MRE Toolkit)များ သတ်မှတ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှေ့ဆက်ပြီး Asean Regional Mine Aaction (ARMAC)နှင့် ပူးပေါင်းကာ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားပါသည်။
   Asean Regional Mine Aaction (ARMAC)မှ Executive Director နှင့်အဖွဲ့မှ Aseanဒေသတွင်းရှိ မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ပေါင်းစပ်လုပ်ဆောင်နိုင်ရန် မိုင်းအန္တရာယ်ကြုံတွေ့နေရသည့်ဒေသများတွင် သေကြေဒဏ်ရာရရှိမှု၊ မသန်စွမ်းဖြစ်မှု လျော့ကျစေ ရန်၊ ထိုဒေသရှိ ပြည်သူများ၏ လူမှု/စီးပွားဘဝ ဆိုးကျိုးများ လျော့ကျစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များ ရှင်းလင်းဆွေးနွေးပါသည်။
   Asean Regional Mine Aaction (ARMAC)ကို ၂၀၁၂ခုနှစ် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အရ တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘောဒီးယား နိုင်ငံ၌ Asean Regional Mine Aaction (ARMAC)၏ ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ရာ မြန်မာနိုင်ငံမှ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းကော်မတီဝင်(၂)ဦးအဖြစ် ပုံမှန်အစည်းအဝေးများ တက်ရောက်လျက်ရှိကြောင်း သိရှိရ သည်။

 



      Hit Counter :: 31466